Breaking News

ဖလော်ဒါဟန် - အလှတရားနဲ့ ခံယူချက်


ဖလော်ဒါဟန် - အလှတရားနဲ့ ခံယူချက်

မိုးမခ ၊ ဇွန် ၈ ၊ ၂၀၂၅


ဒီကနေ့က ကျွန်မရဲ့ ငယ်သူငယ်ချင်းဖြစ်သလို ရင်ဘတ်ချင်းတူသူလည်း ဖြစ်တဲ့သူနဲ့ ဆေးပြဖို့ မြို့တက်ရတယ်။

ထုံးစံအတိုင်း ခေတ်နဲ့အညီ မီနီအိုးဝေနဲ့ပေါ့။

မီနီအိုးဝေ မောင်သူကလည်း ကောလင်းသား စနစ်ဆိုး ခေတ်ဆိုးမှာ အိုးအိမ်တွေ ပျက်စီးကြလို့ အဆင်ပြေတဲ့နေရာမှာ မိဘနှစ်ပါးပါ အပြီးခေါ်ပြီး တမြို့ တရွာမှာ နေနေကြရတဲ့သူ။

တချိန်ကတော့ ကောလင်းဘူတာရုံပိုင်လေးပေါ့။

အချိုးအကွေ့ အပြောင်းအလဲတွေကြားမှာ အသက် ၅၀ ကျော်တန်းတွေအတွက် စားဝတ်နေရေးဆိုတာ ဘဝတက္ကသိုလ်အသစ်မှာ သင်ခန်းစာအသစ်ကိုယ်စီနဲ့ပေါ့။

အတွေးကိုယ်စီနဲ့ မြို့ကြီးအရိပ်အာဝါသကိုငေးမောကြရင်း ငလျင်ဒဏ်ခံ တိုက်ပြိုတိုက်ပျက်များကလည်း တဖြည်းဖြည်း ဝေးဝေးကျန်ခဲ့တယ်။

မြို့ရဲ့အနေအထား ငလျင်ခံ တိုက်ပြိုအိမ်ပျက်များကို ကျွန်မ မြင်နေရသလို မြို့ရဲ့ လူစည်ကားရာမင်္ဂလာဈေးတဝိုက်မှာ ဈေးလည်းမရှိ။ ကွင်းပြင်နတ္ထိ။ တရားမဝင်လို့ သိမ်းဆည်းခံ တိုက်ခန်းတွေကလည်း မြို့ရဲ့ ခြောက်သွေ့နယ်မြေတွေအဖြစ် အာဏာပိုင်အဝန်းအဝိုင်းတွအဖြစ် ပိတ်ပိတ်မှောင်နေလေရဲ့။

ယခင်က လမ်း ၃၀ အရှေ့ အနောက် လမ်းမကြီးမှာ စည်ကားတာဆိုလို့ ဆေးရုံကြီးနဲ့အနီးမှာရှိတဲ့ဗဟိုအမျိုးသမီးဆေးရုံကြီးပဲ ဖြစ်လေမလား။

အရာအားလုံးဟာ ဆက်စပ်မှုတွေ မရှိတော့သလို မန္တလေးရဲ့ ပုံရိပ်ကလည်း လင်းလိုက် မှိန်လိုက်နဲ့တခေတ်တခါ ဆန်းလို့နေလေရဲ့။

ယခင်က မင်္ဂလာဈေး ဆိုတာ သူဌေးဈေးလို့တောင် ခေါ်စမှတ်ပြုတဲ့ဈေးပါ။

‌ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်၊ ညနေပိုင်းအချိန်မှာ လတ်ဆတ်တဲ့ အသီးအနှံ စားဖွယ်စုံရတဲ့ ဈေးလို့ဆိုရင်လည်း မမှားပါဘူး။

အခုတော့ နွေလယ်ကောင် ကွင်းပြင်ထီးထီကြီးမှာ အဖော်‌မဲ့နေလေရဲ့။

ခြောက်သွေ့လွန်းလှတဲ့ အလှတရားတွေမှာ မြို့ပေါ်ကိုတက် ကြုံကျပန်း အလုပ်သမားတွေကတော့မိမိတို့လုပ်ငန်းခွင်ရှိရာကို သွားလာနေကြတာ ကားလမ်းမှာ အပြည့်ပါပဲ။

ယနေ့အချိန်မှာ ဆေးရုံ၊ ကျောင်းတွေမှာတော့ ဆရာ၊ ‌ဆရာမက မရှိ။ ကျောင်းသားဦးရေနဲ့ လူနာဦးရေကသာ ဆတိုးတိုးနေတာက အထင်းသားပါ။

အာဏာရှင်စနစ် ကြီးစိုးချိန်ကစလို့ ယနေ့အချိန်အထိ ကျွန်မတို့ရဲ့ လူသားစွမ်းအားအရင်းအမြစ်တွေ ပျောက်ကွယ် ပျက်သုဉ်းခြင်းရဲ့ ခရီးစတင်ခဲ့တာ ယနေ့အချိန်အထိပါပဲ။

လူတွေပေါတယ်။ ပညာရှားတယ်။

အသိဉာဏ် တိမ်ကောခဲ့ကြရတယ်။

မိမိတို့ အဆင်ပြေနိုင်သည့် တိုင်းတပါးမှာ အလုပ်ထွက်လုပ်နေကြသလို နိုင်ငံရပ်ခြား ပညာသင်ကျောင်းသား ဦးရေ များလာတယ်။

၅ နှစ်တာ ပညာရေးမှာ လက်မှတ်တခုအတွက်  စကစ ပညာရေးကို မရမရှိ လူငယ်တွေ သိုမှီးကြသလို လက်မှတ်တခုနဲ့ပဲ ငွေ ဆိုသည့် အရေအတွက်နောက်ကို လိုက်သွားကြတယ်။

ကျွန်မရဲ့ အတွေးတွေ၊ အသိတွေက တရိပ်ရိပ်နဲ့ ကြေကွဲစရာ လူငယ်တွေရဲ့ဘဝတွေကို မြင်‌ယောင်နေမိတယ်။

နောင်တချိန် သူတို့တွေရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုတာ ခေတ်စနစ်အရ ပြောင်းလဲမှုတွေကို လိုက်မီဖို့ ဆိုတာ မလွယ်ကူတော့ပါဘူး။

ယနေ့အချိန်မှာ ဘယ်နေရာကို သွားသွား စာအုပ်နဲ့ ဘောလ်ပင် ကိုင်ပြီး အမည်နာမစာရင်းသွင်းနေကြတဲ့ ခေတ်မှာပဲ ရှိကြပါသေးတယ်။

အချို့ ပညာတတ် အသိုင်းအဝန်းကတော့ မိမိတို့ ပညာသင်ကြားနိုင်ဖို့အတွက် တက်ဘလက်၊ ကွန်ပျူတာ၊ ဖုန်းတို့ကို သုံးချင်သုံးပါလိမ့်မယ်။

အခြားသော အရေးကြီးသည့် အခန်းကဏ္ဍတွေမှာတော့ နာမည်ခေါ်  တုံကင်ယူရသည့် အနေအထားမှာပဲ ရှိကြပါသေးတယ်။

ဒါနဲ့ ထပ်တူ ဆေးရုံ။ ဆေးခန်းတွေရဲ့ စင်္ကြံ လမ်းလေးပေါ်မှာ လူတန်းစားမျိုးစုံ ငုတ်တုတ်ဘဝတွေ ရှိနေကြသေးတာ ဘယ်ခေတ် ဘယ်စနစ်ထိ ကျွန်မတို့ ပြည်သူတွေ ဆင်းရဲဒုက္ခခံနေကြအုံးမှာလဲ။

အာဏာရှင် လူတစုနဲ့ သူတို့ရဲ့ ကျွန်မျိုးဆက်များကတော့ မြန်မာပြည်ကြီးရဲ့ အဆီအနှစ်အောက်မှာ ကျွန်ခံလို့ ပြီးကြပါအုံးမလား ဆိုတာ မေးစရာဖြစ်သလို အခုလိုအခြေအနေမှာ ပြည်သူမှာ‌တော့ ကျန်းမာရေးလည်း ယက်ကန်ယက်ကန်၊ ပညာလေးလည်း ယက်ကန်ယက်ကန်နဲ့ စီးပွားရေးကြည့်ပြန်‌‌တော့ လုပ်ငန်းရှင်များသာ ကြီးပွားတဲ့ခေတ်။

ကျွန်မတို့ ပြည်သူတွေအတွက် အရသာဆိုလို့ အချိုမရှိ ခါးပြီးရင်း ခါးနေရတဲ့ ဘဝမှာ ပညာတတ်တွေ ဆိုက်တွဲမောင်း၊ ကားမောင်း၊ ဝါးဓနိရောင်းနဲ့ မြန်မာပြည်ကြီးက ပြောင်းလဲသွားတာ ဆိုတာကျွန်မအတွက်တော့ စိတ်မကောင်စရာ မြင်ကွင်းတွေပါ။

ဒီမြင်ကွင်းတွေကပဲ ကျွန်မတို့ကို ခွန်အားသတ္တိတွေ ရခဲ့ကြတာပါ။

မိမိတို့ဘဝကို မိမိတို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားဖို့ဆို တပါးသူရဲ့ အလှတရား ခံယူချက်ကို အငှားယူလို့ မရပါဘူး။

မိမိမှာ ရှိနေတဲ့ ကိုယ်ပိုင်အလှတရား‌နဲ့ ခံယူချက်ကသာ မြတ်နိုးတန်ဖိုးထားရာ ဂုဏ်ပုဒ်များ ဖြစ်တယ် ဆိုတာ မျှဝေရင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar