Breaking News

စစ်အာဏာသိမ်းနိုင်ခြေရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အပေါ် သက်ရောက်နိုင်ခြေ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၂၊ ၂၀၂၅

စစ်အာဏာသိမ်းနိုင်ခြေရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အပေါ် သက်ရောက်နိုင်ခြေ

ထိုင်းနိုင်ငံအဖို့ စစ်အာဏာသိမ်းမှုဖြစ်တယ်ဆိုခြင်းဟာ ဆယ်စုနှစ်တခုအတွင်း အနည်းဆုံး တကြိမ်ဝန်းကျင် ဖြစ်နေကျ အဖြစ်အပျက်သဖွယ် ဖြစ်ပြီး ယခုတကြိမ်လည်း စစ်အာဏာသိမ်းနိုင်ခြေရှိတဲ့ ကမ်းပါးစွန်းမှာ ထိုင်းနိုင်ငံက ကျရောက်နေပြန်တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ယခုလက်ရှိ ဝန်ကြီးချုပ် ပေထုန်တန်သက်ဆင်ရဲ့ ဖခင် ထိုစဥ်က ဝန်ကြီးချုပ် ဖြစ်သူ သက်ဆင်ရှီနာဝပ်ထရာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းခံရပြီး ၂၀၁၄ မှာ တဖန် သက်ဆင်ရှီနာဝပ်ထရာရဲ့ ညီမဖြစ်သူ ယင်လပ် ရှီနာဝပ်ထရာ စစ်တပ်ရဲ့အာဏာသိမ်းခြင်းကိုခံရပြန်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ၂ ကြိမ်အာဏာသိမ်းခံခဲ့ရပြီး နှစ်ကြိမ်လုံးမှာ သက်ဆင်မိသားစုဖြစ်ကာ အခုအာဏာသိမ်းနိုင်တဲ့အခင်းအကျင်းတွေ ပေါ်ပေါက်နေချိန်မှာလည်း သက်ဆင်မိသားစုရဲ့ ဒုတိယမျိုးဆက် ပေထုန်တန်က ဝန်ကြီးချုပ် တာဝန်ယူထားချိန်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးဟာ ဘုရင်စနစ်လိုလားတဲ့သူတွေ၊ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ စစ်တပ်သို့မဟုတ် ဘုရင်နဲ့နီးစပ်တဲ့ နိုင်ငံရေးသမားတွေက ပုံသွင်းနေကြတဲ့နိုင်ငံရေးမျိုးဖြစ်ပြီး ၂၀၀၉၊ ၂၀၁၀ ခုနှစ်တွေမှာ ရှပ်နီ၊ ရှပ်ဝါ အားပြိုင်မှုတွေ ဆန္ဒပြမှုတွေ၊ မြို့တွေမှာ ရုန်းရင်းဆန်ခတ် မီးရှို့တိုက်ခိုက်မှုတွေ လနဲ့ချီကြာ ဖြစ်ပျက်ခဲ့တာပါ။ အရပ်သားတွေ ဦးဆောင်ပြီး ဒီမိုကရက်တစ် အစိုးရလို့ဆိုရင် ၁၉၉၀ ခုနှစ်ကျော်ကာလတွေက အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ချွမ်လိပိုင် လက်ထက်ကိုသာ အနီးဆုံးကာလအဖြစ် ညွှန်းဆိုရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအဖို့ စစ်တပ် လွှမ်းမိုးမှုမရှိတဲ့ ဒီမိုကရေစီ စနစ် စစ်စစ်ကိုလျှောက်လှမ်းဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအရရော နိုင်ငံရေးနယ်ပယ်၊ စစ်တပ်ဗိုလ်ချုပ်ကြီးတွေ ဘုရင်စနစ်ကို ကာကွယ်လိုသူတွေရဲ့ အကျိုးစီးပွားတွေနဲ့ဆန့်ကျင်နေတာကြောင့် အတားအဆီးတွေ၊ တိုးတက်ရာကနေ အောက်ကို ပြန်ကျသွားတဲ့ ဒီမိုကရေစီ အတက်အကျ လှိုင်းတွေအကြား ဆယ်စုနှစ်အတန်ကြာ ဖြတ်သန်းနေရတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

အခုတဖန် နိုင်ငံရေး တည်ငြိမ်မှုက အကျဘက်လှိုင်းထဲဆင်းနေပြီး ဘယ်လောက်ထိ ထပ်ဆင်းဦးမလဲဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးတဲ့အနေအထားဖြစ်ပါတယ်။

ဒါအခြေအနေတွေက ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအပေါ် အနည်းနဲ့အများ ရိုက်ခတ်နိုင်သလို မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ ကို ဆန့်ကျင်လှုပ်ရှားနေကြတဲ့ NUG အစိုးရနဲ့ စီဒီအမ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ သတင်းသမားတွေ အတွက် ပိုပြီး စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။ စစ်တပ်သာ အာဏာသိမ်းခဲ့ရင် မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေကို လက်ရှိအရပ်သား အစိုးရထက် ပိုပြီး တင်းကြပ်ဖို့ သေချာတဲ့ အနေအထားပါ။

ထိုင်းနဲ့ မြန်မာအကြား စစ်တပ်အချင်းချင်း ဆက်ဆံရေးက ၂၀၀၂ ခုနှစ် နောက်ပိုင်း အဖုအထစ်မရှိခဲ့ပဲ အရပ်သားအစိုးရတွေပြောင်းလဲသည့်တိုင် စစ်တပ်အချင်းချင်းက နိုင်ငံရေးနယ်ပယ်မှာ သြဇာလွှမ်းဖို့ စစ်တပ်က စီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးခံစားခွင့်ယူဖို့ ရည်ရွယ်ချက်တွေမှာ အသွင် သဏ္ဍာန်တူညီကြတာဖြစ်ပါတယ်။

ခုလက်ရှိအချိန်မှာလည်း ထိုင်းအရပ်သား အစိုးရ အနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် အတိုင်းအတာတခုထိ စည်းကမ်းတင်းကျပ်တာတွေ ၊ စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမယ့် အကယ်၍များ စစ်တပ်အာဏာသိမ်းခဲ့ရင် အခုထက်ပိုပြီးကြပ်မတ်တာ ဖမ်းဆီးတာ ပြန်ပို့တာတွေ ပိုများလာနိုင်ခြေ ရှိပါတယ်။

ခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ်က မဲဆောက်မြို့မှာ လျှပ်စစ်စက်ဘီး၊ လူနဲ့ ကုန်တင်တဲ့ သုံးဘီးခြေနင်းသို့မဟုတ် စက်တပ်ယာဥ်တွေကိုသိမ်းဆည်းနေပြီး စီးနင်းသူတွေကိုလည်း အထောက် အထား စစ်ဆေးတာ ဖမ်းဆီးတာတွေလုပ်ဆောင်နေသလို မြန်မာတွေအများစုရောင်းချတဲ့ ဈေးတွေကိုလည်း ဆိုင်တွေ လူတွေ စစ်ဆေးအရေးယူနေတာကြောင့် မဲဆောက်နေ မြန်မာနိုင်ငံသားတွေ ကလေးတွေ ကျောင်းမပို့ပဲ ထားရတာတွေ၊ ဈေးဆိုင်ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အခုလို စစ်ဆင်ရေးဟာ အလုပ်အကိုင်အခွင့်အလမ်းကျဆင်းလာတဲ့ အပေါ် အခြေပြုပြီးပေါ်ထွက်လာတာလို့ ကောက်ချက်ချကြပါတယ်။ လက်ရှိအရပ်သားအစိုးရ လက်ထက် မှာတောင် အခုလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ကြရတာမို့ စစ်အာဏာသိမ်းပြီး စစ်တပ်အုပ်ချုပ်မှုမျိုး တကျော့ပြန်ရောက်လာခဲ့ရင် ပိုမိုတင်းကြပ် နိုင်တဲ့ အလားအလာရှိတာပါ။

နောက်တချက်က ထိုင်းနိုင်ငံရေး မတည်ငြိမ်လေ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဖို့ အလုပ်အကိုင်အခွင့်အလမ်း နည်းလာမှာ ဖြစ်သလို စီးပွားရေး ကျဆင်းတဲ့အခါ အိမ်နီးချင်း မြန်မာအလုပ်သမားတွေ အဖို့ ပိုပြီး စစ်ဆေး အရေးယူတာတွေ ခံကြရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်မတည်ငြိမ်မှုက အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် ၊ ထိုင်းရောက် မြန်မာ နိုင်ငံသားတွေ အပေါ် တိုက်ရိုက်သက်ရောက်မှုတွေဖြစ်ပေါ်စေတာ အငြင်းပွားစရာမရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အေးချမ်းမှုမရှိတဲ့အခြေအနေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေလျော့နည်းလာသလို ၂၀၂၃ ခုနှစ် စစ်မှုထမ်းဥပဒေကလည်း လူငယ်အများအပြားကို နိုင်ငံမှထွက်ခွာအောင်တွန်းပို့စေခဲ့ပြီး အများစုက ထိုင်းနိုင်ငံမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ငွေကြေးမတတ်နိုင်သူတွေ အနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသလို ငွေကြေးတတ်နိုင်သူတွေက တရားဝင် ဗီဇာနဲ့ တိမ်းရှောင်နေထိုင်ကြတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုက ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်စေမှာ အသေအချာဖြစ်ပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားအနက် ငွေကြေးတတ်နိုင်တဲ့ လူလတ်တန်းစားတွေအဖို့ ကြီးကြီးမားမား အခက်အခဲ မဖြစ်စေနိုင်ပေမယ့် ရွှေ့ပြောင်းလုပ်သားနဲ့ နိုင်ငံရေးအရ တိမ်းရှောင်နေထိုင်နေသူတွေအဖို့ ပိုပြီးအန္တရာယ် ရှိစေနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာစစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတွေအဖို့ ကာလတခုအခြေအနေတခုထိ ခိုလှုံနိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လိုမျိုးမှာ ချင်းပြည်နယ်က မျိုးနွယ်စုတွေ အနေနဲ့ခိုလှုံနိုင်ပြီး ထိုင်းနိုင်ငံကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီး ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းအထိခံရနိုင်ခြေရှိတဲ့ မြန်မာနိုင်ငံအရပ်ရပ်က နွေဦးတော်လှန်ရေး ထောက်ခံသူ၊ စီဒီအမ် ဝန်ထမ်း တွေအတွက် တခုတည်းသော ခိုလှုံရာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရေး အပြောင်းအလဲကို မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်ပြီး အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲက ခုနှစ်ပိုင်းတွေအတွင်း စစ်အာဏာသိမ်းခံရတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်မလာဖို့ ဆုတောင်းရမယ့် အနေအထားမျိုးလို့ ဆိုချင်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar