Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သေးပေါက်ပွဲ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သေးပေါက်ပွဲ

မိုးမခ ၊ ဩဂုတ် ၁၈ ၊ ၂၀၂၅


မအလရဲ့ သေးပေါက်ပွဲကတော့ မိုက်ပြီလေ။

သေးပေါက်ပွဲ အောင်မြင်ဖို့ဆိုတာ ဘယ်နှကောင် ပေါက်မှ အောင်မြင်မယ် ဆိုတာမရှိဘူးတဲ့။ ဘယ်နှကောင်ပေါက်ပေါက် အောင်မြင်တယ်တဲ့။ ဓာတ်တိုင်ကို သေးပန်းခဲ့မလား။ လမ်းဘေးအုတ်ခုံကို ပန်းခဲ့မလား၊ ကိုယ့်ခွေးချေးပုံကိုဘဲ ကိုယ်ပြန်ပန်းမလား၊ ရတယ်တဲ့။ ရပ်ထားတဲ့စက်ဘီးကို လူအလစ်ပန်းပန်း၊ ဆိုင်ကယ်ကို လူအလစ်ရွဲရွဲ ဘယ်လိုဖြဲဖြဲ သေးပေါက်ပွဲ အောင်မြင်တာဘဲတဲ့။ ဘယ်နှကောင် ပန်းမှတို့၊ ဘယ်အကောင် ပန်းမှတို့ မရှိဘူး။ ဘယ်နေရာပန်းမှရယ်လို့ မရှိဘူး။ ဘယ်လိုပန်းမှရယ်လို့ မရှိဘူးဆိုတော့ အောင်နက်ဖာထီ၊ ဂုတ်ကျားဖာထီ၊ မြီးတိုဖာထီ၊ ဟောင်ကောင်ဖာထီ၊ ရန်အောင်ဖာထီတို့ ပျော်ကြပြီလေ။ သုနခတိုင်း ခွေးတန်းစေ့တော့မယ်ဆိုပြီး ‌ခွေးချုပ်ကို သေးပုတ်နဲ့ဝိုင်းပမ်း ဂုဏ်ပြုခန်းကြီး ဝှဲချီးကျင်းပကြပြီလေ။ 

ဟေ့ယောင်ဒေ မင်းရို့ဖာထီဝင်တွေ ဘယ်နှကောင်ရှိရှိ ရဒယ်၊ မင်းရို့ကို ဘယ်နှကောင်ပန်းပန်း အပန်းမြောက်ဒယ်။ တမြို့နယ်လုံးမှာ တကောင် လာပန်းရင်ကို အပန်းမြောက်တယ်လို့ ခွေးချုပ်မှူးကြီးက ပျော့နေဗြီဆိုပြီး လှည့်အူတဲ့ကောင်အူ ပတ်ဟောင်တဲ့ကောင်ဟောင်နဲ့ ခွေးဝဲစားတွေ ခွေးဘုရားပွဲ တွေ့နေကြတယ်။ ခွေးထီး ခွေးမ ခွေးပေါက်စမကျန် အမြီးတနံ့နံ့ ဖင်တရမ်းရမ်းနဲ့ ရပ်ကွက်လှည့်ကြမ်း‌နေကြတယ်။ 

ဟေ့ယောင်ဒေ ခွေးခွေးချင်း မရိုင်းပင်းရင် အရေးယူမယ်၊ ခွေးသူခိုးချင်း သွားမဖြီးရ၊ ခွေးသူခိုးချင်း သွားချီးပြရင် စပယ်ရှယ်ကိုင်မယ်။ ခွေးချင်းကိုက်ရင် ပိုနာမယ်လို့ ခွေးချုပ်မှူးကြီးက မိန့်တယ်။ ဖွတ်ဖွတ်ချင်း အမြီးလိမ်သလို ခွေးခွေးချင်းအမြီးမလိမ်ရ၊ သုနခဟိတအသင်းဒေထောင်ရမယ်တဲ့။ ခွေးချုပ်မှူးကြီးက သုနခအသင်းတိုင်းရဲ့ ထာဝရနာယကချုပ်တဲ့။ ယာယီနာယကချုပ် မဟုတ်ဘူးနော်။ ယာယီသမ္မတ လုပ်ရတာကို အာသာဖြေချင်လို့တဲ့။ 

ခုဆို ခွေးတွေဟာ ခွေးဘိုးစဉ်လာ တော်သလင်းလ မိတ်လိုက်လဥပဒေကို ဖျက်သိမ်းပြီး အဘချုပ်ရဲ့ထာဝရခွေးဖင်ပူးရမယ်အဓိဋ္ဌာန်အောင်ပြီဆိုပြီး အဆီဗူးတရမ်းရမ်း ဂွေးတရမ်းရမ်းနဲ့ လမ်းသလားနေကြပြီ။ ခုဆို သူတို့အတွက် ဝါဝင်ဝါထွက် မရှိတော့။ သီးတင်းကျွတ်ကျွတ် မကျွတ်ကျွတ်။ တန်ဆောင်မုန်းမုန်း ချစ်ချစ်။ အချိန်မရွေးမွေး အချိန်မရွေးလိုက် ခွေးအသိုက်အဝန်း အမြန်ချဲ့ထွင်ရမယ်ဆိုတဲ့ အဘမူဝါဒကို အကောင်အထည်ဖော်နေကြပြီ။ လက်ပံပွင့်ချိန် ခွေးရူးချိန်မဟုတ်တော့၊ ဆယ့်နှစ်လရာသီ ရူးကြဘီ။  အဘလင်မယားတောင် လမ်းပေါ်က မပြန်တော့။ ခွေးဇာတ်ခင်းရတာ ပျော်နေပြီ။ ခွေးဆိုတာ သူ့မယား ကိုယ့်လင်ရယ် မရှိ မြင်မြင်သမျှ မဟုတ်လား။ ညီအစ်ကို မောင်နှမ မရှိ၊ မိမသိ ဖမသိ ဗြိချင်ရာဗြိလေ။ ပျော်တာပေါ့ အမေရယ် ဆိုပြီး ချေးစားခွေးဘဝမှာ ရည်းစားလေးနဲ့ နန့်နေတာကြာပြီ။ 

ခွေးသဘင်ကျင်းပဖို့ကလဲ ခွေးကောင်ရေ သတ်မှတ်ချက်မထား၊ ရတဲ့နေရာမှာ ရှိတဲ့ခွေးနဲ့ ကျင်းပမယ်၊ စတန်းဒတ်ခွေးဖြစ်ဖြစ်၊ ဒရမ်းခတ်ခွေးဖြစ်ဖြစ် အကန်းငတ်ခွေးဖြစ်ဖြစ် ခွေးဖြစ်ရင် ရတယ်။ ခွေးသုံးလေးကောင်အမြီးနန့်ရင် သူကြီးခန့်မယ်။ ခွေးလောကအတွက် ခွေးသဘောကျလုပ်၊ ဘယ်လူပြောတာမှ ဂရုစိုက်ဖို့မလို။ ဘယ်လူမှ ခွေးမထင်။ ဘယ်ခွေးမှ လူမမှတ်။ ခွေးကတက် လူမတက်ရဥပဒေပြဌာန်းလိုက်ပြီ။ သားရေနားအိပ် သားရေနားစား၊ ခွေးစကားပြော၊ ကျွေးတဲ့လက်ကိုကိုက်ဖြတ် ခွေးရူးပြန်ပိုးထည့်ပြီးလူသတ်၊ ခွေးဇာတ်တွေ တဇာတ်ပြီးတဇာတ်ခင်း၊ ခွေးသတင်းခွေးချင်းဆောင် ခွေးမှုမီဒီယာထောင် ဟောင်သံမပြတ် အူသံမတိတ် ခွေးစိတ်ခွေးမန်ထက်သန်ရေး ခွေးအသိခွေးသတိမြှင့်တင်ရေးတွေ တရစပ်လုပ်နေကြတယ်။

လမ်းပေါ်ခွေးတွေက အမျိုးအစား စုံလင်တယ်။ တောခွေးစစ်စစ် ရှိတယ်။ တောခွေးအစပ်လဲ ရှိတယ်။ ရုရှားပြန်ခွေးလည်း ရှိတာယ်။ သူတို့က အမဲလိုက်တော်တယ်။ ခွေးအ ရှိတယ်။ ခွေးထဲမှာမှ အခိုင်းခံခွေးသက်သက်။ ရုရှားပြန်ခွေးတွေရဲ့ ချေးပြန်စားရတဲ့ ချေးစားခွေးတွေ။ သူတို့က တောခွေးထက်အဆင့်နိမ့်တယ်။ နောက် မြေခွေးရှိတယ်။ ကောက်ကျစ်တဲ့နေရာမှာ ဆရာကြီးတွေပေါ့။ ဟောက်စား ခိုးစား အနိုင်ကျင့်စားရာမှာလဲ ဆရာကြီးတွေ၊ ဂွေးတောက်မြစ် ခွေးကောက်ကျစ်ကြီးတွေပေါ့။ သွေးစုပ် ခွေးချုပ်ဖြစ်နိုင်တဲ့ လယ်ဗယ်တွေပေါ့။ မြေခွေးစပ်တွေလည်း ရှိတယ်။ သူတို့က မြွေပွေးဇာတ်ပါတဲ့ကောင်တွေ၊ အဆိပ်ပါ ပြင်းတယ်။ တချို့ကောင်က မူလခွေးဝဲစား။ တချို့ကောင်က ဖွတ်ကနေ ခွေးဖြစ်လာတာ။ အဲဒီဖွတ်ခွေးစပ်မှာလဲ မူလခွေးကနေ‌ ဖွတ်ပြောင်းတာမျိုးလည်း ရှိတယ်။ သူတို့ကတော့ ဟိုက်ဘရစ်တွေ။ ခွေးလည်ပတ်ကားတွေ။ ခွေးခေါင်းဖွတ်ရောင် ဇွတ်ကြောင်တွေ။ ဖွတ်နဲ့ခွေးစပ်တဲ့ဟိုက်ဘရစ်တွေက ဖျံပါဖြစ်တာ။ ခွေးခေါင်းနဲ့ဆိုတော့ မိချောင်းလဲမဖြစ်တဖြစ် ညစ်ပတ်ရာမှာတော့ စစ်တပ်အတိုင်းဘဲလေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar