Breaking News

ငြိမ်းသွေး - ဒုတိယနိုင်ငံသို့ပေးစာ

ဒုတိယနိုင်ငံသို့ပေးစာ

ငြိမ်းသွေး

 (မိုးမခ) ဇွန် ၁၂ ၊ ၂၀၂၅

ငါတို့လည်းလူပဲ

ငါတို့နိုင်ငံတော်နဲ့ငါတို့

ငါတို့အိပ်မက်နဲ့ငါတို့

ငါတို့အနာဂတ်နဲ့ငါတို့...။


ကဗျာဆရာတစ်ယောက်

စာရေးဆရာတစ်ယောက်

ကျောင်းဆရာတစ်ယောက်

စစ်ကျွန်မခံလိုလို့ သူ့ကျွန်ဘဝကို ရွေးခဲ့သူတစ်ယောက်

အထူးသဖြင့် နိုင်ငံ့သားကောင်းသမီးကောင်းတစ်ယောက်

အသားမာအောက် အသားမာပေါက်ပြီး

အသားမာအောက် အရည်ကြည်ဖု ထပ်ပေါက်တဲ့အထိ

ရရာအလုပ် ဝင်လုပ်နေတယ်ဆိုတာ

ငါတို့ဆင်းရဲလွန်းလို့ မဟုတ်ဘူး

ငါတို့ချမ်းသာချင်လို့မဟုတ်ဘူး

ငါတို့အလုပ်မရှိလို့မဟုတ်ဘူး

ငါတို့နိုင်ငံတော်နဲ့ ငါတို့

ငါတို့အိပ်မက်နဲ့ ငါတို့

ငါတို့အနာဂတ်နဲ့ငါတို့.....။


မင်းတို့ဘာမင်းတို့ ဘယ်လောက်တိုးတက်တိုးတက်

စကြဝဠာထိပဲ တိုးထွက် ထိုးထက်နေပါစေ

နိမ့်မှန်းသိသိနဲ့ ထပ်နှိမ်ခြင်းအတွက်နဲ့တော့

ငါတို့ကိုယ်ဟာ ဘယ်တော့မှ ညွတ်လာမှာ မဟုတ်

နယ်စပ်ဖြတ်ကျော်(ခိုးဝင်)တစ်ယောက်အတွက်တော့

တလစာ တန်ရာတန်ကြေးဆိုတာ

ကျောတခင်း ထမင်းတနပ်စာနဲ့ရာတန်ဆယ့်လေးငါးရွက်လား...။


လူမျိုးမတူတာရှိမယ်

ဘာသာစကား မတူတာရှိမယ်

ရိုးရာမတူတာရှိမယ်

ကိုးကွယ်ရာမတူတာရှိမယ်

ဒါပေမဲ့...

ငါတို့လည်း လူပဲ

ငါတို့မှာလည်း

ငါတို့အိပ်မက်နဲ့ငါတို့

ငါတို့အနာဂတ်နဲ့ငါတို့

ငါတို့နိုင်ငံတော်နဲ့ငါတို့....။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar