Breaking News

ရေဘေးဒဏ် တလှည့်ခံစားကြရဦးမယ့် မြန်မာပြည်သူတွေရဲ့ ဘဝ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၅


ရေဘေးဒဏ် တလှည့်ခံစားကြရဦးမယ့် မြန်မာပြည်သူတွေရဲ့ ဘဝ

နှစ်စဥ် မိုးရာသီမှာ ရေကြီးမှုဒဏ်ကို မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ခံစားနေကြရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းရဲ့ အကျိုးသက်ရောက်မှုလို့လည်း ဆိုနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုဖြစ်တဲ့ ပြင်းထန်အစွန်းရောက်တဲ့ ရာသီဥတု လက္ခဏာတွေ ဖြစ်တဲ့ မိုးသည်းထန်ခြင်း၊ ပြင်းထန်တဲ့ မုန်တိုင်းတွေ အကြိမ်ရေများများ ဖြစ်ပေါ်ခြင်းတွေ အပြင် မိမိတို့ နေထိုင်ရာ ဒေသတွေမှာ သစ်တောပြုန်းတီးလာခြင်းကြောင့်လည်း မိုးသည်းထန်ခြင်းနဲ့ ရုတ်တရက်ရေကြီးတာ၊ ချောင်းရေ မြစ်ရေ မြင့်တက်လာပြီး လူနေအိမ် စိုက်ပျိုးခင်းတွေ၊ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ သေကြေပျက်စီးတာတွေ ပိုမိုဖြစ်ပွားလာ နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် အန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံတွေ စာရင်းထဲ ပါဝင်နေပြီး တမြန်နှစ်က ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မိုခါ မုန်တိုင်းက ရခိုင်ပြည်နယ်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သလို ယမန်နှစ်ကတော့ တောင်တရုတ်ပင်လယ်က အနောက်ဘက်ကို ဝင်ရောက်လာတဲ့ ယာဂီမုန်တိုင်းအကြွင်းအကျန် မိုးတိမ်တွေကြောင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း တို့မှာ ရာဂဏန်းနဲ့ချီတဲ့ လူသေဆုံးမှု၊ ကြီးမားတဲ့ ပမာဏနဲ့ နေအိမ် လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ်မှာ မိုးလယ်ကာလလို့ဆိုရမယ့် ဇူလိုင်လ မကုန်ခင်ကာလမှာ မုတ်သုန်လေအားကောင်းခြင်းကြောင့် မိုးရက်ဆက်သည်းထန်ရာကနေ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းရှေ့နဲ့ ရှမ်းတောင် ဒေသတွေမှာ ရေကြီးမှုနဲ့ ရင်ဆိုင်လာကြရပြန်တာ ဖြစ်ပါတယ်။ မဲဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် တာချီလိတ်မြို့ နဲ့  ကပ်လျက် အိမ်နီးချင်းထိုင်းနိုင်ငံ မဲဆိုင်မြို့တို့ ဇူလိုင် ၂၇ ရက်နှောင်းပိုင်းက စလို့ရေကြီးနေပြီ လို့ သတင်းတွေမှာ တွေ့ကြရပါတယ်။ တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ ရွှေညောင် တို့မှာလည်း မိုးသည်းထန်မှုကြောင့် ချောင်းရေ မြင့်တက်လာပြီး လူနေရပ်ကွက်တွေ၊ စာသင်ကျောင်းတွေ ရေဝင်ရောက်နေတာ လူမှုကွန်ရက်မှာတွေ့ နေရပြီ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြဝတီမြို့ ရေကြီးခဲ့ကာ ခု ဇူလိုင် ၂၇ ရက်မှာတော့ ဖားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ၄ ပေကျော် ကျော်လွန်ရောက်ရှိနေပြီး လူနေရပ်ကွက်တွေ ရေဝင်ရောက်နေပြီဖြစ်ပါတယ်။ ပဲခူးမြစ်နဘေးက ပဲခူးမြို့လည်း ရေကြီးမယ့် အန္တရာယ်ရှိနေသလို စစ်တောင်းမြစ်နဘေးက တောင်ငူမြို့လို မြို့တွေလည်း ရေကြီးနိုင်တဲ့ အန္တရာယ် ရင်ဆိုင်နေကြရတာ သတင်းတွေထဲတွေ့မြင်နေကြရပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခတွေ သက်ရောက်မှုရှိတဲ့ ဒေသတွေမှာ ရေကြီးတဲ့အခါ နကိုကတည်းက မိမိတို့နေအိမ်တွေ၊ မိမိတို့မြို့ရွာတွေကနေ တိမ်းရှောင်နေကြရချိန်မှာ ရေဘေးနဲ့ ထပ်မံရင်ဆိုင်ကြရတဲ့ အခြေအနေမျိုးက ဒုက္ခပေါ် ဒုက္ခဆင့်ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် မိုးသည်းထန်တာနဲ့ တောင်ကျရေ၊ မြစ်ချောင်းရေတွေက လျင်မြန်စွာ လူနေဒေသတွေ၊ စိုက်ပျိုးခင်းတွေဆီ ရောက်ရှိလာပြီး အသက်ဆုံးရှုံး၊ စားနပ်ရိက္ခာ ဆုံးရှုံးတာတွေ ဖြစ်ပေါ်ကြရပါတယ်။ 

ပြည်တွင်းစစ် ၄ နှစ်ကျော် ၅ နှစ်နီးပါး ဆင်နွှဲလာကြတာကြောင့် အခုလို သဘာဝဘေး အန္တရာယ် ကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေးတွေကို သာမန်ကာလတွေလို အင်အားအပြည့်နဲ့ အစိုးရတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ အကူအညီအထောက်အပံ့တွေနဲ့ လုပ်နိုင်တဲ့ အနေအထားမရှိတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကျရောက်ခဲ့စဥ်က စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြား ထိန်းချုပ်ထားဆဲဖြစ်လို့ မုန်တိုင်းပြီးနောက် ကယ်ဆယ်ရေးတွေကို ဟန်ပြသဘောလောက်တော့ လုပ်ပြခဲ့ရတာ သတိပြုမိကြပါလိမ့်မယ်။ အခုနှစ်မှာ ရခိုင်ပြည်နယ် မြို့နယ်အချို့ မှာ ရေကြီးတဲ့ သတင်းတွေပေါ်ထွက်လာပေမယ့် စစ်ကောင်စီ အနေနဲ့ ၄င်းတို့ လက်ထဲ ကျောက်ဖြူနဲ့ စစ်တွေမြို့ ၂ မြို့သာရှိတော့တာကြောင့် ရခိုင်ရေဘေးကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ဝတ္တရား မရှိတဲ့ အနေအထားမျိုး နဲ့ မြင်တွေ့ရပြီး ရခိုင်ပြည်နယ်ကို ကုန်စည်တွေ မဝင်ရောက်အောင် စစ်ကောင်စီရဲ့ ပိတ်ဆို့မှုက သဘာဝ ဘေးကျရောက်မှုကို ပိုမိုဆိုးရွားစေတာလည်း တွေ့ရပါတယ်။ 

စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ မတ်လ နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကနေ ကောင်းစွာ နာလန်မထူသေးခင်မှာ နောက်ထပ် ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် အနေအထားလည်း ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ ပြည်တွင်းစစ်က နိုင်ငံရဲ့ စီးပွားရေး ကို သိသိသာသာ ဆုတ်ယုတ်ကျဆင်းစေပြီး ထုတ်ယူနိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေကို အလွန်အကျွံထုတ်ယူမှုတွေ ဖြစ်စေကာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ သယံဇာတ ထုတ်ယူမှုကနေ ရရှိတဲ့ ငွေကြေး အခွန်အကောက်တွေက စစ်ပွဲတွေရဲ့ အသုံးစရိတ်နဲ့ စစ်ပွဲတွေကြားထဲ အမြတ်များများ ကျန်မှ ထုတ်ယူမယ့် လုပ်ငန်းရှင်တွေရဲ့ အိတ်ထဲ ရောက်ရှိကုန်ကြတာဖြစ်ပြီး အခုလို သဘာဝဘေးအန္တရာယ်ကျရောက်ချိန် ကူညီပေးမယ့် ရံပုံငွေမျိုး ဘယ်အဖွဲ့အစည်းမှာမှ မရှိကြတော့တဲ့ အနေအထားမျိုး ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကတော့ စစ်ပွဲအောင်နိုင်ရေးသည် ပထမ၊ စစ်ပွဲအောင်နိုင်ရေးသည် ဒုတိယ၊ တတိယ လို့ ယူဆကောင်း ယူဆထားကြတာလည်း ဖြစ်ပါလိမ့်မယ်။ လူထုရဲ့ အသက်ရှင်သန်နေထိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေက စစ်အာဏာရှင်ကို အပြီးတိုင် မအောင်နိုင်ရင် ဖေါ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ယုတ္တိအဆိုနဲ့ လောလောဆယ် အခြေအနေတွေကို အဖြေမရှာနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ပြည်သူလူထုတွေ အဖို့တော့ အပြီးအပြတ် စစ်ပွဲအောင်နိုင်မှု ပန်းတိုင်မရောက်ခင်မှာ စစ်ဘေး၊ သဘာဝကပ်ဘေး နဲ့ အငတ်ဘေးတွေကနေ ရှင်သန်ကျန်ရစ်ဖို့ အသည်းအသန် ရုန်းကန်နေကြရတဲ့ အခြေအနေထဲကျရောက်နေတာလည်း တွေ့မြင်နေကြရတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar