Breaking News

တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည် ကန့်သတ်မှု ဖြေလျှော့ခြင်းနှင့် မင်းအောင်လှိုင် အစိုးရနဲ့ အမေရိကန်တို့ တွေ့ဆုံမှု

 

တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည် ကန့်သတ်မှု ဖြေလျှော့ခြင်းနှင့် မင်းအောင်လှိုင် အစိုးရနဲ့ အမေရိကန်တို့ တွေ့ဆုံမှု

မြန်မာနွေဦးခရိုနီကယ်၊ အောက်တိုဘာ ၃၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၆

 

စက်တင်ဘာလလယ်က ထိုင်းနိုင်ငံ ဘန်ကောက် အမေရိကန်သံရုံးကတဆင့် နေပြည်တော်ကို ဆိုက်ရောက်လာတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသားတဦးကို လာရောက်ခေါ်ဆောင်ရင်း အာဏာသိမ်း စစ်တပ်အစိုးရနဲ့ အမေရိကန် အစိုးရတို့အကြား အေးစက်နေတဲ့ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု ထရန့်အစိုးရဟာ ၄င်းတို့လိုချင်တဲ့ ရလဒ်ထွက်အောင် ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်အစိုးရနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတော့မဲ့ လက္ခဏာတွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုကျိုမြို့မှာ ကိုယ်စားလှယ်အဖွဲ့တွေ ထပ်မံတွေ့ဆုံကြတဲ့ သတင်းက ထပ်မံအားဖြည့်ပေးခဲ့ပါတယ်။

နေပြည်တော် တွေ့ဆုံမှုအပြီး တလဝန်းကျင်အကြာ အောက်တိုဘာလ ဒုတိယပတ်မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ဗန့်စ် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်အစိုးရဘက်က ကိုယ်စားလှယ် (အမည်နဲ့ ရာထူးတွေ မသိရှိရသေး) နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

အခုလို သမ္မတထရန့် ရဲ့ အစိုးရအဖွဲ့က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ကိုယ်စားလှယ်တွေနဲ့ တကြိမ်မက တွေ့ဆုံခြင်းဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထွက်ရှိတဲ့ မြေရှားသတ္တုတို့ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြေရှားသတ္တု ထွက်ရှိတာ ထုတ်လုပ်တဲ့နေရာအများစုဟာ KIA လက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်ထဲက ဒေသတွေဖြစ်နေပြီး၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း KIA တပ်ဖွဲ့က နယ်မြေတွေ ပိုမိုထိန်းချုပ်လာနိုင်တာကြောင့် ဖားကန့်လို ကျောက်စိမ်းထွက်ရှိတဲ့ နယ်မြေကလွဲလို့ မြေရှားသတ္တုထွက်ရှိရာနေရာတွေဟာ စစ်အစိုးရ လက်ဝယ်မရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

KIA ထိန်းချုပ်နယ်မြေတွေမှာ မြေရှားသတ္တု ထုတ်ယူနိုင်ဖို့ အတွက်ဆို KIA တပ်ဖွဲ့က အဓိကဖြစ်တာကြောင့် အခုရက်ပိုင်း အတွင်း ကချင်ပြည်နယ် နယ်စပ်နဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ စစ်အစိုးရနဲ့ မြောက်ပိုင်းညီနောင် လက်နက်ကိုင်တပ်ဖွဲ့တွေ အသီးသီး ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က တားမြစ်ထားတဲ့ ကုန်ပစ္စည်းအချို့ကို ဖြေလျှော့ပေးခဲ့တာဟာ တရုတ်အစိုးရအနေနဲ့ စစ်အစိုးရ-အမေရိကန် တို့ ဆွေးနွေးမှုတွေကို တုံ့ပြန်ဆောင်ရွက်တဲ့ အဓိပ္ပာယ်အဖြစ် သတင်းဖော်ပြနေကြတာ တွေ့ရပါတယ်။

မြန်မာစစ်အစိုးရနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လောက်အထိ အပြောင်းအလဲ ရှိလာနိုင်သလဲ၊ တရုတ်အစိုးရအနေနဲ့လည်း မြန်မာစစ်အစိုးရဲ့ ခြေလှမ်းကို ချက်ချင်း တုံ့ပြန်တဲ့အထိ အထက်က ဖြစ်ရပ် ၂ ခုဟာ ဆက်စပ်နေသလား ဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ သမ္မတ ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ အမေရိကန် အကျိုးစီးပွားသာလျှင် ပထမ ဆိုတဲ့ မူဝါဒကြောင့် တဦးချင်း အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတဲ့ မြန်မာစစ်အစိုးရနဲ့ ဘယ်လောက်အတိုင်းအတာထိ ဆက်ဆံရေး တိုးတက်လာနိုင်သလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ထရန့် အစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ စိတ်မဝင်စားတာ မှန်ပေမဲ့ ကျားဖြန့်နှိမ်နှင်းရေးနဲ့ မြေရှားသတ္တု ထုတ်လုပ်ခွင့်တို့က မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရအနေနဲ့ အမှန်တကယ် လုပ်ဆောင်နိုင်၊ လုပ်ခွင့်ရှိတဲ့ အနေအထားလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။

သို့ပေမဲ့ တဖက်မှာလည်း ထရန့် အစိုးရဟာ ရုရှားသမ္မတ ပူတင်လို ခေါင်းဆောင်မျိုးနဲ့ ထိတွေ့ဆက်ဆံဖို့ စိတ်ဝင်စားတာ၊ လတ်တလော ယူကရိန်း-ရှရှားစစ်ပွဲမှာ ယူကရိန်းထက် ရုရှားနဲ့ ဆက်ဆံရေးပိုကောင်းနေတာတွေကို ကြည့်ရင် အာဏာရှင်တွေနဲ့ ပိုပြီး အပေးအယူ လုပ်ချင်တဲ့ သဘာဝ ရှိတဲ့ အချက်တွေကြောင့် တရုတ် အစိုးရအနေနဲ့ လတ်တလော ထွက်ပေါ်နေတဲ့ မင်းအောင်လှိုင် အစိုးရနဲ့ ထရန့် အစိုးရတို့အကြားက တွေ့ဆုံမှုတွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေလိမ့်မှာ သေချာပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာ အမေရိကန်ပါဝင် စွက်ဖက်လာမှာကို မလိုလားတာ အငြင်းပွားစရာ မရှိပေမယ့် လတ်တလော တွေ့ဆုံဆွေးနွေးမှုတွေက မြန်မာစစ်အစိုးရနဲ့ ထရန့်အစိုးရတို့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့ သို့မဟုတ် ဘယ်လို ရည်မှန်းချက်တွေ ပါရှိသလဲ ဆိုတာတွေကို ဆန်းစစ်သုံးသပ်နေလိမ့်မှာ သေချာပါတယ်။

သို့ပေမယ့် လတ်တလော တရုတ်ဘက်က ခြေလှမ်းလှမ်းရလောက်အောင် သို့မဟုတ် ဟန်ချက်ညီအောင် ချိန်ညှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ရလောက်တဲ့ အနေအထား မရောက်သေးဘူးလို့ ဆိုချင်ပါတယ်။

အဲလိုဆိုခဲ့ရင် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ဒေသတွေက နယ်စပ်ကုန်သွယ်မှု ဖြေလျှော့လာတာ တိုက်ဆိုင်မှု တခုလား၊ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို အသုံးချပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ကျားကွက်ရွှေ့ပြတဲ့ သဘောလား ဆိုတဲ့ မေးခွန်းတွေ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ ပထဝီနိုင်ငံရေးမှာ အရေးပါတဲ့ နေရာတခု ဖြစ်နေတယ်ဆိုတာတော့ အငြင်းပွားစရာ မရှိသည့်တိုင် တရုတ်နိုင်ငံနဲ့ မိုင်ထောင်ချီ နယ်နိမိတ် ထိစပ်နေသလို နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း တရုတ်နယ်စပ်ကုန်သွယ်ရေး၊ လက်နက်ခဲယမ်းအတွက် ကုန်ကြမ်း၊ လောင်စာဆီ အစရှိတဲ့ မရှိမဖြစ် ကုန်စည်တွေ အတွက် တရုတ်နိုင်ငံကို မျက်နှာလွှဲထားလို့ မရတဲ့အနေအထားမှာ ရှိနေကြတာကြောင့် တရုတ်နိုင်ငံအဖို့ မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ သူ့အတွက် အနိုင်ရစေနိုင်တဲ့ ဖဲချပ်တွေ ဖြစ်နေတာကတော့ ငြင်းမရတဲ့ အချက် ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ၂၀၂၄ ခုနှစ်မှာ တရုတ်အစိုးရကို လုံးဝမှီခိုအားထားခဲ့ရပြီး ရေရှည်မှာ တရုတ်နိုင်ငံ တနိုင်ငံတည်းထက် ရုရှား၊ အမေရိကန်၊ အိန္ဒိယတို့လို ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံထားလိုတဲ့ ရည်မှန်းချက်ကို လတ်တလော ဆွေးနွေးပွဲတွေက သက်သေပြခဲ့သလားလို့ ယူဆစရာရှိနေတယ်လို့ ဆိုချင်တဲ့ သဘော ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar