ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာ့လူထု
ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာ့လူထု
မြန်မာနွေဦးခရိုနီကယ်၊ အောက်တိုဘာ ၃၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၆
တိုက်ပွဲတွေ၊ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်နဲ့ ဗုံးကြဲ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာ၊ ပါရာမော်တာ၊ ဂျိုင်ရိုမော်တာစတာတွေနဲ့ လေကြောင်းက ပစ်ခတ်တာတွေအပြင် ရပ်ရွာတွေထဲ စစ်ကြောင်း ဝင်ရောက်လို့ ဖမ်းဆီးခံရပြီး သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေ၊ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့ ဆိုတဲ့ နာမ်စားအသုံးအနှုန်းနဲ့ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်တာ၊ အများရှေ့တင် ပစ်ခတ်သတ်ဖြတ်တာတွေက ပြီးခဲ့တဲ့ ၆ နှစ်နီးပါး ကာလအတွင်း မကြာခဏ ဟိုမြို့ သည်မြို့ ဟိုနယ် သည်နယ်မှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ကောင်းမှုစဥ်ကျေးရွာအနီး အမျိုးသမီးငယ် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး တဦးမှာ အဓမ္မပြုကျင့်ခံထားရတယ်လို့ သံသယဖြစ်စရာ လက္ခဏာတွေတွေ့ရှိရတဲ့ အကြောင်း သတင်းဌာနတွေက ဖော်ပြထားကြတာ တွေ့ရပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က ကောင်းမှုစဥ်ကျေးရွာအနီး လယ်ကွင်းထဲမှာ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်အရွယ် မိန်းကလေး ၂ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ကြရပါတယ်။ ဒီမိန်းကလေး ၂ ဦးလုံးဟာ ဒီနယ်မြေခံတွေ ဖြစ်ပြီး သတ်ဖြတ်ခံရတဲ့ အကြောင်းရင်းကို စုံစမ်းကြတဲ့အခါ ပအို့ဝ်အမျိုးသားအစည်းအရုံး/ပအို့ဝ်အမျိုးသားတပ် PNO/PNA က တပ်ဖွဲ့ဝင် တဦးသို့မဟုတ် ၃ ဦးက သတ်ဖြတ်တာလို့ သတင်းဖော်ပြထားကြတာ တွေ့ရပါတယ်။ တောင်ကြီးမြို့နယ်ထဲက ကျောင်းတောရွာက PNA ပြည်သူ့စစ်ဂိတ်မှာ ဂိတ်စောင့်တဲ့ ပြည်သူ့စစ်တပ်သားတွေ အချင်းချင်း ပြဿနာဖြစ်ရာက ကင်းအတူစောင့်တဲ့သူကိုပစ်သတ်ပြီး ပြောင်းခင်းထဲ ပုန်းအောင်းနေရာက မိန်းကလေး ၂ ဦးကို တွေ့ရှိပြီး တဦးကို အဓမ္မကျင့်ပြီး ပစ်သတ်ခဲ့တာလို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးနဲ့ အဖော်ပါတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကိုလည်း ပစ်သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရာက PNA တပ်တွေက လိုက်လံရှာဖွေစဥ် ပစ်ခတ်ဖမ်းဆီးပြီး အထက်က သတ်ဖြတ်မှုတွေနဲ့ အဓမ္မပြုကျင့်မှု ကျူးလွန်သူ သေဆုံးခဲ့တယ်လို့ PNO/PNA ဘက်က ပြောဆိုထားတယ်လို့ သတင်းတွေ အရ သိရပါတယ်။
အခုဖြစ်ရပ်ကို ကြည့်ရင် လက်နက်ကိုင်တပ်ဖွဲ့ဝင်/ ပြည်သူ့စစ် အစရှိတဲ့သူတွေက အရပ်သား မိန်းကလေး၂ ဦးအနက် တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး နောက်တဦးကိုလည်း ပစ်သတ်ခဲ့တဲ့ ရင်နာစရာ၊ စိတ်ထိခိုက်ကြေကွဲစရာ ဖြစ်ရပ်တခုဖြစ်ပြီး ပြည်တွင်းစစ်အတွင်း အာဏာရှိတဲ့ စစ်တပ်နဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေက အရပ်သားတွေကို အပြစ်မဲ့ အနိုင်ကျင့်သတ်ဖြတ်တဲ့ ဖြစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပအို့ဝ်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်က ပြည်သူ့စစ်က အရပ်သားတွေကို ပြုမူတဲ့ အဖြစ်အပျက်တခုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို ကိုယ်စားပြုနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ပြည်တွင်းစစ်မှာ လက်နက်ကိုင် အဖွဲ့တွေ ပိုမိုများပြားလာတဲ့ အလျောက် အာဏာသိမ်းစစ်တပ်ဘက်က ကျူးလွန်မှုတွေသာမက အခြားသော လက်နက်ကိုင်အဖွဲ့ဝင်အချို့ကလည်း လက်နက်မဲ့ အရပ်သားတွေအပေါ် နှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ အဓမ္မပြုကျင့်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်ကြတဲ့ အဓမ္မပြုကျင့်မှု၊ နှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေအတွက် လက်နက်ကိုင်အဖွဲ့တွေဘက်မှာ ဆင်ခြေပြတဲ့ အကြောင်းအချက်အချို့လည်း ရှိနေတာ ဖြစ်ပါတယ်။ မိမိတို့ကို ထောက်ခံခြင်း မရှိတဲ့ အရပ်သားတွေကို ရန်သူကို ထောက်ခံအားပေးနေတဲ့ ရန်သူအားပေးသူတွေအဖြစ် သံသယ သို့မဟုတ် စွပ်စွဲ ကောက်ချက်ချမှုတွေက အထက်ကလို နှိပ်စက်သတ်ဖြတ်မှုတွေက ကျူးလွန်ဖို့ ဆင်ခြေ၊ အကြောင်းပြချက် ဖြစ်စေတာလည်း ဖြစ်ပါတယ်။
ဒီလို ဝါဒဖြန့်ချိမှု၊ မျက်မှန်စိမ်းနဲ့ ကြည့်ဖို့ လမ်းညွှန်စေခိုင်းမှုတွေက အရပ်သားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားစေဖို့ အဓိကကျတဲ့ အကြောင်းရင်း တချက်ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ အရပ်သားတွေအပေါ် ၄င်းတို့ တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ ကျူးလွန်တဲ့ နှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေအတွက် အများအားဖြင့် စုံစမ်းအရေးယူခြင်း မရှိတာတွေ့ကြရမှာဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေက ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တရားမျှတမှု၊ တာဝန်ခံမှု ရရှိဖို့ အနေအထားက အလှမ်းဝေးနေပါသေးတယ်။ ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မှတ်တမ်းစုဆောင်းတာ၊ အစီရင်ခံစာ ထုတ်ပြန်တာတွေ လုပ်ဆောင်နေပေမဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ကျူးလွန်မှုတွေကို တားဆီးနိုင်တဲ့ လုပ်ဆောင်မှုတွေတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာ တင်သွင်းသူ ဖြစ်တဲ့ ကယ်လီ ကာရီက ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ကပ်ဘေးဆိုက်တဲ့ အခြေအနေလို့ ပြောဆိုခဲ့ကြောင့် သတင်းဖော်ပြမှုတွေအရ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ တားဆီးနိုင်တဲ့ အနေအထား၊ လျော့ကျအောင် လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိတာ အများက သိရှိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ၊ ယခုလက်ရှိ ကမ္ဘာ့အခြေအနေမှာ ကုလသမဂ္ဂ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အရေးမှ မဟုတ်အခြားသော ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း တားဆီးနိုင်စွမ်း မရှိတဲ့ အနေအထားမို့ မြန်မာလည်း အလားတူ အခြေအနေတရပ်လို့ ဆိုရမှာပါ။
မြန်မာလူထု အနေနဲ့ ပြည်တွင်းစစ်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာမက လက်နက်တွေ လက်ဝယ်ရောက်ဖို့ လွယ်ကူတာနဲ့ တရားဥပဒေစိုးမိုးမှု ဆိုးရွားစွာ ကျဆင်းလာနေတာကြောင့် နိုင်ငံရေးနဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့ ရာဇဝတ်မှုတွေရဲ့ ဒဏ်ကိုလည်း ခံစားနေကြရတာပါ။ နေ့စဥ်နေ့တိုင်း မှုခင်းသတင်းတွေထဲ လုယက် လူသတ်မှု၊ မုဒိမ်းမှု၊ မုဒိမ်းလူသတ်မှု၊ ဓားပြ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေက မြို့တွေရော ကျေးလက်တွေမှာပါ ဖြစ်ပွားနေတာ ကြားသိနေကြရတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေနဲ့ အတူ စစ်မှုထမ်းအတွက် လူဖမ်းတာ၊ ပြန်ပေးဆွဲတာတွေလည်း နေ့စဥ်လိုလို ဖြစ်နေကျ အရာတွေသဖွယ် ဖြစ်လာနေတာပါ။
မြန်မာနိုင်ငံက အရပ်သား ပြည်သူလူထုအဖို့ မိမိတို့ ကိုယ်ခန္ဓာ၊ ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း၊ မိမိတို့ မိသားစုတွေကို မိမိတို့ဘာသာ မကာကွယ်နိုင်တဲ့ အခြေအနေအောက်မှာ ရောက်ရှိနေပြီး ၅ သန်းကျော် ၆ သန်းမျှသော နိုင်ငံသားတွေက တိုင်းပြည်ကနေ ဖြစ်တဲ့နည်းနဲ့ ထွက်ခွာပြီး ပြည်ပမှာ ရရာအလုပ် လုပ်ကိုင်ကာ နေထိုင်နေကြရတဲ့ အခြေအနေလို့ ဆိုရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
