Breaking News

ရိုဟင်ဂျာ ဒုက္ခသည်အရေး နဲ့ ရခိုင်ပြည်နယ်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၅


ရိုဟင်ဂျာ ဒုက္ခသည်အရေး နဲ့ ရခိုင်ပြည်နယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခက်ခဲကျပ်တည်းစွာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ဝန်းကျင်ရဲ့  အရေးကိစ္စဟာ အချိန်ကြာလာသည်နဲ့ အမျှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာနေပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက စခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်၁ သန်းကျော်အရေးဟာ ၄င်းတို့ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေနဲ့ သဟဇာတ ဖြစ်ဖို့၊ မြန်မာနိုင်ငံဘက်က လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံသားအခွင့်အရေး ခံစားခွင့် စတဲ့ ပြဿနာတွေနဲ့ မဖြေရှင်းနိုင်ပဲ နှစ်နဲ့ချီကြာမြင့်လာချိန် မြန်မာနိုင်ငံဘက်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ရက္ခိုင့်တပ်တော် နဲ့ အာဏာသိမ်းစစ်ကောင်စီ အကြားတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က နယ်မြေ လက်လွတ်ဆုံးရှုံး ဆုတ်ခွာပေးရတဲ့အခြေအနေတွေက ပြဿနာရဲ့ ဖြေရှင်းရမယ့် အဓိကကျတဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း အနေအထားတွေကို ပြောင်းလဲစေခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်မှာ အဓိကသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပြောင်းလဲနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း ကြီးမားတဲ့ အာဏာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်ပြီးယာယီအစိုးရ ဖွဲ့စည်းကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေးမှာ အဓိကကျတဲ့ သက်ဆိုင်သူတွေလို့ ဆိုရင် ဒုက္ခသည်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၊ ရက္ခိုင့်တပ်တော် AA လက်နက်ကိုင် အဖွဲ့၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ဦးဆောင်လျှက်ရှိတဲ့ အဖွဲ့အစည်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ မြန်မာအာဏာသိမ်း စစ်ကောင်စီ (နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရသည့်တိုင် သံတမန်ရေးအရ အစိုးရအဖြစ် ရှိနေခြင်းကြောင့်) တို့ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေက ထင်သာမြင်သာ လည်းရှိပြီး တိုက်ရိုက်သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ နောက်တဆင့် နောက်စည်းဝိုင်းတခု ထပ်ချဲ့ကြည့်ကြမယ်ဆိုရင် တရုတ်နိုင်ငံလို ဒေသတွင်းအင်အားကြီးနိုင်ငံ၊ ကမ္ဘာမှာလည်း ဒုတိယ စီးပွားရေး၊ စစ်ရေးအင်အားအကြီးဆုံးနိုင်ငံတို့အပြင် အမေရိကန်ပြည်ထောင်စုတို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအချို့ကို သွယ်ဝိုက် သြဇာရှိ ပုံသွင်းနိုင်ကြတဲ့ အဖွဲ့အစည်းတွေ အင်အားစုတွေ အဖြစ် ရှုမြင်နိုင်ပါတယ်။

အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ရေး၊ တနည်း ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးနဲ့ ၂၀၁၇ မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ ICJ မှာ တရားစွဲဆို ရင်ဆိုင်နေရတဲ့ အမှုအခင်း စတဲ့ ပြဿနာတွေလည်း ဆက်နွှယ်လျက်ရှိနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာနဲ့ ပြဿနာကို အချို့သော အိန္ဒိယသတင်းမီဒီယာတွေက တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှု အသွင်ဆောင်တဲ့ ရေးသားပုံဖော်မှုတွေလည်း ပေါ်ထွက်လာနေပြီး ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရကို အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် နယ်ရုပ်သဖွယ်ပုံဖော် ရေးသားတာတွေလည်း ရှိနေကြတာဖြစ်ပါတယ်။

အထက်ကလို နောက်ခံအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ AA လက်နက်ကိုင် အဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပြည်နယ်တခုလုံးနီးပါး တိုက်ခိုက်သိမ်းယူထားနိုင်တဲ့ လက်နက်ကိုင် အဖွဲ့အဖြစ် သတ်မှတ်ပြီး နယ်စပ်ဖြတ်ကျော်ဖြစ်ပွားတဲ့ အကြမ်းဖက်မှု၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးကုန်ကူးမှု စတဲ့ပြဿနာတွေကို ထိန်းချုပ်ဖြေရှင်းနိုင်ဖို့အတွက်ဆို AA နဲ့ ဆက်ဆံရမယ်ဆိုတဲ့ ပြောဆိုကျင့်သုံးမှုတွေက ဘင်္ဂလားဒေ့ရှ်ယာယီ အစိုးရနဲ့ နေပြည်တော်က စစ်ကောင်စီတို့ကို သံတမန်ရေး တင်းမာမှုတွေ ပေါ်ထွက်စေပြန်ပါတယ်။  ရိုဟင်ဂျာအရေး ရှင်းဖို့ကြိုးစားနေချိန်မှာပဲ အခြားသော ပြဿနာတွေ ရှုထောင့်တွေ ထပ်မံပေါ်ထွက်လာစေတဲ့ သဘောဖြစ်ပါတယ်။ မေလထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ပြန်ခေါ်ခဲ့တဲ့ အဖြစ်လည်း ဖြစ်ပွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူက ၄င်းတို့အစိုးရအနေနဲ့ AA အဖွဲ့နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ပေါ်ထွက်လာခဲ့ပြီး စစ်ကောင်စီ အစိုးရ အနေနဲ့ အဆိုပါ ပြောဆိုမှုတွေနဲ့ မြေပြင်မှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ် မူတည်ကာ သံတမန်ရေး ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ရိုဟင်ဂျာ ဒုက္ခသည်နေရပ်ပြန်ရေး နဲ့ ပတ်သက်လို့ ချိတ်ဆက် ဆက်နွယ်နေတဲ့ ပြဿနာ ပြောင်းလဲသွားတဲ့ အဓိကသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေ နဲ့ ရခိုင်ပြည်နယ်က ဒေသခံ လူထုအပေါ် AA ရဲ့ ရှင်းလင်း ပြောဆိုမှု၊ AA ရဲ့ ပြဿနာကို ချဥ်းကပ်မှုတွေက ပြေလည်ရေး သို့မဟုတ် ပဋိပက္ခ နဲ့ ဒုက္ခသည် အကျပ်အတည်း ရှည်ကြာ ခက်ခဲမယ့် အလားအလာတို့ကို ဖြစ်စေမှာပါ။

ပြဿနာတွေ တခုပြီးတခု ရောယှက်လာနေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အရေးကို ပြေလည်ဖို့ အတွက် ဆေးမီးတို မရှိပါဘူး။ တဆင့်ချင်း တဆင့်ချင်းနဲ့ အရင်းခံ ပြဿနာကို ဖြေရှင်းကြဖို့ လည်းအရေးကြီးပါတယ်။ အရင်းခံပြဿနာက ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအဖွဲ့အစည်း ၂ ခုအကြား မယုံကြည်မှုတွေ ဖြစ်ပေါ် မြင့်တက်လာစေတဲ့ အကြောင်းရင်းကို ရှာဖွေ ဖယ်ရှားကြရမှာ ဖြစ်ပါတယ်။ မယုံကြည်မှု သံသယ၊ အမုန်းတရားစတာတွေကို ဖယ်ရှားဖို့ ကြိုးစားနေချိန်မှာပဲ စစ်ကောင်စီက AA နဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီက ရိုဟင်ဂျာ လူငယ်တွေကို စစ်မှုထမ်း စုဆောင်းတာ၊ မောင်တော၊ ဘူးသီးတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မ စုဆောင်းထားတဲ့ ရိုဟင်ဂျာ စစ်သားတွေကို သုံးပြီး တိုက်ခိုက်စေတဲ့ အဖြစ်အပျက်တွေ ပေါ်ထွက်လာပြန်ပါတယ်။ ဒီဖြစ်ရပ်တွေက ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာတွေအကြား နားလည်မှုတည်ဆောက်ရေးကို ထိခိုက်စေမှာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဦးဆောင်နေတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းက ဦးဆောင်သူတွေ အနေနဲ့ AAအဖွဲ့ နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့လိုအပ်နေသလို AA အနေနဲ့ လည်း ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ လူမျိုးရေးခွဲခြားမှု ကင်းရှင်းစွာ၊ နိုင်ငံသားတယောက်ရဲ့ မွေးရာပါ အခွင့်အရေးစတဲ့ အခြေခံစံနှုန်းတွေကို လေးစားဖို့လည်း လိုအပ်တာဖြစ်ပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၁၀ ရာနှုန်းဝန်းကျင်ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီ အနေနဲ့ ဒုက္ခသည်ပြဿနာကို ဦးဆောင်ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိတာ သေချာပါတယ်။ ဒုက္ခသည်ပြဿနာကို အဓိက ဖြေရှင်းကြရဖို့ တာဝန်ဝတ္တရားရှိနေတာက AA လက်နက်ကိုင် အဖွဲ့ နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖြစ်ပြီး ကာယကံရှင် ဒုက္ခသည်တွေ နဲ့ ဒေသခံနေထိုင်သူတွေရဲ့ အသံကိုလည်း လျစ်လျူရှုထားလို့ မရတဲ့ အနေအထားဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar