Breaking News

မောင်လူမွှေး - အနာဂတ်ကို လာရောင်းသူလေး

မောင်လူမွှေး - အနာဂတ်ကို လာရောင်းသူလေး

မိုးမခ ၊ ဩဂုတ် ၁၈ ၊ ၂၀၂၅


" မင်းတို့ရွာထဲမှာ Grade - 8 ပုံနိုပ်စာအုပ် ရောင်းမယ့်သူရှိရင် ဆရာ့ဆီကို လွှတ်လိုက်စမ်းပါ။ ဆရာ တန်ရာတန်ကြေးပေးပြီး ဝယ်ပါ့မယ်" လို့ ကိုယ်စာသင်ပေးနေတဲ့ Grade - 8 အတန်းသားတွေကို မောင်လူမွှေး မှာလိုက်ပါတယ်။

မောင်လူမွှေး မှာလိုက်တဲ့နေ့မှာပဲ ရုပ်ရည်သန့်သန့်နဲ့ ကလေးမလေးတစ်ယောက် မောင်လူမွှေးအိမ်ကို ပေါက်လာပါတယ်။ " ဆရာ စာအုပ်ဝယ်မယ်ဆိုလို့ " ပြောပြီး အိမ်ပေါက်ဝမှာ ရပ်နေပါတယ်။ မောင်လူမွှေး သူ့ကို အိမ်ထဲခေါ်တော့ တော်တော်နဲ့ ဝင်မလာလို့ အိမ်ထဲဝင်ထိုင်ဖို့ မနည်းခေါ်ရပါတယ်။

မောင်လူမွေး တစ်ပတ် တစ်ရက် ပုံမှန်သွားပြီး တစ်ပိုင်တစ်နိုင် တာဝန်ယူကူညီပေးနေတဲ့ စစ်ရှောင်ကျောင်းက  ကျောင်းသူကျောင်းသားတွေအတွက် သင်ရိုးပုံနိုပ်စာအုပ်တွေလိုနေတာမှာ အသစ်မရနိုင်တော့လို့ အဟောင်းတွေကို မောင်လူမွှေးရှာဝယ်နေရတာဖြစ်တယ်။

ကလေးမလေးယူလာတဲ့စာအုပ်တွေဟာ ဟောင်းရာကနေ နွမ်းတဲ့အဆင့်ကို ရောက်လုနီးဖြစ်နေပါပြီ။ စာအုပ်ထဲမှာ ခဲတံ၊ ဘော်ပင်တွေနဲ့မှတ်ထားတာလည်း ပွစီတက်လို့ပါ။ " ဘယ်လောက်လဲ" လို့မေးတော့ "သမီး ဝယ်တုန်းကလည်း သုံးသောင်းဆရာ" လို့ ကလေးမလေးက ပြန်ပြောတယ်။

တကယ်တော့ သူဟာ ဒီစာအုပ်အဟောင်းလေးတွေကို သူကျောင်းတက်ဖို့ ဝယ်ထားတာ ဖြစ်တယ်။ ခု ကျောင်းမတက်ဖြစ်တော့လို့ ပြန်လာရောင်းတာပါ။ "ဘာဖြစ်လို့ ကျောင်းမတက်တော့တာလဲ" လို့ မေးတော့ "အမေက အဆင်မပြေတော့လို့" ဆိုပြီးဖြေတယ်။

စာအုပ်ရောင်းဖို့လာတဲ့ ကလေးမလေးကို ပိုက်ဆံသုံးသောင်း ထုတ်ပေးတော့ ရိုရိုသေသေပဲ လက်ခံယူရှာတယ်။ ပြီးတော့ " သွားတော့မယ် ဆရာ" ဆိုပြီး ချက်ချင်း နှုတ်ဆက်ပြန်သွားပါတော့တယ်။

ရှစ်တန်း ဆိုတော့ ဆယ့်လေးနှစ်အရွယ်ပေါ့။ ဒီလို အရွယ်လေးတွေ ကျောင်းမတက်တာမြင်ရတိုင်း မောင်လူမွှေး စိတ်ဆင်းရဲမှု ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီအရွယ်လေးတွေဟာ အဆင်မပြေမှုတွေကြောင့် ကျောင်းမတက်နိုင်ဘူးလို့ ဆိုရာမှာ စားဝတ်နေရေးတစ်ခုတည်း တော့မဟုတ်ပါဘူး။ မိဘဖြစ်သူတွေရဲ့အမြော်အမြင်၊ သက်ဆိုင်ရာရွာရဲ့ပညာသင်ကြားပေးနိုင်မှုအခြေအနေ၊ ပညာရေးနဲ့ပတ်သက်တဲ့ မျှော်လင့်ချက် စတာတွေအားလုံး သက်ဆိုင်နေတာဖြစ်တယ်။

ပညာသင်ကြားရတာရဲ့မူလရည်ရွယ်ချက်က လက်ရှိလူ့အဖွဲ့အစည်းထက် ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်ဖို့ဖြစ်တယ်။ ပညာကောင်းကောင်းသင်ကြားခြင်းခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ ကောင်းမွန်ဖို့ အခွင့်အလမ်းများတာ သေချာပါတယ်။ ပညာဟာ ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းတယ်။

ခုတော့ ရုပ်ရည်သန့်သန့်နဲ့ ကလေးမလေးဟာ သူ့စာအုပ်တွေကို လာရောင်းပြီး လာလမ်းအတိုင်း ဆံပင်လေး လှုပ်ခါလှုပ်ခါ ပျာယာ ပျာယာနဲ့ ပြန်သွားလေရဲ့။ မောင်လူမွှေး သူ့နောက်ကျောကိုကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် အလိုလိုချမိသွားပါတယ်။ 

ကျေးရွာတစ်ရွာက ကလေးမလေး စွန့်လွှတ်လိုက်တဲ့ အနာဂတ်ကို စစ်ရှောင်စခန်းက ကလေးမလေးတစ်ယောက်အတွက် ဒီတစ်ပတ် မောင်လူမွှေး သယ်ဆောင်သွားရမှာဖြစ်တယ်။ ဒီတစ်ခါ စစ်ရှောင်ကျောင်းက တပည့်အတွက် စာအုပ်ရပေမယ့် မောင်လူမွှေး ဝမ်းမမြောက်နိုင်ဖြစ်နေရပါတယ်ခင်ဗျာ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar