Breaking News

ကိုအောင်မှိုင်း - မြစ်တို့၏ သခင်မ

ကိုအောင်မှိုင်း - မြစ်တို့၏ သခင်မ

မိုးမခ ၊ ဇွန် ၆ ၊ ၂၀၂၅


ကဗျာဟာ

မြစ်တစင်းပဲ။


ဧရာဝတီဟာ

ကဗျာတပုဒ်ပဲ။


ဘဝတွေဟာ

မြစ်တွေနဲ့အပြိုင်။


သံသရာဟာ

ဘဝတွေနဲ့အပြိုင်။


အာဖရိကတိုက်က

နိုင်းမြစ် မဟာ

ရှည်လျားလိုက်တာ

မိုင်ပေါင်းလေးထောင်ကျော်

ခေါင်းမော်လို့မာန်တင်း မြစ်မင်း။


နိုင်းမြစ်ပြာနဲ့

နိုင်းမြစ်ဖြူတို့

ခါတွမ်းမှာဆုံ

သဲကန္တာရတွေဖြတ်

မြင့်လိုက် နိမ့်လိုက်

ကွေ့လိုက် ပါတ်လိုက်

ကြမ်းလိုက် ယဥ်လိုက်

ကျဥ်းလိုက် ကျယ်လိုက်

ကျောက်နံရံတွေနဲ့ပြိုင်

မြေထဲပင်လယ်ဟာ ပန်းတိုင်။


အမေဇုံ

မြစ်ညာ မြစ်မ

မြစ်ခုံ မြစ်ကျိုး

မြစ်ဆုံ မြစ်ဝှမ်း

မြစ်ဝကျွန်းပေါ်

မိုင်ပေါင်းလေးထောင်ကျော်

အံ့ဖွယ်မော်ကြွား မြစ်ဘုရား။


မြစ်ဖျားက အန်းဒီးတောင်တန်း

ပီရူးမှာ အူးကာယားလီးနဲ့ဆုံ

အမေဇုံမြစ်ကြီးဖြစ်

ကြီးလိုက်တဲ့ ရေလုံး

ကျယ်လိုက်တဲ့ မြစ်ပြင်

နိုင်း မစ္စစ္စပီ ယန်စီ

မြစ်ကြီးသုံးသွယ်ပေါင်း

ရေကြောင်းထက်ကြီး

တဟီးဟီး တွန်းတိုက်

မြစ်ကျိုးမှန်သမျှ ဇွတ်တိုး

မြေရိုးမှန်သမျှ ရိုက်ချိုး

အမှိုက်ဟူသမျှ တွန်းထိုး

ရဲစွမ်းသတ္တိကို အားကိုး

အတ္တလန္တိတ်သမုဒ္ဒရာမှာ ရောင်နီပျိုး။


တရုတ်ပြည်က ယန်ဇီမြစ်

အာရှရဲ့အရှည်ဆုံး ရှုခင်း

တော်လှန်သမိုင်းနဲ့ မြစ်တစင်း

တော်လှန်သူတို့ရဲ့ သူငယ်ချင်း

ဖေါက်ပြန်သူတို့တွက် စစ်တလင်း

နတ်ဒေဝတာတို့ရဲ့ ဒဏ္ဍာရီတေးခြင်း။


တိဘက်ကုန်းမြေမှာ မြစ်ဖျားခံ

ရေစီးကသန် ရေသံကပြင်း

မာန်ဟုန်နဲ့စီးဆင်း ခပ်တင်းတင်း

ရှန်ဟိုင်း၊ နန်းကင်း၊

ကျူကျန်၊ အန်ကင်း၊

ချုံကင်းကိုဖြတ်ရင်း

တရုတ်ပင်လယ်ကိုဆင်း

အလင်းတန်းတခုရဲ့ ပန်းခင်း။


ဧရာဝတီမြစ်တွင်း

နှစ်လုံးသားတို့ စုဆုံဆင်း

မျိုးချင်းတို့တွက် အားမာန်တင်း

တော်လှန်ခြင်းရဲ့ အမြောက်ဆံ

မေခမေလိခရဲ့ ပေါင်းစည်းသံ

မိုးခြိမ်းသံလို စီဝေညံ

ပေါင်းစုခြင်းရဲ့ လုပ်ဟန်

အဓ္ဓမတရားကို တွန်းလှန်

မြစ်မင်းရဲ့ ရင်ခုန်သံ။


မေခနဲ့ မေလိခ ပေါင်း

သံလွင် စစ်တောင်း

မျိုးရင်းတို့ ပူးပေါင်း

အဟောင်းကို ဖြိုဖျက်

အသစ်တွက် လမ်းခင်း

ပန်းခင်းကြီး တစင်းတည်

အိန္ဒိယသမုဒ္ဒရာကို စီးဝင်

ရောင်နီမှာ အောင်စည်ယွန်းရအောင်

တိုက်စည်တိုက်မောင်းသံ နာခံရင်း

အရှေ့အရပ်ကနေမင်း ထွန်းပါ့အလင်း။


မြစ်အစင်းစင်း ပေါင်းစည်း

ပြည်သူအချင်းချင်း ပေါင်းစည်း

အဖိနှိပ်ခံအချင်းချင်း ပေါင်းစည်း

သတ်ဖြတ်ခံချင်းချင်း ပေါင်းစည်း

လွတ်မြောက်ခြင်းတေးကို ဆိုကြ

အရေးဆိုကြ တိုက်ပွဲကြိုကြလော့။


ပြည်သူအပေါင်းကို စုစည်း

ရန်ဟူသမျှကို စီးချင်းထိုး

မရိုးနိုင်တဲ့ အနာဂါတ်တေး

ရေးလိုက်စမ်းပါ နောင်တော်တို့

ကြယ်ဝိညာဉ်တွေတွက်

အနာဂတ်ဟာ တေးသစ်တပုဒ်။


အောင်မြင်မှုတိုင်း

ဆုံးရှုံးမှုတွေ ရှိမြဲ

တရားတို့ ဆုံစည်းရာ

မြစ်တို့ရဲ့ မာယာ

ဗီဇပျောက် မြစ်

မြစ်ကျိုး အင်း

မြေရိုး တံတိုင်း

ရေဆိုးလှိုင်းတွေကို

တွန်းတိုက် ရိုက်ချိုး

ရှေ့တိုးဘို့ ချန်ထား

မာန်အားသတ္တိနဲ့ ပျံသန်းစို့။


မြစ်တို့ရဲ့ အပျိုမ

ခေါင်းပေါ်က ကြယ်ပွင့်

မိုးကောင်းကင်ပေါ် တင်ထား

အာကာသဟာ ကြယ်စင်ဖြစ်သွား

ကြယ်အပေါင်းတို့ ဦးညွှတ်ခစား

ရင်နဲ့အမျှထာဝရပါ ပန်းတို့သခင်မ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar