Breaking News

သီအိုဇော် - အရှေ့အလယ်ပိုင်း ဓာတ်ပြားဟောင်းတချပ်နှင့် အီရန်နျူကလီးယားခြေလှမ်း (၁)

သီအိုဇော် - အရှေ့အလယ်ပိုင်း ဓာတ်ပြားဟောင်းတချပ်နှင့် အီရန် နျူကလီးယားခြေလှမ်း (၁)

မိုးမခ ၊ ဇူလိုင် ၁၇ ၊ ၂၀၂၅


‘ပြဿနာကို သဘောပေါက်ပါတယ်၊ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုတယ်ဆိုတာကို။ ဒါပေမဲ့ ပြောချင်တာက သမ္မတကြီးနဲ့ ကျနော်တို့ ပြန်မှ လုပ်နိုင်ရင် ပိုပြီးကောင်းလိမ့်မယ်လို့ပါ’

အရှေ့အလယ်ပိုင်းအကြောင်းကို မသွားခင် သမ္မတဖို့ဒ်၊ ဆူဟာတိုနဲ့ ကစ်ဆင်ဂျာတို့ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဂျာကာတာ တွေ့ဆုံစကားဝိုင်းအကြောင်းနဲ့ အစပြုချင်ပါတယ်။

အထက်ကစကားကို ပြောခဲ့တဲ့သူက ကစ်ဆင်ဂျာပါ။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ အင်ဒိုနီးရှားက အရှေ့တီမောကို ဝင်ကျူးကျော်ခဲ့ပါတယ်။ အဲဒီဝင်မတိုက်ခင် အချိန်လေးမှာ ဖို့ဒ်နဲ့ ကစ်ဆင်ဂျာက တရုတ်ခရီးစဉ်က အပြန် အင်ဒိုနီးရှားကို ရောက်နေတာပါ၊ ဆူဟာတိုက အရှေ့တီမောကို ဝင်သိမ်းဖို့ သူ့ရဲ့အစီအစဉ်ကို အသိပေးတဲ့အခါ ကစ်ဆင်ဂျာက အဲဒီလို ပြန်ပြောခဲ့တာပါ။

အရင်ကတော့ ဒီစကားဝိုင်းပါ ပြောဆိုမှုတွေ လုံးစေ့ပတ်စေ့ပါတဲ့ ဂျာကာတာ အမေရိကန်သံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနကို လှမ်းပို့တဲ့ တယ်လီဂရမ်အမှတ်- ၁၄၉၄၆ ဟာ လျှို့ဝှက်ကန့်သတ်အဆင့်ပါ။ အခုတော့ ပယ်ဖျက်ခဲ့ပြီးဖြစ်လို့ အရှေ့တီမော ကျူးကျော်မှုအစီအစဉ်ကို အိမ်ဖြူတော်က ကြိုသိတယ်ဆိုတာ တိတိကျကျ သိခွင့်ရခဲ့ကြပါပြီ။

စစ်အေးကာလအတွင်းက အင်ဒိုနီးရှားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့  နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတခုပါ။ ဆူဟာတို လက်ထက်မှာ ကူညီထောက်ပံ့မှုများစွာလည်း ရှိခဲ့ပါတယ်။ ဒေသတွင်း ကွန်မြူနစ်ဝါဒ အင်အားကြီးမား မလာနိုင် အောင် တန်ပြန်တဲ့ စစ်အေးကာလ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုလို့လည်း ပြောလို့ရပါတယ်။  ဒီလို နီးနီးကပ်ကပ်အဆက်အဆံရှိတဲ့နိုင်ငံတွေဟာ အမေရိကန်နိုင်ငံကို အသိမပေးပဲ ကြီကြီးမားမား လုပ်ဆောင်ချက်တွေ လုပ်လေ့မရှိတာကို ဥပမာပေး ပြန်ပြောင်း ပြောပြလိုတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှေ့ဆောင်နိုင်ငံကြီးဘက်ကလည်း မိတ်ဆွေနိုင်ငံဘက်ကသာ မားမားမတ်မတ် ရပ်တည်ပေးတတ်တာကို သတိ ပြုကြရပါလိမ့်မယ်။

အခုလည်း အစ္စရေးဘက်က အီရန်နျူကလီယားပစ်မှတ်တွေကို တိုက်ခိုက်မှုစတင်ခဲ့ချိန်မှာ အစ္စရေးဘက်ကပဲ သူ့ဘာသာ လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ချက်ချင်း တုံ့ပြန်ခဲ့ပေမယ့်၊ လုံးဝ ကြိုမသိခဲ့တာတော့ မဖြစ်နိုင်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးရဲ့ ဆက်ဆံရေးအပေါ် မူတည်စဉ်းစားရပါလိမ့်မယ်။ အစ္စရေးရဲ့ ပထမအဆင့် တိုက်ခိုက်မှု ထိရောက်ခဲ့ရင် ဒုတိယအဆင့်မှာ ဝင်ပါမယ်။ မထိရောက်ရင် ဝင်မပါဘူး ဆိုတာတွေလည်း ဆွေးနွေးထားခဲ့မယ်လို့ပဲ မှန်းဆရမှာပါ။ သူ့ရဲ့မဟာမိတ်တွေ အပြိုပြိုအလဲလဲနဲ့ ဆယ်စုနှစ် (၄) ခုဝန်းကျင်မှာ အင်အားအချည့်နဲ့ဆုံး ဖြစ်လာတဲ့ အီရန်ကိုကြည့်ရင်း၊ အမေရိကန်တို့ဘက်ကလည်း အခွင့်ကောင်း ကို ချိန်ဆစောင့်​ကြည့်နေမှာ သေချာပါတယ်။

အဓိက စဉ်းစားရမယ့်အချက်က အရှေ့အလယ်ပိုင်းဒေသမှာ သူတို့ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်အဖြစ် အစ္စရေးနိုင်ငံကို ရွေးချယ်လက်ခံထားမှုပါ။ ခြွင်းချက်မရှိလို့ ပြောရင်တောင် လွန်မယ်မထင်ပါဘူး။  အစ္စရေးနိုင်ငံ တည်ထောင်ချိန်ကစပြီး ၂၀၂၄ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု တခုတည်းက ပေးခဲ့တဲ့ စစ်ရေး၊ စီးပွားရေး အကူအညီတွေနဲ့ ပတ်သက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းကိုပါ ထည့်သွင်းတွက်ချက်ထားတဲ့ စာရင်းအရ ၂၀၂၃ နဲ့  ၂၀၂၄ ခုနှစ် စာရင်းတွေ အပြည့်အစုံမပါသေးတာတောင်၊ စုစုပေါင်း ဒေါ်လာဘီလီယံ (၃၁၀) လောက်ရှိတယ်လို့ Council on Foreign Relationsက ဆိုထားပါတယ်။ 

ဒီလို နီးနီးကပ် ဗျူဟာကျကျ ဆက်ဆံထားတဲ့ နိုင်ငံတခုကို မထိခိုက်ရလေအောင် အမေရိကန်နိုင်ငံက တနည်းမဟုတ်တနည်းနဲ့ ကျောထောက်နောက်ခံ ပေးမယ် ဆိုတာက အံ့အားသင့်စရာ မရှိပါဘူး။ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်၊ ဘယ်ပါတီက သမ္မတဖြစ်ဖြစ် ဒီမူဝါဒက အတူတူပါပဲ။ နိုင်ငံရေးသမားစစ်စစ်တွေရဲ့ သမ္မတသက် တမ်းတွေနဲ့ ဖျော်ဖြေရေးနဲ့ စီးပွါးရေးနယ်ပယ်ကလာတဲ့ ခန့်မှန်းရခက်သူ နိုင်ငံရေးသမားရဲ့ သမ္မတသက်တမ်းကြား ချဉ်းကပ်အကောင်အထည်ဖော်ဆောင်ရာတွေမှာသာ ခြားနားမှုတွေ ရှိနိုင်ပါလိမ့်မယ်။

လက်ရှိ ရီပတ်ဘလစ်ကင် သမ္မတရဲ့ ရပ်တည်ချက်ကိုတော့ အထူးတလည် ပြောစရာမလိုပါဘူး။ ဒီလိုဆို တကယ်လို့သာ ၂၀၂၅ သမ္မတရွေးကောက်ပွဲမှာ ‘ကင်မလာဟဲရစ်’ ကများ အနိုင်ရခဲ့ရင်ရော ဘယ်လိုရှုမြင်လိမ့်မလဲလို့ ဆန်းစစ်ကြည့်ချင်ရင်တော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့က CBS ရုပ်သံချန်နယ် 60 minutes အစီအစဉ်အတွက် Bill Whitakerနဲ့ အင်တာဗျူး အမေးအဖြေကို ပြန်ကြည့်ဖို့ လိုပါတယ်။ ဘယ်နိုင်ငံကို ယှဉ်ပြိုင်ဘက် ရန်သူဆန်ဆန် ထင်မြင်ထားသလဲ ဆိုတဲ့မေးခွန်းကို အမေရိကန် နိုင်ငံရေးသမားတွေ ဖြေဆိုလေ့ရှိတဲ့ ‘တရုတ်၊ ရုရှား’ဆိုတာကနေ ခွဲထွက်ပြီး ‘အီရန်’လို့ ဖြေဆိုထားခဲ့မှုက ဒီမိုကရက်သမ္မတလောင်းရဲ့ သဘောထားကို သိမြင်နိုင်ပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ အမြင်ဘက်ကကြည့်ပြန်ရင်လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွားလာဖို့ တားမြစ်ထားတဲ့၊ အီရန်နိုင်ငံအပေါ်  မိတ်ဆွေလိုသဘောထားဖို့ ခက်ခဲနေတဲ့ပုံပါ။ ဒေသတွင်းရှိ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်နဲ့ ကာတာ အစရှိတဲ့ အမေရိကန်စစ်စခန်းတွေကို အီရန် ထောက်ပံ့တဲ့ အဖွဲ့အစည်းများ (သို့) အီရန်ကိုယ်တိုင် တိုက်ခိုက်မှုတွေက ဖြစ်ပွါးလေ့ ရှိတာကလည်း အီရန်နိုင်ငံရဲ့ အမေရိကန်နိုင်ငံအပေါ်  ရန်လိုတဲ့ရှုမြင်ပုံကို ပြသနေပါတယ်။

အခုသတင်းမီဒီယာတွေမှာ တွေ့ရတဲ့ အီရန်နိုင်ငံက အမေရိကန် ဆန့်ကျင်ရေး၊ အစ္စရေး ဆန့်ကျင်ရေး ကြွေးကြော်နေကြတာတွေက အသစ်အဆန်း မဟုတ်ပါဘူး။ ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ်မစ်တော်လှန်ရေး ကာလတဝိုက်ကလည်း ဒီလိုပဲ လမ်းတွေပေါ်မှာ ပျံ့လွင့်ခဲ့တာပါ။ 

အီရန်က ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံထောက် ပံ့ တွေတာက ဖုံးကွယ်လို့ မရပါဘူး။ ဆီးရီးယား အာဆဒ်အစိုးရကိုလည်း အကြီးအကျယ် ကူညီခဲ့ပါတယ်။ အီရန်ပါလီ မန်အမတ်နဲ့ အမျိုးသားလုံခြုံရေးကော်မရှင် (National Security Commission) အကြီးအကဲ ဖြစ်ခဲ့သူ Heshmatollah Falahatpisheh က ပြည်တွင်းမီဒီယာတခုဖြစ်တဲ့ Etemad Online နဲ့ ၂၀၂၀ခုနှစ်မေလ(၂၀)ရက်အင်တာဗျူးမှာ ဆီးရီးယား က  အီရန်အပေါ် ဒေါ်လာဘီလီယံ(၂၀-၃၀)အကြွေးတင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ The New Arab ကတော့ စုံစမ်းသိရှိထားတဲ့ သတင်းအရင်းအမြစ်များအရ ဒေါ်လာဘီလီယံ (၃၀-၅၀) ဝန်းကျင် ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

အီရန်အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ တဘက်ခြမ်းမှာ စွဲစွဲမြဲမြဲ ရပ်နေခဲ့တာက ကြာပါပြီ။ ဇွန်လ (၁၃-၁၆)ရက်အတွင်းက အမေရိကန်နိုင်ငံမှာ ကောက်ယူခဲ့တဲ့ YouGov စစ်တမ်း အရဆိုရင်၊ ဖြေဆိုကြသူ ၅၀ ရာခိုင်နှုန်းက အီရန်နိုင်ငံဟာ အမေရိကန်နိုင်ငံအတွက် ရန်သူ၊ ၂၅ ရာခိုင်နှုန်းက မိတ်ဆွေမဆန်တဲ့နိုင်ငံအဖြစ် သဘောထားပေးခဲ့ကြပါတယ်။  

အစ္စရေးဝန်ကြီးချုပ် ‘ဘင်ဂျမင် နေတန်ယာဟု’ရဲ့ ဂါဇာကမ်းမြောင်စစ်ဆင်ရေးတွေ အပေါ် လူသားဆန်တဲ့ ရှုထောင့်က ပင်ပန်းခက်ခဲစွာ ကြည့်နေကြရတဲ့ ကာလမျိုးမှာတောင်မှ၊ အီရန်နဲ့ အစ္စရေးကြား ရန်သူမိတ်ဆွေ ခွဲခြားပေးဖို့သက်သက် စစ်တမ်းမေးခွန်းမျိုးအတွက် အဖြေကတော့ ရှင်းလင်းနေဆဲပါ။

အဓိက မစပ်ဆိုင်ပေမယ့် ထရမ့်၊ ဘိုင်ဒန်၊ ကလင်တန်တို့လို သမ္မတ မိသားစုတွေထဲမှာ ဂျူးသမက်၊ဂျူးချွေးမတွေ တွေ့မြင်ရ နေရတာကလည်း အမေရိကန်လူ့အဖွဲ့အစည်းနဲ့ ပိုပြီးအသားတကျ ဖြစ်တဲ့ လူနေမှုပုံစံကို သွယ်ဝိုက်ဖော်ပြနေပါတယ်။ ဂျူးလူဦးရေ စာရင်းအရလည်း အစ္စရေးနိုင်ငံ ပြီးရင် (၁၀-၁၅) ရာခိုင်နှုန်းလောက်သာ လျော့နည်းပြီး အမေရိကန်နိုင်ငံက ကမ္ဘာမှာ ဒုတိယ လိုက်ပါတယ်။

YouGov စစ်တမ်းမှာ ပါဝင်ကြသူများအနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ တကန့်စီ ပိုင်းခြားထားပြီး၊ အီရန်နဲ့ အစ္စရေး ဘယ်သူရန်သူ၊ ဘယ်သူ မိတ်ဆွေ ဆိုကာ ရှင်းရှင်းလင်းလင်း ခွဲခြားထားကြတဲ့ပုံလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ အမေရိကန်ပြည်ထောင်စုကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု မပြုစေချင်ကြတာကိုလည်း စစ်တမ်းရလဒ်မှာ တွေ့ခဲ့ရပါတယ်။ ဒီကောက်ခံမှုက အီရန် နျူကလီယားပစ်မှတ်တွေကို အမေရိကန်နိုင်ငံက ဗုံးကြဲတိုက်ခိုက်မှုတွေ မပြုလုပ်ရသေးတဲ့အချိန်မှာ ပြုလုပ်ခဲ့တာပါ

ဖော်ပြခဲ့သလို အမေရိကန် အပါအဝင် အနောက်နိုင်ငံများရဲ့ မတိမ်းစောင်းတဲ့အမြင်၊ ခိုင်မာတဲ့ရပ်တည်မှုတွေကြောင့်၊ အရှေ့အလယ်ပိုင်း​မှာ အစ္စရေးနဲ့ ပတ်သက်တဲ့ ဘယ်ပြဿနာတွေမှာမဆို သက်ဆိုင်ရာ အစိုးရတွေဘက်က ဘယ်လို လေသံထွက်ပေးကြမယ် ဆိုတာကို အထူးတလည် ပဟေဋိ ဖြစ်နေစရာမလိုဘူးလို့ပဲ မှတ်ချက်ပေးရမှာပါ။ 

အရှေ့အလယ်ပိုင်း​ပြဿနာတွေဟာ ရှုပ်ထွေးပြီး၊  ကြည့်တဲ့ရှုထောင့်ပေါ် မူတည်ကာ အမြင်တူကြဖို့ ခက်ခဲပါတယ်။  ဒါ့ကြောင့်လည်း ဆယ်စုနှစ်များစွာသာ ကုန်ဆုံးခဲ့တယ်၊ လက်တွေ့ကျတဲ့ အလုံးစုံအဖြေထွက်မလာနိုင်ခဲ့တာက မျက်မြင်ပါပဲ။  ဒါပေမဲ့ တူညီမှုတခုကတော့ ဘယ်လိုအကြောင်းအရာပေါ်  အခြေခံပြီး၊ ဘယ်ပုံ ရုတ်တရက် ပြဿနာမီးတောက်ခဲ့ပါစေ၊ အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စု မဟာမိတ်တွေ ကျောထောက်နောက်ခံပေးကြမှုပုံစံက အသံကျယ်ကျယ် သို့မဟုတ် တိုးတိုးသာ ကွာကြပါလိမ့်မယ်၊ရပ်တည်မှု အစဉ်အဆက် မပြောင်းလဲဘူး ဆိုတာကိုပါ။ လူ့အခွင့်အရေး စံနှုန်းစံထားတွေဟာလည်း ဒီနေရာမှာတော့၊ ရာဘာကြိုးလို အတင်း အလျှော့ လုပ်လို့ ရသွားတဲ့အထိ ဖြစ်ကုန်ကြပါတယ်။

ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးသွားတဲ့တိုင်အောင် နောက်ဆက်တွဲ အကျိုးဆက်တွေက ဆက်ကျန်ရှိနေဦးမှာပါ။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်စိတ်ဓာတ်တွေ ခိုင်မာသထက် ပိုခိုင်မာသွားခဲ့ရင်တော့၊ အရှေ့အလယ်ပိုင်း​ဒေသအနေနဲ့ အဆိုးကျော့သံသရာစက်ဝန်းထဲက လွတ်မြောက်ဖို့  ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပြားဖွင့်တဲ့ စက်အမျိုးအစားတွေ ဘယ်လို ပြောင်းပြောင်း၊ ဓာတ်ပြားဟောင်းကိုပဲ ထည့်ဖွင့်တဲ့အခါမှာတော့၊ ဘယ်အချိန်ဖွင့်ဖွင့် ဒီသီချင်းသံပဲ ထွက်လာမှာပါလို့သာ မှတ်ချက်ပြုရပါလိမ့်မယ်။

(ဆက်လက်ဖော်ပြပါဦးမည်)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar