မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၃)
မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၃)
မိုးမခ ၊ ဩဂုတ် ၃၁ ၊ ၂၀၂၅
"တနင်္ဂနွေကို ကာကွယ်ကြဟေ့"
"ကိုလ်ရီ" က အားလုံး ကြားရန် ကြွေးကြော်နေပါသည်။ ထိုနေ့က ကျနော် အလုပ်ထဲ ရောက်ရောက်ချင်း ကြော်ငြာဘုတ်ရှေ့ ၌ လူစုလူဝေး ဖြစ်နေသည်။ ကြေညာစာရွက်ကိုကြည့်ကာ ခေါင်းချင်းဆိုင်နေကြပါတကား။
"တနင်္ဂနွေကို ကာကွယ်ကြဟေ့"
"ကိုလ်ရီ"က ထပ်မံအော်ဟစ်လျက် ထွက်ခွာသွားပါလေပြီ။
ကြော်ငြာလွှာက ဆန်းပါပေသည်။
ကျနော်တို့ အလုပ်ရုံ၌ ခပ်ချောင်ချောင် လည်ပတ်ရသော စက်လေးတစ်လုံး ရှိသည်။ ရေခဲသေတ္တာ အကြီးစားတစ်လုံးစာမျှသာ ရှိသော စက်ပင်။ ကုန်ကြမ်းတောင့်များအား အံခွက်ထဲ သွန်ထည့်ထားပြီး ခလုတ်နှိပ်ထားရုံဖြင့်သူ့လမ်းကြောင်းအတိုင်း ကွေ့ကာပတ်ကာသွားပြီးနောက်၊ လေဆာပရင်တာကို ဖြတ်ပြီး စက်ပေါက်မှ ပြန်ကျလာမည်။ ဆန်ကာခွက်ဖြင့် ခံထားကာ အတောင့် ၂၀၀၀ လျှင် တစ်ထုပ်။ ၂ ထုပ်လျှင် တစ်ပါကင် ပိတ်ကာအပြင်၌ စီတန်းချထားလျှင် ပြီးပါပြီ။ ၈ နာရီစာအတွက် အတောင့် ၁ သိန်းဝန်းကျင် ထွက်သည်။ ၁၀ နှစ်အရွယ်ကလေးတစ်ဦးပင် မောင်းနိုင်သည့်စက် ဖြစ်ပါသည်။
ကြော်ငြာလွှာကို ကျနော် ကြည့်မိတော့ ထိုစက်အား ယခုစ၍ ၂၄ နာရီပတ်လုံး လည်ပတ်စေရန် အော်ဒါ ၃ လစာမျှ ရှိပါကြောင်း။ အသင်တို့ အချိန်ပိုဆင်းလိုလျှင် ယခုပင် စာရင်းသွင်းပါလော့။
ထူးခြားချက်ကား-
သင်တို့ ခါတိုင်း စနေ အချိန်ပို (၆) နာရီအစား၊ ယခု (၈) နာရီဆင်းရမည်။ တနင်္ဂနွေ၌သာ (၆) နာရီတစ်ဖြတ် သတ်မှတ်ပါသည်။ ထို့ပြင် အခြားစက်ကြီးတစ်လုံးလုံးပါ အလှည့်ကျ လည်ပတ်စေမည်ဖြစ်၍ တစ်ဆိုင်းလျှင် ဤအလုပ်ရုံ၌ ဝန်ထမ်း ၂ ဦး ရှိစေရမည်။ မနက်၊ နေ့၊ ည မည်သူ ဆင်းလိုသည်ကို ယခုပင်မနှေး စာရင်းပေးကြကုန်လော့၊ သပုရိသအပေါင်း ဝန်ထမ်းကောင်းတို့ ဟူသတည်း။
ဒုက္ခပါပဲ။ ကျနော် လန့်သွားသည်။
"မပုံ" က "၂ ဆ၊၂ ဆ"ဟု တတွတ်တွတ်။
ကျနော် ရင်တွေခုန်လာပြီ။ အဖွဲ့ခေါင်းဆောင် ဂျင်က ကျနော်နှင့် မပုံကို လှမ်းခေါ်ပါသည်။
"၂၄ နာရီ လည်ရမယ်ဆိုတော့ အခြားဆိုက်က လူတွေတို့ဆီမှာ ထရိန်နင်လာဆင်းကြမယ်။ ပြီးရင် သူတို့လည်းအချိန်ပိုဆင်းကြမှာ။ မင်းတို့ နာမည်စာရင်းတွေ ဖြည့်ထားလို့ ရတယ်။ စနေ၊ တနင်္ဂနွေ ၂ ပတ်ဆက်တိုက် ဆင်းချင်ရင်တော့ ကြားတစ်ရက်မှာ အားလပ်ခွင့် တင်ရမယ်။ အားလပ်ရက် ရက်ပိုကျန်တဲ့သူ ရမယ်။ ၁၄ ရက်ဆက်တိုက် ဆင်းခွင့်မပြုဘူး၊ ဥပဒေပဲ"
ကျနော် ထိုမျှထိ ဘာသာစကား နားလည်စွမ်းမရှိသဖြင့် မပုံကို မေးရသည်။
"သူ ပြောတယ်၊ ဥပဒေအရ ၁၄ ရက်ဆက်တိုက် ဆင်းခွင့်မပြုဘူး။ ကိုယ့်မှာ တစ်နှစ်စာ အားလပ်ရက် ကျန်သေးရင်ကြားမှာ တစ်ရက် ခွင့်ယူခိုင်းတာ၊ စနေ ဆင်းရင် ၁ ဆခွဲ၊ တနင်္ဂနွေပါ ဆက်ဆင်းရင် ၂ ဆ ရမယ်။
■
"တနင်္ဂနွေ ဆင်းရင် ၂ ဆ ပေးမယ်"
"တနင်္ဂနွေကို ကာကွယ်ကြ"
"စနေနေ့ စိုး ၊ စိုး စနေနေ့"
"၂ ဆ၊ ၂ ဆ"
"ကာကွယ်ကြ၊ ကာကွယ်ကြ"
"ကိုစိုးရေ၊ တတ်နိုင်သလောက် ဒီလ ကူပါဦး"
"စစ်ဘေးရှောင်တွေ သိပ်သနားစရာပါ ကိုစိုးရယ်"
"ကိုစိုးရေ"..."ကိုစိုး"
■
အလံတော်သည် စက်ရုံရှေ့ အလံတိုင်၌ တလွင့်လွင့်။
ကျနော် သမ်းဝေလျက် ကားပေါ်မှာ ငေးငိုင်လို့။
ဖုန်း၌ မကြာခင် အလန်းသံ ပေါ်လာတော့မည်။
ကျနော် နွေဦးအတွက် တနင်္ဂနွေကို ရောင်းချခဲ့ပြီ။ မည်မျှကြာပြီနည်းကွယ်၊ မည်မျှ ကြာဦးမည်နည်း။
နွေဦးသည် တရွေ့ရွေ့။
■
မာန်(တောင်လုံးပြန်)
ခေတ္တ-ယူအက်စ်အေ
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar