မောင်တူး - ဆလိုင်းတင်မောင်ဦး မွေးနေ့
မောင်တူး - ဆလိုင်းတင်မောင်ဦး မွေးနေ့
မိုးမခ ၊ ဇွန် ၁၂ ၊ ၂၀၂၅
ကျောင်းသားခေါင်းဆောင်၊ ခွပ်ဒေါင်းမောင်သည်
ရဲသွေးနီလျှက်၊ အောက်ချင်းငှက်ဖြစ်
အသက်စွန့်ကာ၊ စစ်အာဏာအောက်
ဒူးမထောက်ဘူး၊ တင်မောင်ဦးအား
မွေးဖွားခဲ့တာ၊ ၁၉၅၁ ဇွန် ၁၁
သမိုင်းလှစ်ပြလိုက်ပါသည်။ ။
ဆလိုင်းတင်မောင်ဦးကို ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှာ အရှိုချင်းတိုင်းရင်းသားတွေဖြစ်ကြတဲ့ အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့တွင်မွေးဖွားတဲ့ သားသမီးတွေအနက် အကြီးဆုံးသားဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ငယ်စဉ်ကတည်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့မှာ အဒေါ်နဲ့အတူ နေထိုင်ကြီးပြင်လာခဲ့သူပါ။ ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်မှာ အခြေခံပညာအထက်တန်းကျောင်း အောင်မြင်ခဲ့တယ်။ အားကစား ထူးချွန်ပြီး ကရာတေးသမား ဖြစ်ယုံသာမက အနုပညာမှာလည်း တယောကို ကောင်းစွာတီးတတ်သူပါ။ ရန်ကုန်တက္ကသိုလ်တက်နေတုန်း ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ခေါင်းဆောင်ခဲ့မှုနဲ့ မဆလ ဦးနေဝင်းက သူ့ကို သေဒဏ်ပေးခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ မှာ ချုပ်နှောင်ထားခဲ့တာပါ။ စစ်ခုံရုံး ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမည် ညှိခဲ့ပေမယ့် "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာ ပြန်ပြောခဲ့သူလေ။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ လမ်းစဉ်ပါတီ အစိုးရက ကြိုးပေး သတ်ဖြတ်တယ်။ သူဟာ အခု ဇွန် ၁၁ မှာ သက်ရှိထင်ရှား ရှိနေမယ်ဆို ၇၄ နှစ်ပြည့်ပြီ။ သူ့မွေးနေ့မှာ သူကို ဂုဏ်ပြုကြစို့။
ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း (လင်းခါး)
( ၁ )
သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က
ငုယင်ဗန်ထရွိင်းကို သတိရ
ကင်းဂျူနီယာကို သတိရ
ချေ ဂွေဗားရား စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။
စကြာဝဠာတစ်ဖက်စွန်း ခရီးထွက်နေတဲ့
ဟေလီကြယ်တံခွန်ကြီးကို မေ့သလို
အန္တာတိကတိုက်ကြီးကို မေ့သလို
ငါတို့မေ့နေကြ။
အနောက်ဖက်က နေဝင်ဆည်းဆာကိုငေးချင်တာနဲ့
အရှေ့ဘက်က လင်းအရုဏ်ကို
ငါတို့က မေ့ထားကြတယ်
မိုက်မဲလိုက်လေခြင်း . . .
ဆလိုင်းတင်မောင်ဦး အမည်နာမ
ကြီးမြတ် ဂုဏ်ပြောင် ရဲရင့်မှုရဲ့ တံဆိပ်
အဆုံးမဲ့ အနစ်နာခံမှုရဲ့ သင်္ကေတ
သံမဏိလို ခိုင်မာမြဲမြံမှုတရားက
စစ်အာဏာရှင်ယန္တရားကို ထစ်အသွားအောင်
ကလန့်ခံခဲ့တယ်ဆို
အဲဒါ ဆလိုင်းတင်မောင်ဦးပဲ
သတိရနေရမယ်
အောက်မေ့နေရမယ်
သူ့ခေတ်မှာတော့
သူ့လောက်လှတဲ့ ကြယ်
ငါတို့ကောင်းကင်မှာ မရှိဘူး။
(၂)
ဇွန် ၆
မွတ်သိပ်ငတ်ပြတ် အလုပ်သမား
ဆန်တောင်းရာ ကျည်ဆန်ရခဲ့သူများ
ဦးသန့်အရေး ကျောင်းသားများ
ဇွန် ၆ နှစ်ပတ်လည်
မှိုင်းရာပြည့်
အရေးတော်ပုံရေပြင်ပေါ်က
ကြံ့ကြံ့ခံ ဗေဒါ။
ဗြိတိသျှ ကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။
တရားမဝင် အာဏာသိမ်းအစိုးရရဲ့
တရားမှုမဲ့ စက်ဆုပ်ဖွယ် မတရားရုံးများက
နိုင်ငံတော်ပုန်ကန်သစ္စာဖောက်မှု ပါတဲ့
ဆလိုင်းတင်မောင်ဦး
မထီပြုံးနဲ့ နေမှာ မြင်ယောင်တယ်။
ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသား လူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပတဲ့ နေအလင်းရောင်ပါပဲ။
( ၃)
ကျောင်းသားသမိုင်း ဘယ့်တော့မှ မရိုင်းတဲ့အတိုင်း
သူ့ခေတ် သမိုင်းပေါ် ခုန်တက်
အာဏာရှင်ကို ပုံပျက်စေတာပါပဲ။
ကိုအောင်ဆန်း ကိုဗဟိန်း ကိုအောင်ကျော်တို့နဲ့မခြား
ကိုတင်မောင်ဦး ဆိုတာ
သေနတ်ပါသူတွေကို
လက်ဗလာနဲ့ ရင်ဆိုင်ဖူးသလို
လက်နက်အားကိုးသမားကို
လက်နက်အစားထိုးတိုက်ဖို့လည်း
ပြင်ဆင်ခဲ့ဖူးတယ်။
သူဟာ ရှေးရှေ့က အာဇာနည်တွေနဲ့မခြား
ကျောက်ဆောင်လို ခိုင်မာ
မြေသားလို နှိမ့်ကျိုး
လိုအပ်တဲ့အခါ
မိုးကြိုးလိုလည်း ထစ်ချုန်းခဲ့တယ်။
သူဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်ခဲစေတဲ့
မာန်ပြင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။
ငါ့ရဲ့ ကိုယ်ခန္ဓာကိုသာ သတ်နိုင်မယ်
ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ
မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ
တဲ့။
ကြိုးစင်ပေါ်က ထီမထင်ခမ်းနားတဲ့ ကဗျာ
ကြိုးစင်ထက်မှာ ကျူးရင့်တဲ့ဥဒါန်း
နှလုံးတသိမ့်သိမ့်တုန်စေပါရဲ့
သွေးတလှပ်လှပ်ခုန်စေပါရဲ့
အာဏာရှင်တွေကို
ကြောက်ဒူးဆတ်ဆတ်တုန်စေပါရဲ့။
(၄)
တိုင်းပြည်တစ်ခုလုံးကို
ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး
ဆလိုင်းတင်မောင်ဦးကိုတော့
တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။
ခေတ်ဆိုး ခေတ်ယုတ် အဆက်ဆက်
ဒီပြည်ရဲ့ ဒီမြေပေါ်မှာ
ဒီမိုကရေစီအတွက် ဒီသွေးတွေ စွန်းကွက်ခဲ့
ကျောင်းသားအသက်တွေ အလုပ်သမားအသက်တွေ ရဟန်းရှင်တွေရဲ့ အသက်တွေ
ကလေးငယ်တွေရဲ့ ဖြူစင်နုနယ်လွန်းလှတဲ့ အသက်တွေ
ကိုဘုန်းမော် ကိုစိုးနိုင် မဝင်းမော်ဦး
အခြား အခြားသော အညတရသူရဲကောင်းတွေ
လူအုပ်ထဲ ပြေးဝင်လာတဲ့
မရဏကျည်ဆံတွေအောက်
အသက်တွေ စွန့်ခဲ့ကြရပေမယ့်
သတ်သူတွေကတော့ လွတ်ငြိမ်းနေဆဲ
မရှက်သူတွေကတော့ ရပ်တည်နေဆဲပါလား။
ငါတို့ရဲ့ မိုက်မဲတဲ့ မေ့တတ်မှုတွေကြောင့်
ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေကို မေ့ထားမိခဲ့ကြတာတွေကြောင့်
ဆလိုင်းတင်မောင်ဦးမိသားစု မျက်ရည်တွေ
ဆလိုင်းတင်မောင်ဦးရဲ့ မိခင်ရဲ့ မျက်ရည်တွေ
ဘာဖြစ်လို့ ငါတို့ဟာ မေ့နိုင်အားကြသလဲ။
(၅)
အာဏာရှင် အမှောင်တိုက်က
ငါတို့ကို ဝေဝါးအောင်လုပ်ခဲ့တာပဲ
သူ့ရဲ့ဂုဏ် ညှိုးနွမ်းဖို့
အာဏာရှင်အစဉ်ဆက်ရဲ့ ပြုမူမှုဟာ
မအောင်မြင်နိုင်
ကြယ်နီဟာ ကြယ်နီ
တံခွန်ဟာ တံခွန်
သမိုင်းဟာ
စစ်ဖိနပ်ကို စစ်ဖိနပ်
လူစွမ်းကောင်းကို လူစွမ်းကောင်း
ကိုက်ညီစွာ နေရာပေးရတာပဲ
ဆလိုင်းတင်မောင်ဦး ပါတဲ့
တစ်ချိန် ပုံသွင်းရုပ်ထု
သူ့ ကျောက်ရုပ်ရှေ့ ငါတို့ဦးညွတ်ရလိမ့်မယ်။
ဒီလို ယုံကြည်တယ်။
နောက်ဆုံးထွက်သက်အထိ
တော်လှန်တဲ့ ဆလိုင်းတင်မောင်ဦး
သူ့ မိခင် မျက်ရည်ကျရသလို
သားကောင်းမိခင်တွေ မျက်ရည်ကျမှာ စိုးတဲ့
ဆလိုင်းတင်မောင်ဦး
မှိုင်းရာပြည့်မှာ ဦးဆောင်ရှေ့ရွက်
သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦး။
(၆)
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ဗည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့ နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦး ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။
ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှမသေ။ ။
– လင်းခါး –
၂၀၂၅ ဇွန်လ ၁၁ ရက်မှာ ဆလိုင်းတင်မောင်ဦး ရှိနေသေးမယ်ဆိုရင် ၇၄ နှစ်မြောက် မွေးနေ့ပေါ့။ ပြီးခဲ့တဲ့ ၉ ရက်နေ့က ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့၊ လာမည့် ၁၉ ရက်က ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လေ။ ပြည်သူ့ဖက်တော်သားတွေရဲ့ မွေးနေ့တွေက စီတန်းနေတယ်။ ကျနော်က ဆလိုင်းတင်မောင်ဦး ကဗျာတွေကို ရှာတော့ လင်းခါးရဲ့ ကဗျာကိုတွေ့တယ်။ ၇၄ ၇၅ ကျောင်းသားဟောင်း ဆရာဇော်ငြိမ်းလတ်ကို ဆလိုင်း မွေးနေ့ ၇၄ နှစ်ပြည့်ပြီလို့ လှမ်းပြောတော့ ဆရာငြိမ်းက လက်တန်းဘဲ ကဗျာတပုဒ် တပိုင်းခြင်း တပိုဒ်ခြင်း ရေးပို့လာတယ်။ ကျေးဇူးပါ ဆရာငြိမ်းရေ , , ,။
ဆလိုင်းတင်မောင်ဦး_သို့_မုန်တိုင်းနဲ့ မီးလျှံကြား ပျံသန်းသွားတဲ့ ဖိုဝင်ငှက်
ဆလိုင်းတင်မောင်ဦး
ဦးမညွှတ် ဒူးမထောက်
အဓမ္မကို ဆန့်ကျင်တဲ့
ကျောင်းသားထုရဲ့ သမိုင်းတလျှောက်မှာ
ဗိုလ်အောင်ကျော် ပြီးရင်
သူဟာ ရဲရဲနီစွေး
အာဏာရှင် ဆန့်ကျင်ရေးကို
သွေးနဲ့ရေးခဲ့သူ။
ဆလိုင်းတင်မောင်ဦး၊
အာဏာရှင်ဆန့်ကျင်ရေး၊
တိုင်းရင်းသား တန်းတူညီမျှရေး၊
တပါတီ စနစ်ဆိုးဖြိုချရေး
ကျောင်းသားထုရဲ့ တိုက်ပွဲတပ်ဦးမှာ
မားမားမတ်မတ် ရပ်ခဲ့သူ။
အာဏာရှင်တို့ရဲ့ တရားခွင်က၊
သူ့ကို သေမိန့်ချတဲ့အခါ
သူ ပြုံးလိုက်တဲ့ အပြုံးက
စစ်ခုံရုံးကို ထီမထင်
စစ်ဗိုလ်တွေကို တုန်ယင်သွားစေခဲ့
အာဏာရှင်တွေကို မှင်တက်သွားစေခဲ့
သူချစ်တဲ့ သူ့ပြည်သူတွေကတော့ မချိတင်ကဲပေါ့။
သူ့ညီမလေးကိုမှာတယ်
သူ့အတွက် မျက်ရည်မကျဖို့
ရန်သူကို ဘယ်တော့မှ အညံ့မခံဖို့
သူ့မိဘတွေကို စောင့်ရှောက်ဖို့
သူ့အတွက် ဂုဏ်ယူနေဖို့။
နံနက်လင်းအားကြီးမှာ
ရန်သူ့အာဏာပါးကွက်သားတွေက
သူ့ကြိုးတိုက်တံခါးကို ဖွင့်ကြတော့
သူက အားလုံးကို နှုတ်ဆက်တယ်
သူ့မှာ ကျန်နေတဲ့ ထန်းလျက်ခဲလေးတွေကို
ကျောင်းသားအကျဥ်းသားတွေကို မျှပေးဖို့ မှာတယ်
အာဏာရှင်တွေကို အသက်ထက်ဆုံး တိုက်ပွဲဝင်ဖို့ မှာတယ်
သူ့လက်ကို ချုပ်ထားကြတဲ့
အာဏာပါးကွက်သားတွေရဲ့ လက်တွေက တဆတ်ဆတ်တုန်လို့။
မိုးမသောက်မီ အမှောင်ဆုံးအမှောင်မှာ
ကျီးတအုပ် သောသောရုတ်ရုတ် ပြိုတယ်
တချိန်ထဲမှာဘဲ
အရှေ့ဘက်ကောင်းကင်မှာ ကြယ်တပွင့် ပေါ်လာတယ်။
အဲဒါ ကျောင်းသားထုရဲ့ရင်ထဲမှာ
အမြဲလင်းလက်နေမဲ့
ဆလိုင်းတင်မောင်ဦး ဆိုတဲ့ ချင်းသူရဲကောင်းပါဘဲ။
ကျွန်တော့်တို့ရဲ့ မဟာသူရဲကောင်း
အကိုကြီးဆလိုင်းတင်မောင်ဦးအား
မွေးနေ့မှာ ဦးညွှတ်ဂါရဝပြုလျက်။ ။
(ဇော်ငြိမ်းလတ်)
ဆလိုင်းကိုတင်မောင်ဦးနှင့် မေဂျာတူ ဂျူနီယာတက္ကသိုလ်ကျောင်းသားဟောင်း။
၇၄ ဦးသန့် 11-06-2025 ကျရောက်သည့် ဆလိုင်းတင်မောင်ဦး ၇၄ နှစ်မြောက် မွေးနေ့ အမှတ်တရ
မှတ်တမ်းတခုမှာတော့ ၁၉၇၂ ခုနှစ်ကစလို့ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားရင်း ၁၉၇၄ ဦးသန့် အရေးအခင်း၊ ရွှေတိဂုံ ကျောင်းသား အရေးအခင်းတို့မှာ ပါဝင်ခဲ့တဲ့ ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ အသက် ၂၅ နှစ်အရွယ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အစိုးရရဲ့ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ကြိုးပေးကွပ်မျက်တာ ခံခဲ့ရတယ်လို့ ရေးထားတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ဆလိုင်းတင်မောင်ဦး ကျဆုံးမှုအထိမ်းအမှတ် လှုပ်ရှားမှုတွေကရှိနေပါတယ်။ ဒီနေ့ ဇူလိုင် ၁၁ ရက်ကတော့ ဆလိုင်းတင်မောင်ဦး ၇၄ နှစ်ပြည့် မွေးနေ့ပါ။
ဦးသန့် အရေးအခင်းကို ဦးဆောင်သူ
မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဦးသန့်ကွယ်လွန်တော့ မြန်မာပြည်ပြန်ပို့ပြီး ဂူသွင်းထားဖို့ပါ။ ဦးနေဝင်းက အာကာတထားပြီး မထင်မရှား မထားသင့်တဲ့ နေရာမှာ ဂူကိုထားဖို့ကြံစည်ခဲ့တယ်။ ၁၉၇၄ ဒီဇင်ဘာ ၅ ရက်က မဆလ လမ်းစဉ်လူငယ်တွေ ကျိုက္ကဆံကွင်းကနေ ဂူသွင်းမယ်နေရာကို အခေါင်းကြီး သယ်လာချိန်ပေါ့။ ဆလိုင်းတင်မောင်ဦးက အခေါင်းဝင်လုပြီး ကျောင်းသား ပြည်သူ အုပ်စုတွေနဲ့ ရန်တက္ကသိုလ်ထဲကို သယ်သွားတယ်။ ဘွဲနှင်းသဘင်ရှေ့မှာ ထားလိုက်တယ်။ အဲ့သည် ဦးသန့်အရေးအခင်းမှာ နောက် ၁၉၇၅ ၇၆ စတာတွေမှာ ဦးဆောင်ခဲ့လို့ ဦးနေဝင်းက ဒီချင်းကျောင်းသားကို သတ်ရမှ ကျေနပ်မယ်လို့ လူမိုက်စကား ပြောရတဲ့အထိ ဖြစ်ခဲ့သူ။
တော်လှန်ရာမှာ၊ သိက္ခာအတွက်
အသက်ပေး၏၊ အညှိမခံ
သေဒဏ်မမှု၊ သူ စံပြုသည်
ရန်သူ့အသနား၊ မခံစားဘူး
ရှေ့ဦးခွပ်ဒေါင်း ခေါင်းဆောင်ကောင်း။ ။
သူ့ကို သေဒဏ် အမိန့်ချပြီးတဲ့အခါ အသနားခံစာတင်ရင် သေဒဏ်က လွှတ်ပေးမယ်လို့ ထောက်လှမ်းရေက ညှိတယ်။ ဒါပေမဲ့ ငါ့ဘက်က ငါတို့ကျောင်းသားတွေဘက်က ဘာမှ မှားတာ လုပ်မထားဘူး။ စစ်တပ်ဆီ အသနားခံစရာ မလိုဘူးဆိုပြီး သူက အမှန်တရားဘက်က ရပ်တည်သွားခဲ့တာပါ။
သမိုင်းမသေသူ ဆလိုင်းတင်မောင်ဦး
၇၄ နှစ်မြောက် သူ့မွေးနေ့မှာ သူဟာ သမိုင်းမသေသူလို့ ဆိုရမယ်။ သမိုင်းရှင်သူပေါ့။ နွေဦးတော်လှန်ရေးမှာ သမိုင်းသေသွားသူ ကျောင်းသားခေါင်းဆောင်တွေ တယောက်ပြီး တဦး တွေနေရတယ်။ ဆလိုင်းတင်မောင်ဦးကတော့ ရှင်သန်ဆဲ။
သမိုင်း (ပခုက္ကူသင်းကြူ)
ဆလိုင်း !
ခင်ဗျားသမိုင်း ခင်ဗျားရေးတာပါ။
ဒါပေမဲ့ ခင်ဗျားသမိုင်း က
ကျုပ်တို့ သမိုင်းဖြစ်
ကျုပ်တို့ကို အာဏာရှင် မှိုင်းလွတ်အောင်
သမိုင်းသစ် ရေးတဲ့ အထဲ
ခင်ဗျားပါတယ်။
ပြီးတော့
ခင်ဗျား လာတယ်။
ခင်ဗျားမသေဘူး
ခင်ဗျားရှင်တယ်
ခင်ဗျားမြင်တယ်
အနှစ်လေးဆယ်
အတွေးကျယ်ကျယ်
ခင်ဗျား ရှင်နေတယ်
ခင်ဗျား သမိုင်း ရှင်နေတယ် ။ ။
#ပခုက္ကူသင်းကြူ
၂၆ ဇွန် ၂၀၁၆
(ပခုက္ကူ ရွှေမုဋ္ဌော ကမ်းနဖူး က "ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် တောင်းဆုပြု ကဗျာရွတ်ပွဲ" မှာ ညီနောင် ကဗျာ ဆရာတွေ ရွတ်ကြလေ မှ ရုတ်တရက် ခံစားထိမိပြီး ထ ရွတ်ဖြစ်တဲ့ ကဗျာလေးပါ )
ခေတ်တွေ စနစ်တွေ ပြောင်းလဲတိုးတက် လာဖို့ စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ ကြရတဲ့ အညတရ သူရဲကောင်းများစွာ ထဲက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အတွက် အမှတ်တရ ဂုဏ်ပြု့ ဆုတောင်းပွဲ နဲ့ ကဗျာရွတ်ဆိုပွဲ မှာပါ ။ သူဟာ စစ်အာဏာရှင် ဦးနေဝင်း အစိုးရ မှ ကြိုးမိန့်ပေး ကွပ်မျက်ခြင်း ခံခဲ့ရတဲ့ အသက် (၂၅)နှစ်အရွယ် ကျောင်းသား ခေါင်းဆောင် တစ်ယောက်ပါ။ ၂၆ ဇွန် ၂၀၂၀ ပခုက္ကူမြို့ . . . လို့ ကဗျာဆရာ ပခုက္ကူသင်းကြူ က မှတ်တမ်း ရေးသားထားခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦး မွေးနေ့မှသည်
အောင်ဆန်းမွေးနေ့ အမေစုမွေးနေ့ မှိုင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းမွေးနေ့ ဒေါက်တာစင်သီရာမောင်မွေးနေ့ စသည်ဖြင့် အမှတ်ထင်ထင် မြင်ကြသည်။ အလားတူ ဆလိုင်းတင်မောင်ဦး မွေးနေ့ကလည်း ဂျွန် ၁၁ ပါ။ ဦးနေဝင်း မွေးနေ့ဟာ (၁၀ ဇူလိုင် ၁၉၁၀ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁) လို့ မရှင်းမလင်း တွေရတယ်။ ဘယ်သူမှ သတိမထားကြ။ အလေးမထားကြ။ ဗုဒ္ဓ ဖွားတော်မူနေ့က ကမ္ဘာတလွှား ဗုဒ္ဓဘာသာများ ကျင်းပကြတယ်။ ဒေဝဒတ်မွေးနေ့ကို သိသူမရှိ။ ဆလိုင်းမွေးနေ့လို့ လွယ်လွယ်ရေးချင်ပေမယ့် တခြား သစ္စာဖောက် ဆလိုင်းတချို့လည်း ရှိနေလို့ ဆလိုင်းတင်မောင်ဦးလို့သာ အချိန်ယူ ရေးနေတာပါ။ ဆလိုင်းတင်မောင်ဦးက သူ့ကို ကြိုးပေးဖို့ခေါ်သွားချိန်မှာ စစ်အာဏာရှင်တွေကို အခုလို ပြောခဲ့တယ်။
“မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ
သတ်လို့ရမယ်၊
ငါ့ရဲ့ယုံကြည်ချက်နဲ့
ရပ်တည်ချက်ကိုတော့
ဘယ်တော့မှ သတ်လို့မရဘူး။
မင်းတို့ စစ်ဖိနပ်အောက်
ငါ ဘယ်တော့မှ ဒူးမထောက်ဘူး။” (၂၆ ဇွန် ၁၉၇၆)
နောက်ပြီး သူက အင်းစိန်ထောင်တွင် အကျဉ်းကျနေတဲ့ ဘဝတူ ကျောင်းသား ရဲဘော်တွေကို အော်ပြောပြီး အခုလို မှာခဲ့တယ်။
ရဲဘော်တို့ ငါ့ကို ဒီကောင်တွေ
လူမသိသူမသိ သတ်ဖို့ခေါ်သွားပြီ။
ငါတော့ သွားပြီ
မင်းတို့ ဆက်တိုက်ကြ။ ။ ( ၂၆ ဇွန် ၁၉၇၆ )
အခုဆိုရင် သူ့ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ (ဒီနေ့မှာ) ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးကြီးဟာသူလိုလားသလို ငါတို့ "မင်းတို့ဆက်တိုက်" နေကြပြီ။ စစ်ဘောမ ကျောင်းသားခေါင်းဆောင်ဟောင်း တွေက ဆွေးနွေးရေး ပြောနေကြတယ်။ ဆလိုင်းတင်မောင်ဦး လမ်းစဉ်နဲ့ မကိုက်ညီပါ။ ရွေးကောက်ပွဲဝင်ဖို့ ပြောနေကြတယ်။ လက်မခံပါ။ စစ်အာဏာရှင် လုပ်သမျှသည်။ စစ်ကျွန်ပြုရေးအတွက်ပဲ ဖြစ်ပါတယ်။ အာဏရှင် အရှင်မထွက်ပါ။
ဆလိုင်းတင်မောင်ဦး မှာခဲ့သလို "မင်းတို့ ဆက်တိုက်ကြ" ဖို့သာ ဖြစ်ပါကြောင်း ဆလိုင်းတင်မောင်ဦး မွေးနေ့မှာ ပြောလိုက်ရပါတော့တယ်။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar