မြင့်အေး - ဒုတိယကမ္ဘာစစ်ရဲ့ အကျည်းတန်ဒဏ်ရာများကို ခြေရာကောက်ခြင်း
ဒုတိယကမ္ဘာစစ်ရဲ့ အကျည်းတန်ဒဏ်ရာများကို
ခြေရာကောက်ခြင်း
မြင့်အေး
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၅
ဒီခရီးစဉ်က လွန်ခဲ့တဲ့နှစ် အော့စဝစ် အကျဉ်းထောင်ကို သွားလည်ပြီးကတဲက ဒီနှစ်သွားဖို့စဉ်းစားထားခဲ့ပြီးသားပါ။
ဒါကတော့ ဂျူးအပါအဝင် လူပေါင်းတစ်သန်းနီးပါးသတ်ဖြတ်ခဲ့တဲ့ နောက်တနေရာဖြစ်တဲ့ Treblinka Killing Center ဆိုတဲ့နေရာပါ။
နောက်ခံသမိုင်းလေး အတန်ငယ်မိတ်ဆက်ရရင် ...
ဒုတိယကမ္ဘာစစ်ကြီးက ၁၉၃၉ စက်တင်ဘာလ (၁) ရက် ပိုလန်ကို ဂျာမဏီက ကျူးကျော် သိမ်းပိုက်တာက စခဲ့ပါတယ်။
နာဇီဂျာမန်တွေက ပိုလန်ကိုသိမ်းပြီးတာနဲ့ ဂျူးတွေကို ကန့်သတ်တဲ့နယ်မြေတွေနဲ့ ထိမ်းချုပ်တာကို စတင်ခဲ့ပါတယ်။ ဒါကို Ghetto လို့ခေါ်ပါတယ်။
ဂျာမန်တွေဟာ သူတို့သိမ်းပိုက်တဲ့နယ်မြေတိုင်းမှာ Ghetto ပေါင်း တစ်ထောင်ကျော် တည်ဆောက်ခဲ့ပြီး ဒီအထဲမှာ အကြီးဆုံးက Warsaw Ghetto ဖြစ်ပါတယ်။ လူပေါင်း (၅) သိန်းလောက် ထားခဲ့ပါတယ်။
Warsaw Ghetto ကို ၁၉၄၀ အောက်တိုဘာမှာ စဖွင့်ပါတယ်။
အရှေ့ဥရောပမှာ အဲ့ဒီအချိန်က ဂျူးက တသန်းခွဲလောက်ရှိပါတယ်။ ဒီအထဲက ဝါဆောက အများဆုံးပါ။ မြို့လူဦးရေရဲ့ ၃၀% က ဂျူးတွေပါ။ သုံးသိန်းခွဲ ရှိပါတယ်။ ဒီလူတွေအားလုံးကို တမိုင်ပတ်လည် ဧရိယာထဲကိုမောင်းသွင်းပြီး ခြံခတ်လိုက်ပါတယ်။
သူတို့ဆောက်ထားတဲ့အဆောက်အဦတွေထဲမှာ ညှပ်သိပ်အောင်ထားလိုက်ပါတယ်။ ထွက်ပေါက်တပေါက်ပဲထားပါတယ်။ ဆယ်ပေကျော်မြင့်တဲ့အုတ်တံတိုင်းကာလိုက်တယ်။ အပေါ်မှာ သံဆူးကြိုးတွေ တင်ထားတယ်။ အလယ်မှာ ထရော်လီသွားတဲ့ရထားလမ်းရှိပြီး ပစ္စည်းအသယ်အပို့ လုပ်ပါတယ်။ ပုလိပ်တွေ စစ်စုံထောက်တွေက ပြည့်ကြပ်နေအောင်ထားပါတယ်။ မဝရေစာပဲကျွေးပါတယ်။ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်ဖြတ်လိုက်ပါတယ်။
အစာနဲ့ဆေးဝါးကို အပြင်ကခိုးသွင်းကြရတယ်။ မိရင်ပစ်သတ်တယ်။ ငတ်သေတဲ့သူ၊ ရောဂါဘယနဲ့ သေတာကလည်း နေ့တိုင်းပါပဲ။
ခြုံပြီးပြောရရင် ငရဲခန်းပါပဲ။
၁၉၄၁ နာဇီတွေက ရုရှားကိုဝင်တိုက်ပြီး သူတို့သိမ်းတဲ့ နယ်မြေတွေထဲမှ ဂျူးတွေကိုလည်းဖမ်းပြီး ပိုလန်က Ghetto တွေဆီ ပို့ပြန်ပါတယ်။ ဒါကလည်း တစ်သန်းခွဲလောက် ရှိပါတယ်။
နောက်ပိုင်းမှာ သူတို့သိမ်းပိုက်ရာနယ်မြေတွေက ဂျူးတွေကို အဲ့ဒီလူသတ်စခန်းဆီ ပို့ခဲ့တော့တာပါပဲ။ နော်ဝေကတောင် ဂျူး (၅၀၀) ပို့ခဲ့တာပါ။
၁၉၄၂ မှာတော့ ဂျာမန်ထိပ်တန်းခေါင်းဆောင်တွေက ဂျူးတွေကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့ အစည်းဝေးကျင်းပခဲ့ပြီး ပုလိပ်မင်းကြီး Reinhard Heydrich တင်ပြတဲ့ ဂျူးသုတ်သင်ရေးကို အတည်ပြုခဲ့ကြပါတယ်။ ဒါကို operation Reinhard လို့ခေါ်ပါတယ်။
( Reinhard ကို ချက်ကိုစလိုဗက်ကီးယား ပြောက်ကျားတွေက မြို့တော်ပရတ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ စကားချပ်)
အော်ပရေးရှင်း Reinhard ကို အကောင်ထည်ဖော်ဘို့ ၁၉၄၂ မှာ လူသတ်စခန်းကြီးတွေကို လျှို့ဝှက်တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြပါတော့တယ်။ သူတို့ဟာ Belzec, Sobibor နဲ့ Treblingka သုံးခုပဲဖြစ်ပါတယ်။ ပထမတော့ ချွေးတပ်စခန်း အလုပ်ကြမ်းလုပ်ခိုင်းတာပေါ့။ လူအများကြီးကိုသတ်ဖို့ပြင်ဆင်ဆဲ အချိန်ပေါ့။ ဂက်စ်လွှတ်သတ်မဲ့အဆောက်အဦနဲ့ ကားတွေ၊ သင်္ဂြိုဟ်စက်တွေ မြေမြှပ်မဲ့နေရာတွေ အသေအချာပြင်ဆင်ပြီးမှ တနေ့ကို လူသောင်းနဲ့ချီသတ်တော့တာပါ။
တကယ်က နာဇီတွေဟာ ဂျူးလူသတ်ပွဲတွေမလုပ်မီ ၁၉၄၁ ကတည်းက ဂျာမဏီမှာ သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေက မသန်မစွမ်းတွေ၊ မွေးရာပါ ချို့ယွင်းတဲ့လူတွေကို ဖမ်းဆီးလို့ သိန်းနဲ့ချီသတ်ခဲ့တာပါ။
ဒီလူသတ်စခန်းတွေထဲမှာထင်ရှားဆုံးကတော့ အော့စဝစ်အကျဉ်းထောင်ပါ လူ တစ်သန်းကျော်သတ်ခဲ့တယ်။ ဒုတိယက Treblingka ပါ။ သူက (၉) သိန်းကျော်။ ကျန်တာတွေ ရှိပါသေးတယ်။
အဲဒီလူသတ်စခန်းကြီးတွေဆီကို Ghetto တွေထဲက လူတွေကိုပို့ပြီး သတ်ဖြတ်ခဲ့တော့တာပါပဲ။
Warsaw Ghetto ကနေ လူပေါင်း (၃) သိန်းခွဲ ပို့ဆောင်သတ်ဖြတ်ခံရပါတယ်။ ၁၉၄၃ Warsaw Ghetto ထဲမှာ အကျဉ်းသားတွေ ပုန်ကန်မှု ဖြစ်ပါတယ်။ ဒီပုန်ကန်မှုကိုနှိမ်နင်းလို့သေတာအပြင် လူသတ်စခန်းကြီးတွေကိုပို့စဉ်က မလိုက်ပါလိုသူတွေကိုသတ်ဖြတ်ခဲ့တာကိုက သေတဲ့သူ သောင်းနဲ့ချီပါတယ်။
ဒီလောက်လူအများကြီးကို ရက်ပေါင်း (၁၀၀) လောက်အတွင်းမှာ သတ်ဖြတ်ခဲ့တာပါ။
သူတို့က နည်းပေါင်းစုံနဲ့ သတ်ဖြတ်ပါတယ်။ အများဆုံးကတော့ အဆိပ်ငွေ့လွှတ်သတ်တာနဲ့ ပစ်သတ်တဲ့ နည်းပါပဲ။
ဆိုတော့ ကျွန်တော့ခရီးစဉ်က ဝါဆော ဂက်တိုကို မနက်ပိုင်းကြည့်မယ်။ နေ့ခင်းဘက် Treblingka ကိုသွားမယ်ပေါ့။
ဝါဆော ဂက်တို က ဘူတာကြီးနားတင်မို့ သွားရတာလွယ်ပါတယ်။ ဒါပေမဲ့ ပြတိုက်က မဖွင့်ပါဘူး။ ဂက်တိုလုပ်ခဲ့တဲ့ရပ်ကွက်ကြီးက ခုတော့ လူတွေနေတဲ့တိုက်ခန်းကြီးတွေ ဖြစ်နေပါတယ်။ အတွင်းပိုင်းထိမဝင်ရလို့ လက်ကျန်အဆောက်အဦတချို့မမြင်ခဲ့ရပါ။ အပြင်ကပဲကြည့်ပြီး Treblingka ကို အရင်သွားဖို့ ဆုံးဖြတ်ကြရပါတယ်။
အပြင်ကနေမြင်ရတဲ့အထဲမှာ ၁၀ ပေလောက်အမြင့်ရှိပြီး ဆယ့်ငါးပေလောက်အကျယ်ရှိတဲ့လက် ကျန် အုတ်တံတိုင်းကို မြင်ရပါတယ်။ လမ်းမကြီးကမြင်နိုင်တဲ့တိုက်ကြီးတခုမှာ လူတယောက်ပုံကြီး နံရံအပြည့်ရေးထားပါတယ်။
တကယ်တန်းက Treblingka ကိုသွားမဲ့ရထားက (၂) နာရီတစီးသာ ရှိပါတယ်။
ကျွန်တော်တို့က နေ့လည် (၂) နာရီရထားမီပေမဲ့ ထိုင်ခုံလက်မှတ်မရလို့ (၄) နာရီရထားမှ လက်မှတ်ရပါတော့တယ်။
ဒါကြောင့် ဘူတာကြီးတဝိုက်ကိုပဲ လမ်းလျှောက်လေ့လာကြပါတယ်။ မြို့လည်မှာ အလွန်လှတဲ့ ဘုရားကျောင်းကြီးတခုရှိပါတယ်။ အနီးကိုသွားကြည့်တော့ ဒီဘုရားကျောင်းကြီးမှာ စားသောက်ဆိုင်ဖွင့်ထားတာ၊ ရုပ်ရှင်ရုံ ရှိနေတာ ကားပါကင်ကလည်း အကျယ်ကြီးဒါတောင်တပတ်လည်အောင်မကြည့်ဖြစ်ပါ။
Treblingka ကို မြို့တော်ဝါဆောကနေ ရထားနဲ့ တနာရီစွန်းစွန်း ကားလေးစီးပြီး Malkinia (မာလ်ကီညာလို့ အသံထွက်ပါတယ်။) မှာဆင်းရပါတယ်။ အဲဒီကမှ တက္ကစီနဲ့Treblinka ကို သွားရတာပါ။
ကားလမ်းဘေးနဲ့ မီတာ ၁၀၀ လောက်အတွင်းဝင်လိုက်ရင် ဧည့်ကြိုရုံးလေးတွေ့ရပါတယ်။ ဧည့်ကြိုရုံးရှေ့ ကားပါကင်ခြားထားတဲ့ တခြားတဘက်မှာ Warsaw ghetto ထဲက ဂျူးပုန်ကန်မှုကို လူပုဂ္ဂိုလ်များ၊ တခြားအထောက်အထား အဆောက်အဦ စတာတွေကို ပိုစတာအကြီးကြီးတွေနဲ့ ပြထားပါတယ်။ စစ်ပြင်ထားရချိန်မို့ ဒီပြပွဲ ပြလေသလားမသိ။
ပုံတွေကိုကြည့်ရင်း ဧည့်ကြိုရုံးကိုမေးမနေတော့ပဲ ရှေ့ခပ်လှမ်းလှမ်းကပြတိုက်ထဲ ဝင်လိုက်ကြပါတယ်။ ပြတိုက်ထဲမှာတော့ နည်းမျိုးစုံနဲ့သတ်ဖြတ်ခံခဲ့ရသူတွေ ကျန်ရစ်တဲ့အထောက်အထား၊ အိုးခွက်ပန်းကန်၊ ကလေးငယ်လေးတွေရဲ့ ကလစ်ကလေးတွေ၊ ဂျူးတွေရဲ့ ကျောက်သားပေါ်ထွင်းထုထားတဲ့ ဟီးဘရူးစာ အပိုင်းအစ ကျောက်ပြား ကျောက်တုံးတွေကို ဓာတ်ပုံအထောက်အထားတွေ ပြထားတာပါ။
ဒီလိုနဲ့ ပြတိုက်ကအထွက် ရှေ့မှာမြင်နေရတဲ့လမ်းအတိုင်း ကျောက်သားတိုင်ကြီးတွေ လမ်းညာဘက်မှစိုက်ထားတော့ ဆက်လိုက်ကြပါတယ်။
နောက်မှ ဧည့်ကြိုရုံးမမေးခဲ့တာ သတိရပြီး ပြန်လှည့်ခဲ့ကြပါတယ်။
ဧည့်ကြိုရုံးမှာ သိလိုတာတွေမေးရပါတယ်။ သူ့ဆီက သိရတာက ဂျာမန်တွေဟာ စနစ်တကျဖျက် ဆီးသွားခဲ့ကြတယ်။ ဆိုလိုတာက သူတို့နေထိုင်ရာတွေကိုပါ ဖျက်ဆီးပစ်ခဲ့ကြတယ်။ ခုဖော်ပြနိုင်တာက လူတွေအများကြီးကို တွင်းကြီးတွေတူးပြီး မြေမြှပ်ခဲ့ကြတဲ့နေရာတချို့နဲ့ ဒီအဖြစ်ဆိုးအတွက် အောက်မေ့ဘွယ် အထိမ်းအမှတ်ကျောက်တိုင်ကြီးဆီ လွမ်းဆွတ်ဆုတောင်း၊ လေ့လာကြတာပါ။ ဒါနဲ့ ပတ်သက်လို့ ရေးထားတဲ့စာအုပ်များစွာကို အခု ဒီမှာပြသထားပါတယ်။ ဝယ်လိုပါက ဝယ်နိုင်ပါကြောင်း ရှင်းပြပါတယ်။( စာအုပ်မျိုးစုံ ၁၀၀ ခန့်ရှိ)
ရုံးက မနက်(၈) နာရီကနေ ညနေ (၆:၃၀) ထိဖွင့်ပါတယ်။
ကျွန်တော်တို့ရောက်တော့ ညနေ (၅:၃၀) ဝန်းကျင်။
သူကပဲ ရုံးနောက်ဖက်ဆင်းသွားတဲ့ လမ်းအတိုင်းလိုက်သွား၊ မီတာ (၄၀၀) လောက်ဆို Memory Stoneကို ရောက်ပါလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ကျွန်တော်တို့က သွားရမယ်သိပြီးသားမို့ အပန်းမကြီးပါ။ လမ်းစလိုက်တာနဲ့ ၅*၁၅ လောက်ရှိတဲ့ မြေကျင်းကြီးကိုတွေ့ရပါတယ်။ လူအများကို မြှပ်နှံထားခဲ့တာပါ။
ညာဖက်မှာတော့ ဒီနေရာမှာ သေဆုံးခဲ့သူစာရင်းတချို့ ရေးထားပါတယ်။ ပိုလန်( အဓိက) ဂျူးတွေနဲ့ နိုင်ငံပေါင်းစုံက ဂျူးတွေ (၈) သိန်း အသတ်ခံရပါတယ်။
ပိုလန်အပါအဝင်ဟန်ဂေရီ ပြင်သစ်၊ ဩစရီးယား၊ ရုရှား စတဲ့ နာဇီကို ခုခံခဲ့ကြတဲ့ တော်လှန်ရေးသမားတွေနဲ့ ရိုမေရီးယန်းဂျစ်ပစီ စတာတွေ နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတာက ၁ သိန်းကျော်ပါတယ်။
အော့စဝစ်အကျဉ်းထောင်မှာ တသန်းကျော်သတ်ခဲ့တာပါ။ Treblinka ကလည်း (၉) သိန်းကျော်သတ်ခဲ့တဲ့ ဒုတိယအများဆုံးနေရာပါ။
သိန်းချီသတ်တဲ့နေရာတွေလည်း ရှိပါသေးတယ်။
ဒီနေရာမှာ စကားစပ်လို့ပြောရရင် မနှစ်က အော့စဝစ်သွားတော့ ကမ္ဘာတလွှားက လာတဲ့တိုးရစ်တွေ ကြိတ်ကြိတ်တိုးပါ။
ဒီမှာတော့ တောလည်ခေါင် လူသူမဲ့။
အဓိက ကွာသွားတာက မီဒီယာပေါင်းစုံက အော့စဝစ်အကြောင်းဖော်ပြမှု ပိုများတာ၊ လက်ကျန်အဆောက်အဦများစွာကျန်ရှိတာ၊ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းတာတွေကြောင့် အော့စဝစ်က အားသာတာပါ။
လမ်းညာဘက်ခြမ်း ၁၀ ပေလောက်မှာ ၁ ပေကျော်ကျော်အကျယ်ရှိပြီး ၁၅ ပေလောက် အရှည်ရှိ ရှည်မျောမျောကွန်ကရစ်တုံးတွေ ခပ်စောင်းစောင်းအနေအထားနဲ့ အစီအရီ ရှိနေပါတယ်။ ကွန်ကရစ်တုံး ၁၀၀ ကျော်မယ်ထင်ပါတယ်။
ကျွန်တော်တို့သွားနေတာ လက်သီးဆုပ်အရွယ်၊ ဒူးအရွယ် ကျောက်လုံးတွေ အဆင်ပြေသလို ခင်းထားတဲ့ အလွန်ခိုင်တဲ့လမ်းပါ။ ဒီလမ်းကို အကျဉ်းသားတွေလုပ်ခဲ့ရတာပါ။ ဒါကြောင့် Treblingka Camp 1 နဲ့ Treblingka Camp2 ဆိုပြီး ရှိတာပါ။ Camp 1 က အလုပ်ကြမ်းတွေလုပ်ခိုင်းတာ၊ စိုက်ပျိုးရေးအပါအဝင် အလုပ်ပေါင်းစုံကို နှိပ်စက်ခိုင်း၊ မသေရုံကျွေး၊ မထင်ရင် ပစ်သတ်ပေါ့။ အများစုကတော့ ရှင်သန်နေသေးတယ်။
Camp 2 ကတော့ အော်ပရေးရှင်း( Reinhard)ကို အကောင်အထည် ဖော်ခဲ့တာပါပဲ။ ဒါကတော့ ဂျူးသုတ်သင်ရေးပါပဲ။
Warsaw Ghetto က ဂျူးတွေကိုသတ်ခဲ့တာ camp 2 မှာပါ။
ဆိုတော့ ကျွန်တော်တို့က ဒီကျောက်လမ်းအတိုင်း တောထဲဘက်ကိုလိုက်သွားကြတယ်။ လမ်းဘေးဝဲယာမှာ ထောင်ကိုကာရံတဲ့ ကြက်ခြေခတ် သံမဏိတိုင်ကြီးတွေက သံခြေးတက်နေတော့ နီညိုရောင်အဆင်းနဲ့ ခက်ထန်ကြမ်းကြုတ်မှုကို ပြနေသလားထင်ရပါတယ်။
မကြာခင်ပဲ Memory Stone ကြီးကို မြင်ကြရပါပြီ။ လမ်းရဲ့ဘယ်ဘက်ခြမ်း မီတာ (၁၀၀) လောက်မှာပါ။ သူ့ဆီကို သွားရာလမ်းဘေးမှာ အရွယ်စုံ ချွန်ထက်ပြီး ညီညာမှုမရှိတဲ့ကျောက်တုံး ကြီးငယ်တို့ကိုတွေ့ရပါတယ်။
တဖြည်းဖြည်းရှေ့တိုးတာနဲ့ ကျောက်တိုင်ကြီး နောက်ဖက်ဝဲယာတခွင်တပြင်လုံး ကျောက်တုံးမျိုးစုံကို တွေ့လိုက်ရပါတယ်။
ကျောက်တိုင်ကြီးက ကျောက်တုံးကြီးတွေ ဆင့်ထပ်ပြီး တည်ထားတာပါ။ ထိပ်ပိုင်းမှာ လူသေခေါင်းနဲ့တခြားသေသူတို့ကိုအနုပညာဆန်ဆန်ထွင်းတာတာမို့ မြင်တာနဲ့မနှစ်မြို့စရာ ခံစားမှုမျိုး ခံးစားမိရတာမျိုးပါ။
ကျောက်တုံးအများစုက စာတွေမရှိပါဘူး။ တချို့ကျောက်တုံးတွေမှာတော့ နိုင်ငံအမည် မြို့အမည် စတာမျိုးတွေ ရေးထားပါတယ်။
ကျောက်တိုင်ကြီးရဲ့နောက်ဖက် ကျောက်ချွန်တိုင်တွေကြား မြေကွက်လပ်တခုရှိပြီး ၁ ပေခွဲ ပတ် လည် ခမောက်ပုံလေးတွေက ကျင်းလို့ထင်ရတဲ့ ဘေးပတ်လည်နေရာအချို့မှာ မြင်ရပါတယ်။ ခမောက်ပုံသဏ္ဍာန်တွေက အမည်းရောင်သုတ်ထားလို့ ထင်းနေအောင် မြင်သာပါတယ်။
အနားရောက်တော့ ပေ ( ၅၀) ပေ (၂၀) လောက် ကျင်းကြီးဖြစ်ပြီး ဒါကလည်း လူတွေ အစုလိုက် မီးရှို့တဲ့နေရာ မြေအောက်ခန်းကိုဝင်တဲ့အပေါက်ကြီးကို ပိတ်ထားတာပါ။ အနက်ရောင်လိုလို မီးသွေးခဲများကျွမ်းနေသလိုပုံသဏ္ဍာန်နဲ့ တံခါးပေါက်ကို ပိတ်ထားတာပါ။ စောစောကမြင်ရတဲ့ ခမောက်တွေက ခမောက်အရွယ် ၁ ပေခွဲလောက် မြေထဲက မြေပေါ်ထုတ်ထားတဲ့ မီးခိုးထွက်ပိုက် တွေရဲ့အဖုံးတွေ ဖြစ်နေတာပါ။
တကယ်က ဒီနေရာဟာ လူသိန်းနဲ့ချီ မီးသင်္ဂြိုဟ်တဲ့ နေရာဖြစ်နေတာပါပဲ။ ဒါကြောင့်ဒါကြီးနဲ့ အနီးဆုံးမှာ ကျောက်တိုင်တည်ထားတာ။
ဒီမြေအောက်ကို သူတို့မတူးဖော်ကြပါဘူး။ ဒါကို ထင်ရှားစေဖို့ မကြာခင် သိရပါတော့တယ်။
ကျောက်တိုင်ကပြန်ထွက်ပြီး ကျောက်တိုင်ရှေ့ကလမ်းအတိုင်းဆက်လိုက်ဖို့ မြေပုံကညွှန်းပါတယ်။ ဒါမှ camp 1 ဆီကို ရောက်မှာပါ။
အကွာအဝေးက ၂ ကီလိုမီတာခွဲပါ။ လမ်းကတော့ စောစောကပြောတဲ့ အကျဉ်းသားတွေ ဖောက်ထားခဲ့တာပါ။ လမ်းဘေးဝဲယာက ထင်းရူးတောကြီးပါ။ လူကလည်း မရှိပါဘူး။
ဒီလိုနဲ့လျှောက်လာကြရင်း ခပ်လှမ်းလှမ်းမှာ မိသားတစုပြန်လာတာတွေ့ရသလို သူတို့က လမ်း တခြမ်းကို အနီနဲ့ အဖြူနဲ့ကြိုးတွေ တန်းထားတဲ့အနားမှာတွေ့ရတာပါ။ တားထားတဲ့ ကြိုးက အရှည်ကြီးမို့ ကျွန်တော်တို့နဲ့ ကြိုးစတားတဲ့ နေရာမှာ ဆုံပါတယ်။ ဒါက ကျွန်တော်တို့တွေ့တဲ့ တခုတည်းသော မိသားစုပါ။
ရေးထားတဲ့စာကိုဖတ်ကြည့်တော့ ကြိုးတားထားတဲ့လမ်းပေါ်က မလျှောက်ပါနဲ့ ဒီလမ်းမှာ ဂျူးရိုးရာမှာ သေဆုံးသူတွေအတွက်ပြုလုပ်တတ်တဲ့ ကျောက်တိုင်အစအနတွေ့ရှိခဲ့လို့ သေဆုံးသူ ဂျူးတွေကို လေးစားသမှုကြောင့် နင်းခွင့်မပြုတာလို့ ရေးထားပါတယ်။
ကြိုးတားထားတဲ့လမ်းတခြမ်းက တကီလိုမီတာလောက် ရှည်ပါတယ်။
ဒါကြောင့် စောစောက မီးသင်္ဂြုဟ်တဲ့နေရာကို မတူးဖော်ဘူးလို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။
အဓိက လူသတ်ခဲ့တဲ့တွင်းကြီးရှိရာနေရာကို ရောက်ပါပြီ။ တွင်းကြီးဆီမရောက်ခင် မီတာ ၁၀၀ လောက်မှာ ဂျာမန်တွေမဖျက်နိုင်ခဲ့တဲ့ ဂိတ်စောင့် ကွန်ကရစ်ဘန်ကာတဲနဲ့ ဘန်ကာနဲ့ဘေးတိုက် (ပေ ၂၀) လောက်မှာ ကွန်ကရစ်ဖုံးထားတဲ့ မြေတိုက်ခန်းကိုခြံစည်းရိုးကာပြထားပါတယ်။ မြေအောက်ဘယ်လောက်ကြီးမယ်ဆိုတာ ဖော်ပြမထားတော့ မသိရပါ။
တွင်းကြီးက တချို့နေရာ မီတာ ၁၅၀ ခန့်ကျယ်ပါတယ်။ အလျား ၁ ကီလိုမီတာဝန်းကျင် လောက်ဖြစ်ပြီး ကျွန်တော်တို့ကြည့်တဲ့အောက်ဖက် (ပေ ၂၀၀) လောက်အနက်ရှိတဲ့ တွင်းကြီးပါ။
ဒီတွင်းကြီးထဲမှာ သူတို့ဟာ ပစ်သတ်ခံရတာ၊ ဓာတ်ငွေ့နဲ့သတ်တာ နှိပ်စက်ရိုက်နှက်သတ်ဖြတ်တာ၊ တချို့အစိပ်အပိုင်းတွေက အသေအကြေအလုပ်လုပ်ခိုင်းနေတာ စတာတွေ မျိုးစုံခံရပါတယ်။ တွင်းကြီးရဲ့ ဘေးနခမ်းတွေမှာ စစ်သားတွေစောင့်တဲ့ ကွန်ကရစ်တိုင်အချို့ ရှိနေဆဲပါ။ ကျန်ရှိနေသေးတဲ့ ကွန်ကရစ်တိုင်တွေက လူတယောက်မတ်တပ်ရပ်၊ သေနတ်ကိုတန်းပေါ်တင်ပြီးစောင့်ကြည့်တဲ့ ပစ် ခတ်နိုင်တဲ့ အသင့်အနေအထားပါ။
တွင်းကြီးက လူသတ်ကွင်းကြီးဖြစ်ပြီး သတ်ပြီးတဲ့လူအားလုံးကရှစ်သိန်းကျော် တသန်းပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့နေရာတွေသာမကဘေးဘီဝဲယာက သစ်တောကြီးထဲမှာ တွင်းပေါင်းများစွာကျန်သေးတယ်ဆိုတာ သူတို့လည်း သိကြပါတယ်။ ပြီးပြည့်စုံအောင် မရှာနိုင်ကြသေးပါ။
နာဇီတွေဘယ်လိုပဲဖုံးကွယ်စေတော့ အားလုံးကိုတော့ မဖျောက်ဖျက်နိုင်။
နောက်ဆုံးတော့လည်း နာဇီတွေဟာ အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက် နဲ့ မဟာမိတ်တပ်ပေါင်းစုရဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုအောက်မှာ မရှုမလှ ကျဆုံးသွားခဲ့ရပါတော့တယ်။
အချိန်ကြည့်တော့ ညနေ (၆) နာရီ ကျော်ပါပြီ။ (၃) ကီလိုမီတာလောက် ပြန်ခေါက်ရတော့မှာမို့ ဆက်ကြည့်ရမဲ့နေရာတခုကိုချန်ထားပြီး ပြန်လှည့်ခဲ့ကြပါတယ်။ တောလယ်မို့ မှောင်ရိပ်လည်း သန်းလာပါပြီ။
ဧည့်ကြိုရုံးရှေ့ရောက်တော့ ည (၇) နာရီနီးနေပါပြီ။ ရုံးလည်းပိတ်လို့ လူမတွေ့ရတဲ့ ကားသုံးစီးလောက်ပဲ ကျန်ပါတော့တယ်။
ပြီးတော့ တက္ကဆီဆရာကြီးကို ခေါ်ပြီးပြန်ခဲ့ကြပါတော့တယ်။
အပြန်ခရီးမှာ ကျွန်တော့အတွေးက မျက်မှောက်ခေတ်ဆီ ပြန်ရောက်လာပါတယ်။ အလွန်ထိတ်လန့်ဖွယ်အဖြစ်ဆိုးကြီးကိုရင်ဆိုင်ခဲ့ရတဲ့ဂျူးတွေဟာ ၁၉၄၈ မှာ အစ္စရေးနိုင်ငံအဖြစ် ဖြစ်တည်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ဇီယွန်နစ် လကျ်ာပါတီက နေတန်ရာဟုခေါင်းဆောင်တဲ့ လက်ထက်မှာတော့ သူတို့ ငရဲတမျှခံခဲ့ရတဲ့ ဂက်တိုပုံစံမျိုးနဲ့ ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်းတွေကို ဖိနှိပ်နေတာပါလားလို့ တုန်လှုပ်စွာသတိပြုလိုက်မိပါတယ်။
ဖိနှိပ်ခံခဲ့ရသူတွေဟာ ကိုယ်ကအသာစီးရောက်တဲ့အခါ ကိုယ့်ကိုဖိနှိပ်ခဲ့သူတို့ရဲ့ နည်းလမ်းအတိုင်း ကိုယ့်ထက်အားနည်းသူကို ထပ်တူပြုတတ်ကြပါလားလို့ သံဝေဂ ရလိုက်မိပါတော့တယ်။
(ဒီခရီးအတွက် ဘေးကနေ မကြောက်မလန့် အားပေးကူညီလိုက်ပါပေးတဲ့ ရဲဘော်ထားရီးကိုလည်း အထူးကျေးဇူးတင်ရပါကြောင်း။)
မြင့်အေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar


