ရှင်ရဲထွဋ် - ရေချိုးခန်းထဲကအော်သံများ
ရေချိုးခန်းထဲကအော်သံများ
ရှင်ရဲထွဋ်
(မိုးမခ)ဩဂုတ် ၃၁၊ ၂၀၂၅
မတော်တဆတွေကိုပြုံးပြုံးကြီးကြည့်တတ်တဲ့
လူ့ယဉ်ကျေးမှုဆိုတာကမ္ဘာပေါ်မှာမပေါ်ပေါက်
သေးသ၍
နက်ခ်တိုင်ကိုလျှော့ပြီးသက်ပြင်းချရတဲ့အလုပ်တွေပိုနေဦးမှာပဲ၊
လူဆိုတာ
နားရွက်ပြတ်သွားလည်း
ပန်းချီကတော့ဆက်ဆွဲရဦးမှာပဲ၊
ကိုယ်မကြည့်လိုက်ရတဲ့ရုပ်ရှင်က
လွမ်းခန်းတွေဟာကိုယ့်မျက်ရည်နဲ့မဆိုင်သလိုလည်းနေတတ်ဦးမှ၊
လက်သည်းဆိပ်မှလက်ထိပ်နာတတ်တဲ့
အကဲဆတ်မှုမှာ
လေဒီဒိုင်ယာနာရဲ့သွေးစွန်းကုတ်အင်္ကျီဟာ
ရင်တုန်ပန်းတုန်စရာမဖြစ်ခဲ့သလောက်
ယုန်နဲ့အတူပြေးပြီးခွေးနဲ့အတူလိုက်ရင်း
ရေတိမ်နစ်တဲ့ဇာတ်လမ်းကျမှ
ကိုယ့်ကိုယ်ကိုပြန်ဆယ်တင်ဖို့အတင့်ရဲလာကြ၊
နောက်ကျောကဓားကိုကြည့်ပြီးငေါက်ခနဲ
ထထိုင်၊
ကျည်စားသန်လွန်းတဲ့ဒေဝဒတ်ဟာ
ဘယ်ချောင်ကထိုးထွက်လာ၊
နောက်ဆုံးတော့အိပ်မက်ဟာ
ဧဝရက်တောင်ပေါ်ကပြုတ်ကျခန်းနဲ့သာ
အဆုံးသတ်ခဲ့၊
သားသတ်ရုံဟာ
လည်စင်းပေးမှသက်သာမယ့်သေခြင်းတရားလား၊
အစော်ကားခံ တောင်နံရံကပဲ့တင်ထပ်သလို၊
ရှေ့သွားတိုင်းကျောမလုံတဲ့
အလမ္ပါယ်ဆရာလက်ထဲကမြွေလို
ဘယ်အချိန်အဆိပ်ထုတ်ခံရမလဲ၊
စံနစ်ကြီးမကောင်းတာကို
မျက်မှန်စိမ်းတပ်ပြီးကာကွယ်လို့မရဘူး၊
တနင့်တပိုးကျဆုံးခန်းထဲသိမ်ငယ်လာတဲ့အခါ
ရေချိုးခန်းကိုအလကားမထားပါနဲ့၊
ရေပန်းကိုအဆုံးထိဖွင့်လိုက်ပါ
သီချင်းတပုဒ်ကိုအကျယ်ကြီးဆိုဖို့ဖြစ်ဖြစ်
ဒါမှမဟုတ်
အားရပါးရငိုကြွေးဖို့ပဲဖြစ်ဖြစ်၊
၂၉ ဩဂုတ် ၂၀၂၄
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar