Breaking News

လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ

May be an image of text 

လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၆


စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဥ်နဲ့အမျှ မြန်မာနိုင်ငံအနောက်ခြမ်းကနေ အရှေ့တောင်ဘက် ကရင်ပြည်နယ်၊ မြောက်ဘက် ကချင်ပြည်နယ်၊ အနောက်မြောက် ချင်းပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်း၊ မကွေး တို့တွေအထိ မိုင်ထောင်ချီရှိတဲ့ နေရာတွေကို လေတပ်စခန်း အသီးသီးကနေ နေ့နေ့ညည ပျံတက်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။ 
နိုဝင်ဘာ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာန (ပေါက်တော) တို့မှာ တိုက်ခိုက်ခံရပြီး အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၂ ဦးဒဏ်ရာရတယ်လို့ Arakan Army က ထုတ်ပြန်ခဲ့ပါတယ်။ တရက်ထည်းမှာ AA ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့ ကို တိုက်ခိုက်တာဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ ၂ ရက်ခန့်ကလည်း ကရင်နီ (ကယား)ပြည် လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား/ကျောင်းသူ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းဖော်ပြချက်တွေ အရသိရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဥ် ဖြစ်ပျက်နေကျ ဖြစ်ရပ်တွေ ဖြစ်လာနေတယ်လို့ ဆိုရင်မှားမယ် မထင်ပါဘူး။ ဒါပေမယ့် နေ့စဥ်ဖြစ်နေကျ ဖြစ်ရပ်လို့ စကားလုံးအားဖြင့် ဆိုပေမယ့် ဖြစ်ရပ်တခုတိုင်းစီမှာ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာ၊ ခက်ခဲကြပ်တည်းတဲ့ကြားက တည်ဆောက်ထားကြတဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စစ်ရှောင်စခန်း တို့လို အဆောက်အဦတွေ ပျက်စီးဆုံးရှုံးတာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိတဲ့ ဖြစ်စဥ်တွေ၊ နှစ်နဲ့ချီကုသရမယ့် စိတ်ဒဏ်ရာတွေ ရှိနေကြတာဖြစ်ပါတယ်။ 

ယမန်နှစ် (၂၀၂၅ ခုနှစ်) တနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ် ၅၂၂၂ ခု ရှိပြီး တိုက်ခိုက်မှု အကြိမ်ရေ ၈၈၂၁ ခုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ အဆိုပါ ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ တိုက်ခိုက်မှု ဖြစ်စဥ် ၂၆၂ ခုရှိခဲ့ရာက အချို့လတွေမှာ ၅၀၀ ကျော်ထိ ရှိပြီး အများဆုံးလ ဖြစ်တဲ့ အောက်တိုဘာလမှာ ၆၀၀ ကျော်ထိ ရှိတာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါ တိုက်ခိုက်မှု ဖြစ်စဥ် ၅၂၂၂ ခုကြောင့် အသက်ဆုံးရှုံးရသူ ၂၃၀၀ ကျော်ရှိတယ်လို့လည်း စာရင်းဇယားတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖေါ်ပြထားကြတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှု ကိန်းဂဏန်းက ဒရုန်း၊ ပါရာမော်တာ စတဲ့ ကောင်းကင်က တိုက်ခိုက်တာတွေကိုပါ ထည့်သွင်းထားတဲ့ သဘောလား သို့မဟုတ် တရက်အတွင်း တိုက်ခိုက်မှုမှာပါဝင်တဲ့ လေယာဥ်  အရေအတွက်နဲ့ ကောက်ယူမှတ်တမ်းတင်တာလား ဆိုတာ မသိရပေမယ့် Myanmar Peace Monitor ရဲ့ ကိန်းဂဏန်းအချက်အလက်အရတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၅၃၄ ကြိမ်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီကိန်းဂဏန်းမှာ အကြိမ်ရေ ရေတွက်ပုံက မြို့နယ်တခုမှာ တရက် အတွင်းဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ရပ်အတွက် ၁ ခု အနေနဲ့ မှတ်တမ်းတင်တဲ့ သဘောလို့ ဆိုပါတယ်။ 

ယခု ၂၀၂၆ ခုနှစ် တနှစ်လုံးအတွက် လေကြောင်းတိုက်ခိုက်မှု ကိန်းဂဏန်း အချက်အလက်တွေ မထွက်ပေါ်နိုင်သေးပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့ထိ အတွင်း လေကြောင်းတိုက်ခိုက်မှုက အရင်လတွေထက် ၂ ဆကျော် မြင့်တက်လာတယ်လို့ Myanmar Peace Monitor က ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ တလနီးပါးကာလအတွင်း ရခိုင်ပြည်နယ်က အများဆုံး တိုက်ခိုက်ခံရပြီး ဒုတိယအများဆုံးက စစ်ကိုင်းတိုင်း၊ တတိယက ကရင်နီ (ကယား) နဲ့ အဲဒီနောက် မကွေးနဲ့ ချင်းပြည်နယ်တို့ဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်မှုတွေကို အာဏာသိမ်းစစ်တပ်၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဘာကြောင့် လေယာဥ်ဆီ၊ လေယာဥ်ပြုပြင်ထိန်းသိမ်းစရိတ်တွေ အများအပြား အကုန်အကျခံပြီး လုပ်ဆောင်နေတာပါလဲလို့ မေးစရာရှိလာပါတယ်။ 

ကမ္ဘာမှာအရှေ့အလယ်ပိုင်း အီရန်-အမေရိကန်+အစ္စရေးလ်တို့ အကြား စစ်ပွဲဖြစ်ပွားကာ လောင်စာဆီ ဈေးတွေမြင့်တက်နေချိန်၊ လေယာဥ်ဆီဈေးတွေ ပိုပြီးမြင့်တက်လာနေချိန် ပြည်တွင်းစစ်နဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံမှာ တရက်တရက် စစ်လေယာဥ်အစီး ဒါဇင်နဲ့ချီ ပျံတက်ကာ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို ကြည့်ရင် မြေပြင်မှာ စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ ထိုးစစ်ဆင်တာတွေ မအောင်မြင်တာတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျားကန်နေတဲ့ သဘော၊ နယ်မြေတွေ ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး ဖော်ဆောင်ပြီး လွတ်မြောက်နယ်မြေတွေအဖြစ် အုပ်ချုပ်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေး ဖေါ်ဆောင်မှုတွေ မအောင်မြင်အောင်၊ အပစ်ရပ်ဖို့ ၊ မြို့တွေ ပြန်လည်ပေးအပ်ဖို့ စေ့စပ်ဆွေးနွေးမှုမှာ အသာစီးရဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာလို့ အကြမ်းဖျဥ်း ကောက်ချက်ချနိုင်ပါတယ်။ 

အချို့ လေကြောင်းတိုက်ခိုက်မှုတွေက မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ၄င်းတို့ဘက်က အသာစီးရအောင် တိုက်ခိုက်တာမျိုး ဖြစ်ပေမယ့် နေ့စဥ် ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုအများစုက မြေပြင်တိုက်ပွဲနဲ့ ဆက်စပ်ပတ်သက်မှု မရှိဘဲ သတင်းအချက်အလက် စုဆောင်းကာ တိုက်ခိုက်တာမျိုး ဖြစ်တာတွေ့ရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှု တခုထည်းနဲ့ မြေပြင်မှာ မစိုးမိုးနိုင်တဲ့ အဖြစ်ကို မြန်မာစစ်အာဏာရှင်တွေ လုံးဝ မသိရှိတာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေ ၊ PDF ထိန်းချုပ်နယ်မြေတွေထဲက လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှု၊ အခြေချမှု၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ စုဝေး နေထိုင်ကြတဲ့ နေရာလိုမျိုး၊ လက်နက်ကိုင်တပ်တွေ အတွက် အထောက်အပံ့ဖြစ်စေတဲ့ ရိက္ခာ၊ အကောက်အခွန်စခန်း စတဲ့ နေရာမျိုးတွေကိုလည်း အချက်အလက် စုဆောင်းရယူကာ ပစ်မှတ်ထား တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်တာ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်၊ စနစ်တွေ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေမှာ ရှိမနေကြပါဘူး။ မှောင်ခိုဈေးကွက်လိုမျိုးမှာ ဒီလို လေကြောင်းရန်ကာကွယ်ရေး လက်နက်နဲ့ နည်းပညာ ဝယ်ယူဖို့ မဖြစ်နိုင်တဲ့ အချက်၊ ငွေကုန်ကြေးကျများမဲ့ အချက်တွေက တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက် ကြီးမားတဲ့ အတားအဆီးတွေ ဖြစ်နေတာပါ။ 

ဒီလို အခြေအနေမှာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ထိရောက်အောင်မြင်မှုကို လျှော့ချနိုင်ဖို့ မိမိတို့ဘက်က လူစုဝေးတာ၊ လူမြင်သူမြင် နေရာတွေမှာ နေရာချတာတွေ ပိုမိုပြီး သတိပြု လုပ်ဆောင်ကြရမှာ ဖြစ်သလို လေကြောင်းတိုက်ခိုက်ခံရစဥ် အသက်သေဆုံးမှု တတ်နိုင်သမျှ နည်းပါးအောင် စာသင်ကျောင်းတို့လို အများနဲ့ဆိုင်တဲ့ နေရာတွေနဲ့ လူနေအိမ်တွေမှာ ဗုံးခိုကျင်းတွေ ပိုမိုပြင်ဆင် လုပ်ဆောင်ကြဖို့၊ လေယာဥ်တက်လာတဲအခါ အဆင့်ဆင့် အသိပေးစနစ်၊ ရောက်လာတဲ့အခါ အမြန်ဆုံးနှိုးဆော်တဲ့ လုပ်ဆောင်မှုတွေနဲ့ လူထုတွေကို လေကြောင်းရန်နဲ့ ပတ်သက်တဲ့ ပညာပေး၊ လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar