Breaking News

မောင်လူမွှေး - အိုဇာတာ ကောင်းဖို့

မောင်လူမွှေး - အိုဇာတာ ကောင်းဖို့

မိုးမခ ၊ ဇွန် ၂၂ ၊ ၂၀၂၅

စစ်ရှောင်စခန်းမှာ အလုပ်ကိစ္စနဲ့ ရောက်နေတုန်း မောင်လူမွှေး အစ်မဆီကနေ ဖုန်းဝင်လာတယ်။ " အဖ ခုမနက် ဆုံးသွားပြီနော" တဲ့။ မောင်လူမွှေး အစ်မ တောသူဟာ သူ့ရဲ့ အဖေ ၊ မောင်လူမွှေးရဲ့အုန်းကြီး ဆုံးတာကို တိုတိုတုတ်တုတ် ပြောပြီး ဖုန်းချသွားပါတယ်။ အုန်းကြီး ဆုံးပြီဆိုတာ ကြား လိုက်ရတော့ မောင်လူမွှေးရင်ထဲမှာ တစ်ခုခုဟာသွားသလိုခံစားရသလို တစ်ခုခုပေါ့သွားသလိုလည်း ခံစားရပါတယ်။

မောင်လူမွှေး အုန်းကြီးဟာ အသက်ကိုးဆယ်နီးပါပြီ။ လွတ်လပ်ရေးရခါစအချိန် ပြည်တွင်းစစ်ကို ကြုံဖူးတယ်။ မ.ဆ.လ ခေတ်မှာ ပြောင်းဆန်နဲ့ ထမင်းရောစားခဲ့တယ်။ စစ်အာဏာရှင် သန်းရွှေခေတ်မှာ လုပ်အားပေးလိုက်ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာ ဘုရားလှည့်ဖူး ဖူးတယ်။ ခု မင်းအောင်လှိုင် စစ်အာဏာသိမ်းထားတဲ့ကာလမှာ အုန်းကြီးဘဝ နိဂုံးချုပ်ရှာပါတယ်။

အုန်းကြီးဟာ လူငယ်ဘဝ၊ လူလတ်ပိုင်းဘဝတွေမှာ ပင်ပန်းဆင်းရဲမှုမျိုးစုံကို ကြုံခဲ့ရပေမယ့် အသက်ကြီးလာတဲ့အခါကျတော့ သားသမီးတွေကြောင့် မကြောင့်မကြ နေရပါတယ်။ စားချင်တာလည်း စားရပါတယ်။ ကျန်းမာရေးတစ်ခုခုဖြစ်ရင်တော့ အာမခံချက်မရှိပါဘူး။ ဆေးဝါးကုသမှုအတွက် ဆရာဝန်တွေရှိတဲ့ မြို့ကိုသွားဖို့ အင်မတန်ခက်ခဲသလို စစ်ကောင်စီရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် တော်တော်တန်တန်မြို့ပေါ်ကိုလည်း မသွားချင်ကြပါဘူး။ ဆေးကုသမှုခံရင်လည်း စစ်ကောင်စီလက်အောက် ပုဂ္ဂလိက ဆေးခန်းတွေရဲ့ ဈေးနှုန်းဟာ တောသူတောင်သားတွေအတွက် ကြောက်ခမန်းလိလိပါပဲ။

ပြီးတဲ့နှစ်လလောက်ကစပြီး မောင်လူမွှေး အုန်းကြီးဟာ အိပ်ရာထဲမှာ လဲတယ်။ ပါးမှာပေါက်တဲ့ သူ့အနာဟာ သက်သာမလာတော့ပဲ ပါးပြင်တစ်ခုလုံးနီးပါး ကျယ်လာတယ်။ ညည်းညူရင်း၊ အနာခံရင်း ၊ သမီးကြီးဖြစ်သူရဲ့ ပြုစုမှုကိုခံရင်း အုန်းကြီး အသက်ထွက်သွားခဲ့တယ်။

အုန်းကြီးကိုသာ ဆေးရုံ၊ ဆေးခန်းကောင်းကောင်းကို တင်ပြီးကုသခဲ့ရင်လည်း သေတော့ သေမယ်။ ဒါပေမဲ့ အုန်းကြီးဟာ ဒီလောက်ဆိုးဝါးတဲ့ ဝေဒနာကို ခံစားရမှာ မဟုတ်ပါဘူး။ လူဆိုတာ သေမျိုးဆိုပေမယ့် ဆေးဝါးကုသမှုခံယူရရင် သက်သောင့်သက်သာ အသက်သေဆုံးနိုင်ခွင့်ရှိပါတယ်။

အသက်ကြီးလို့ မပူမပင် နေထိုင်ကြရသူတွေကို "အိုဇာတာ" ကောင်းတယ်လို့ မောင်လူမွှေးတို့ မြန်မာလူမျိုးတွေက ဆိုကြတယ်။ မောင်လူမွှေးရဲ့ အုန်းကြီးဟာ သားသမီးကံ ကောင်းတာ သေချာပါတယ်။ ဒါပေမဲ့ အိုဇာတာမှာတော့ အပြည့်အဝ ကံမကောင်းခဲ့ရှာပါဘူး။

မောင်လူမွှေးရဲ့ အုန်းကြီး နာရေးသွားရင်း အသက်ရှစ်ဆယ်ရှိပြီဖြစ်တဲ့ မောင်လူမွှေး ဖကြီးဆီဝင်တော့ " ဆေးဆရာ ရေးပေးခဲ့တာ၊ ဒီဆေးတွေ့ရင် ဝယ်ခဲ့စမ်းပါ" ဆိုပြီး ဆေးစာရွက်လေး မောင်လူမွှေးကို ပေးပါတယ်။ မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေမှာ စစ်ကောင်စီကြောင့် ဆေးဈေးတွေက ခေါင်ခိုက်နေသလို ပိုက်ဆံရှိရင်တောင် လွယ်လွယ်ဝယ်မရနိုင်ပါဘူး။

အုန်းကြီးရဲ့ နာရေးကို သွားတာမှာ မောင်လူမွှေး တည်းခိုတဲ့အိမ်က မောင်လူမွှေးရဲ့ နှမအိမ်ပါ။ အရင်တုန်းကတော့ မောင်လူမွှေးရဲ့ အရီးလတ် အိမ်ပေါ့။ အရီးလတ်ဟာလည်း သားသမီးတွေ ဂရုတစိုက်ပြုစုစောင့်ရှောက်တဲ့ကြားက ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့တာပါ။ မင်းအောင်လှိုင် စစ်အာ ဏာသိမ်းပြီး မကြာမီ ကိုဗစ်တွေ အကြီးအကျယ်ဖြစ်ကြတာမှာ အရီးလတ် ဆုံးပါးသွားခဲ့တာပါ။ စစ်အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်က ကိုဗစ်ရောဂါဟာ ဆေးဝါးကုသမှု၊ အောက်ဆီဂျင်မရရှိမှုတွေကြောင့် အများကြီး သေဆုံးခဲ့ရတာပါ။ စစ်တပ်ဟာ သူတို့အာဏာကို ချုပ်ကိုင်နိုင်ဖို့ အကြမ်းဖက် ကြိုးစားနေခဲ့ပြီး ပြည်သူတွေရဲ့သေဆုံးမှုကို လုံးဝလျစ်လျူရှူခဲ့တာဖြစ်ပါတယ်။

မောင်လူမွှေးရဲ့ အုန်းကြီး၊ ဖကြီး၊ အရီးလတ် တို့ဟာ သားသမီးကံကောင်းတာကြောင့် မကြောင့်မကြ နေကြရသူတွေဖြစ်တယ်။ ဒါပေမဲ့ အိုဇာတာတော့ ကောင်းတယ်လို့ မဆိုနိုင်ပါ။ တကယ်တော့ မောင်လူမွှေးတို့နိုင်ငံက သက်ကြီးရွယ်အိုတွေဟာ စစ်အာဏာရှင်အောက်မှ နေနေရသမျှတော့ အိုဇာတာကောင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး လူသားဝါဒ ထွန်းကားလာမှသာ သက်ကြီးရွယ်အိုတွေဟာ အိုဇာတာကောင်းနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar