မောင်လူပေ - မြန်မာ့မြေရှား ကမ္ဘာကို လွှမ်းသော်လည်း
မောင်လူပေ - မြန်မာ့မြေရှား ကမ္ဘာကို လွှမ်းသော်လည်း
မိုးမခ ၊ ဇွန် ၂၆ ၊ ၂၀၂၅
ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေးလောကကို တရုတ်ရဲ့ လွှမ်းမိုးထားမှုမှာ စစ်ဒဏ်ခံနေရတဲ့မြန်မာပြည်က ဘယ်လို အရေးကြီးတဲ့အခန်းက ပါဝင်နေတာလဲ ဆိုပြီး အမေရိကားက CNBC သတင်းမှာ ရေးပါတယ်။
တိုးတက်နေတဲ့ ယနေ့ စက်မှုကမ္ဘာဟာ မြေရှားသတ္ထုရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး တရုတ်ရဲ့ထုတ်လုပ်မှုပေါ်မှာ မှီခိုနေရတယ်လို့ အစချီထားတယ်။
ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင် ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြန်မာပြည်ကို တရုတ်က ပြန်မှီခိုနေရတာ ဖြစ်တယ်လို့ ဆောင်းပါးရှင်ကရေးပါတယ်။ မနှစ်က တရုတ်ရဲ့ မြေရှားထုတ်လုပ်ရေး စုစုပေါင်းရဲ့ (၅၇%) ဟာ မြန်မာပြည်က ဖြစ်တယ်လို့ ဆိုတယ်။
မြန်မာပြည်ရဲ့ မြေရှားထုတ်လုပ်မှုဟာ ၂၀၁၈ ခုနှစ်ကစပြီး သိသာစွာ တိုးတက်လာတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မက်ထရစ်တန်ချိန်ပေါင်း ၄၂၀၀၀ အထိ ထုတ်လုပ်ခဲ့ပါသတဲ့။ ထုတ်လုပ်မှုအားလုံး တရုတ်ပြည်ကို ဝင်ရောက်သွားပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မြန်မာမြေရှားဟာ မြေရှားသတ္ထုပါဝင်မှု မြင့်မားတဲ့အတွက် တရုတ်အတွက် အလွန်အကျိုးရှိတယ်။ မြန်မာက ထွက်တဲ့ မြေရှားကြောင့် ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ တရုတ်က တစ်ဦးတည်း မောင်ပိုင်စီးထားနိုင်တာ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။
Dysprosium နဲ့ Terbium ဆိုတဲ့ မြေရှားသတ္တုနှစ်မျိုးဟာ စစ်ရေးမှာသုံးတဲ့ အဆင့်မြင့်နည်းပညာ ချစ် Chip ပြားတွေ ထုတ်လုပ်ရေးအတွက် အလွန်အရေးပါတယ်။ အမေရိကားဟာ တရုတ်ရဲ့မြေရှားထုတ်လုပ်မှုကို မှီခိုနေရတာ ဖြစ်တယ်။
မြေရှားသတ္ထုပါဝင်မှု မြင့်မားတဲ့မြေကို ပိုင်ဆိုင်ထားတဲ့နိုင်ငံဟာ မြန်မာပြည် ဖြစ်တယ်။ ဒီမြေတွေကို Ionic Adsorption Clay (IAC) သတ္ထုပါဝင်သောရွှံ့မြေ ဟုခေါ်ပြီး ဓာတုဗေဒဆေးရည်တွေနဲ့ရော၊ အညစ်အကြေးတွေ ဆေးကြောပြီးမှ သန့်စင်ပြီး မြေရှားသတ္တုကို ရတာ ဖြစ်တယ်။ ဒါကြောင့်လည်း မြေရှားထုတ်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်း ထိခိုက်ပျက်စီးစေတယ်လို့ ဆိုပါတယ်။
၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းလောက်အထိ မြေရှားသတ္ထုကို တရုတ်ပြည်တောင်ပိုင်းမှာ ထုတ်လုပ်ခဲ့တယ်၊ တရုတ်ပြည်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအသစ်တွေကြောင့် ဒီထုတ်လုပ်မှုတွေ ကျဆင်းသွားပြီး အချို့ဟာ ရပ်ဆိုင်းသွားခဲ့ရတယ်။ ဒါကြောင့်လည်း မြေအခြေအနေ တူညီတဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က မြေရှားသတ္တုထုတ်လုပ်မှုကို တရုတ်တွေက လုပ်ဆောင်လာတာဖြစ်တယ်။ မြန်မာပြည်ထဲက မြေရှားထုတ်လုပ်ရေးပရောဂျက်တွေမှာ တရုတ်ရဲ့ စီးပွားရေးအရ ပါဝင်ပတ်သက်မှုတွေဟာ မနည်းလှပါ။
သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်းထိခိုက်စေတဲ့ မြေရှားထုတ်လုပ်မှုကို တရုတ်ပြည်တွင်းမှာ မထုတ်တော့ဘဲ အခြားနိုင်ငံမှာထုတ်လုပ်ဖို့ outsourcing အစီအစဉ်ရဲ့ ဒဏ်ကို မြန်မာပြည်က ခံစားရတယ်ဆိုပေမဲ့ မြန်မာပြည်မှာ မြေရှားထုတ်လုပ်မှုဟာ တရုတ်အတွက်လည်း စွန့်စားမှုများလှပါသတဲ့။ အခုဆိုရင် ကမ္ဘာ့မြေရှားထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်ထွက်ရှိရာဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပါပြီ။
KIA တပ်ဖွဲ့ဟာ တရုတ်ဖိအားကို တုံ့ပြန်ဖို့အတွက် မြေရှားထုတ်လုပ်မှုကို ပြန်ပြီးအသုံးချပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၅ လအတွင်းမှာ မြေရှားထုတ်လုပ်မှုဟာ အရင်နှစ်နဲ့ယှဉ်ရင် သုံးပုံတစ်ပုံကျဆင်းသွားတယ်။ မြန်မာ့မြေရှားထုတ်လုပ်မှုတွေ တရုတ်ကို တင်ပို့မှုကိုသာ ဖယ်ရှားလိုက်ရင် ကမ္ဘာ့မြေရှားလိုအပ်မှုကို အချိန်တိုအတွင်း ဖြည့်ဆည်းဖို့ တရုတ်အတွက် အခက်တွေ့စေမှာ ဖြစ်တယ်။
တရုတ်ကလည်း မြေရှားထုတ်လုပ်မှုအတွက် မလေးရှား၊ လာအို စတဲ့ နေရာသစ် နိုင်ငံသစ်တွေ ရှာနေပါတယ်။ အဲဒီနိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေက တင်းကျပ်ထားတာမို့ အဲဒီမှာ မြေရှားထုတ်လုပ်ဖို့ တရုတ်အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်။
တရုတ်ရဲ့ သူ့နိုင်ငံအတွင်း မြေရှားထုတ်လုပ်မှု လျှော့ချမှုကို ကြည့်ရင် တခြားနိုင်ငံတွေအတွက်လည်း သင်ခန်းစာယူစရာတွေ တွေ့နိုင်တယ်။ တရုတ်မီဒီယာအဖွဲ့ Caixin ရဲ့ ၂၀၂၂ ခုနှစ် လေ့လာတွေ့ရှိချက်အရ တရုတ်ပြည်တောင်ပိုင်းက မြေရှားထုတ်လုပ်မှု နေရာဟောင်းတွေဟာ အဆိပ်ရည်တွေ ညစ်ညမ်းမြေတွေအဖြစ် ကျန်ရှိခဲ့ပြီး ဒေသခံတွေရဲ့ တိရစ္ဆာန်မွေးမြူရေးကို အကြီးအကျယ်ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာလည်း မြေရှားသတ္တုမိုင်းတွင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်နေပြီဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြ။ ကမ္ဘာ့မြေရှားလိုအပ်မှုရဲ့ ထက်ဝက်ကျော်ကို မြန်မာပြည်က ထုတ်လုပ်နေတယ်ဆိုတာ နည်းနည်းနောနော မဟုတ်။ မြေရှားသတ္တုတွေက Made in China အမည်နဲ့ ကမ္ဘာကို ဖြန့်ချိတာမို့ ဘယ်သူကမှလည်း ဂရုစိုက်မယ် မထင်။
မြန်မာ့မြေရှားသတ္တု ကမ္ဘာကိုလွှမ်းပါ၏။ သို့သော်။
(Ref - CNBC)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar