နေပြည်တော်သိမ်းအောင် - သတ်ပုံမှားကြသော ငါမကယ် သေဘွယ်ရှိမည် ထင်တလုံးပိုင်ရှင်များ
နေပြည်တော်သိမ်းအောင် - သတ်ပုံမှားကြသော ငါမကယ် သေဘွယ်ရှိမည် ထင်တလုံးပိုင်ရှင်များ
မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၅
ဘာကြောင့်ရယ်လို့တော့ မသိ၊ အခုတလော ငယ်ငယ်က ကြည့်ခဲ့ဖူးသည့် နောက်ပိုင်းဇာတ်ထုပ်အချို့တွင် ရွတ်လေ့ရှိကြသော ‘ငါမကယ် သေဘွယ်ရှိတော့သည်တကား’ ဆိုသည့်စကားက ခေါင်းထဲ ဝင်ဝင်လာသည်။ ရယ်စရာအနေဖြင့် ပြောနေခြင်း မဟုတ်သော်ငြားလည်း၊ ထိုလေယူလေသိမ်းမျိုး ကြားလိုက်ရလေတိုင်း ပရိသတ်က အတည်မယူကြ၊ တကယ်လည်း မကယ်နိုင်ဘဲ လျှောက်ပြောနေတာပါဟုသာ တွေးပစ်လိုက်ကြသည်။ ပြုံးစေ့စေ့နှင့် ဖြစ်သူကလည်း ဖြစ်ကြပေါ့။ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်နေသူကတော့ အတည်ပေါက် မျက်နှာပေးနှင့်။
ယခုရက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်အတွက်၊ နိုင်ငံအလိုက် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာအကြောင်း ကြားသိပြီးဖြစ်ပါလိမ့်မည်။
တကယ်ကတော့ မြန်မာနိုင်ငံအကြောင်း တင်ပြချက်ဆိုသည်က ဘာမျှ သိပ်မထူးခြား၊ ပြောရလျှင် အများစုက သူသူကိုယ်ကိုယ် သိကြပြီးသား သတင်းအချက်အလက်အဟောင်းဟု ဆိုနိုင်သည့် လူ့အခွင့်အရေးဖောက်ဖျက်မှု၊ စစ်ရာဇဝတ်မှုများပင်။ ပြောချင်သည်က အမေရိကန်လို နိုင်ငံ၏ ဝန်ကြီးဌာန အစီရင်ခံစာသည်ပင်လျှင် မြန်မာပြည်တွင်း ဖြစ်ပျက်နေသည်များကို အခြေပြု စုံစမ်းပြုစုထားရသည် ဆိုသည်ကိုပင်။
ဒေါ်လာ ၃ သန်း DCI လော်ဘီအုပ်စုအကြောင်း ရေးခဲ့စဉ်က ဆိုရှယ်မီဒီယာ ရတနာသိုက်မှ ရရှိမည့် ပြည်တွင်း အဖြစ်အပျက် အချက်အလက်များ လော်ဘီတို့ အစီရင်ခံတင်ပြချက်တွင် ပါသွားလောက်နိုင်သည် ဆိုခြင်းက စိတ်ကူးယဉ်၍ ရေးခဲ့ခြင်းမဟုတ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာသည်ပင် ပြည်တွင်းသတင်း အဖြစ်အပျက်များကို ကိုးကားကြရသည်။
လော်ဘီတို့ စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း တင်ပြကြရာမှာတော့၊ သူတို့ကို ငွေကြေးဖြင့် ငှားရမ်းထားသူအား အကောင်းပြောပြီး၊ ပြိုင်ဘက်အင်အားစုများ၏ မညီမညွတ် တယောက်တပေါက် ဖြစ်ကြပုံကို ချဲ့ကားချနင်း ပြောဆိုအစီရင်ခံကြမည်ကိုတော့ ခက်ခက်ခဲခဲ မှန်းဆနေစရာ မလို။ ဒေါ်လာ ၃ သန်း ရရှိထားသော လော်ဘီသည် တော်လှန်ရေးအင်အားစုတွင်း စည်းလုံးမှုမရှိပုံကို တစိတ် တအိတ် လုပ်ကာ၊ ပရော်ဖက်ရှင်နယ်ကျကျ အကွက်ချ တင်ပြနိုင်ကြသူများ ဆိုသည်ကလည်း သံသယဝင်စရာမရှိ။
စိတ်အလိုလိုက်ကာ သူတလူငါတမင်း စိတ်ထားမျိုးနှင့် ကိုယ့်လှေကိုယ်ထိုးခြင်း မှန်သမျှသည် တော်လှန်ရေးအင်အားစုများ မညီညွတ်ကြကြောင်း၊ လော်ဘီများကိုးကား ရည်ညွှန်းစရာ၊ နွေဦးတော်လှန်ရေးကို ပုံဖျက်လိုသူများ အမနာပ ကဲ့ရဲ့ ပြောဆိုစရာများ ဖန်တီးပေးသကဲ့သို့ ဖြစ်သွားမည်ကို အမြဲစိုးရိမ်မိသည်။
ယခု ပြောနေရသည်ကတော့ ကိုယ့်လှေ ကိုယ်ထိုးသည်ဟုပင် ဆို၍မရ၊ သူများလှေဖြင့် လှေသူကြီးလုပ်ရန် ဟန်ပြင်သူများ၏ လုပ်ရပ်ကြောင့် ဖြစ်သည်။ လှေမရှိရုံသာမက လှေဖြင့် ခရီးဆက်ရန် လိုအပ်သောအရာမှန်သမျှအတွက်လည်း၊ ပြည်သူဘက်ကိုသာ မျက်စောင်းထိုး ကြည့်ပြန်လေသည်။ ထိုလှေသည် ရွက်လှေသာဖြစ်လျှင်တော့ မဆိုး၊ သူတို့တွင် ပေါပေါများများရှိသော လေအားဖြင့် ရွေ့လျားကောင်း ရွေ့လျားနိုင်လိမ့်မည်။
တော်လှန်ရေး ပိုခရီးတွင်စေချင်သော စေတနာကို မည်သူမဆို ထား၍ရသည်။ မိမိတို့ လုပ်ရပ်ကြောင့် ပိုခရီးဖင့်စေမည်လားကိုတော့ အရင်တွေးကြစေချင်သည်။ လက်ရှိ ဦးဆောင် အဖွဲ့အစည်းကို အားမရပါက၊ ကဏ္ဍစုံတွင် ပိုမိုသာလွန်ကောင်းမွန်အောင် လုပ်နိုင်စွမ်းရှိမည့်သူများဖြင့် အားကောင်းမောင်းသန် ထွက်ပေါ်လာသင့်သည်။ ယခုအချိန်ထိ မြင်ရသည်ကတော့ အက်ကြောင်းတခု ပြသရုံမျှတပါး၊ ဘာမျှ ရေရေရာရာ မရှိ။ ဒေဝဒတ်တောင် သူ့ပရိသတ်နှင့်သူ ရှိသည်က မှန်သော်လည်း၊ ယခုမူ ပြည်သူအများစုအတွက်က စိတ်ညစ်ညူးစရာ။
အဓမ္မ စစ်မှုထမ်းဥပဒေသည် တော်လှန်ရေးအပေါ် သက်ရောက်မှုရှိစေသည်ကို ငြင်းဆို၍မရ။ နွေဦးတော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှု ဖေါင်ဒေးရှင်းက တဦးနှင့်တဦး မတူသလို ခိုင်ခံ့မြဲမြံမှုက ကွာခြားသည်။ အုတ်မြစ်အတိမ်အနက်ပေါ်လိုက်၍ အသက်သာ အသေခံသွားမည်၊တော်လှန်ရေးအင်အားစုများဘက်ကို ချိန်ရွယ်ပစ်ရမည့်အလုပ်ကို ဘယ်တော့မှမလုပ် ဆိုသူများက ရရာနည်းလမ်းရှာ ရှောင်ထွက်ဖို့ ကြိုးစားကြသလို၊ ဆန့်ကျင်ဘက်လမ်းကို ရွေးကြသူမျာလည်း ရှိသည်။ နဂိုကတည်းက မယုံကြည်သူများကိုတော့ ထည့်၍ပင် ပြောစရာမလို။
တော်လှန်ရေးအင်အားစုများအတွင်း မညီညွတ်မှု ထပ်မံတွေ့ရပြီး၊ ‘ဤခရီးမနီးနိုင်’ဟူသောအတွေးများ ဝင်လာသည့် ဖောင်ဒေးရှင်းမခိုင်သူ ကာယကံရှင်များနှင့် မိသားစု အသိုင်းအဝိုင်းသာ ပိုမိုများပြားလာပါက ထိုစစ်မှုထမ်းဥပဒေသည် ပိုအလုပ် ဖြစ်သွားနိုင်မည်မှာမလွဲ။
စိတ်ပညာအလိုအရ မိမိပတ်ဝန်းကျင် နီးစပ်သူများ လုပ်သည့်အတိုင်း လိုက်၍ အတုယူဆောင်ရွက်တတ်သော သဘောသဘာဝ ပိုင်ဆိုင်သူများ ရှိကြသည်။ မိမိတို့၏ အမြော်အမြင်နည်းပါးစွာ လုပ်ဆောင်မှုသည် တော်လှန်ရေးအပေါ် မည်သို့မည်ပုံ သက်ရောက်မှုရှိမည်ကို အချို့က တွက်ဆနိုင်စွမ်းမရှိ။ ထိုသူများက လေအားဖြင့် တော်လှန်ရေးကို မောင်းနှင်လိုသည့်အခါတွင်တော့ ဆိုဖွယ်ရာမရှိ။
‘မိုးမခ’စာဖတ်သူများအနေဖြင့် ‘ထမင်းအိုးထမ်း ဟင်းအိုးထမ်း’ဆိုသည့် စကားကို နွေဦးမတိုင်မီကတည်းက ‘မိုးမခ’စာမျက်နှာပေါ်မှာ မကြာခဏ တွေ့ဖူးကြပါလိမ့်မည်။ နွေဦးတော်လှန်ရေးတွင် နောက်လိုက်ကောင်းများစွာ လိုအပ်ပါသည်။ စီမံချက်ပြုတ်သည့် စားဖိုမှူးကြီး နေရာကိုပဲ မျက်စိကျနေဖို့မသင့်။ တကယ်ကတော့ ထမင်းအိုးထမ်း ဟင်းအိုးထမ်းများကို ကူဖော်လောင်ဖက်လုပ်ကြသူများ၏ ကူဖော်လောင်ဖက်အဖြစ်မျှ နိုင်နိုင်နင်းနင်း လုပ်ကိုင်ပေးနိုင်ရင်တောင်မှ ကျေနပ်စရာဟု မြင်မိသည်။ လက်တွေ့တွင် အလုပ်ပြီးမြောက်ဖို့သာ ပဓာနကျပါသည်။
ဖြစ်တည်မှု သမိုင်းကြောင်းနှင့် ဆက်ခံဖြတ်သန်းခဲ့သော သဘောသဘာဝအရ ရာနှုန်းပြည့်တပ်ပေါင်းစုကြီးကို ဘယ်လောက်ပဲ မျှော်လင့်မျှော်လင့်၊ ဖြစ်လာဖို့ မလွယ်ကူသည်ကိုလည်း လက်ခံကြရပေမည်။ အများစုပါဝင်သော တပ်ပေါင်းစု ပေါ်ပေါက်လာလျှင်ပင် အတိုင်းထက်အလွန် ဖြစ်ချေမည်။ ချုပ်၍ပြောရလျှင်၊ တော်လှန်ရေးအင်အားစုများသည် စည်းလုံးညီညွတ်မှုမရှိဟု ပြည်တွင်းပြည်ပမှ ကောက်ချက်ချခံရမည့် မည်သည့် ရှူနာရှိုက်ကုန်း လျော့တိလျော့ရဲ စင်ပြိုင်ဖွဲ့စည်းမှုအသစ်ကိုမျှ မလိုလား။ ပါလေရုံ အနည်းစုအမည်ခံ စင်ပြိုင်တပ်ပေါင်းစုဆိုသည်မျိုးကိုဆို ပိုလို့သာ လက်ခံ၍ မရ။ နောက်လိုက်ကောင်းများအဖြစ် နေရာမရွေး ဆက်လက်ပါဝင်ဖို့ ကြိုးစားကြခြင်းကသာ၊ တော်လှန်ရေးအတွက် အကျိုးရှိလိမ့်မည်။
တွေးလေ့ရှိသည့်အတိုင်း ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့များသာ သက်ရှိထင်ရှား ရှိခဲ့ကြလျှင်၊ ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်သူအများစုက တခဲနက် ဆန့်ကျင်ကြသော သုံးဦးဂိုဏ်းကို ထောက်ခံကြမည်လားဟု စတင်စဉ်းစားမိသည်။ ရှင်းလင်းသောအဖြေကို ရပါသည်။
သက်ရှိထင်ရှား ရှိနေသူများဘက်ကလည်း ဝင်ပြီးစဉ်းစားကြည့်သည်။ အချုပ်အနှောင်ခံနေရ၍ သဘောထား သိရှိရန် လွယ်ကူမှာမဟုတ်သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် မည်သို့ ဆုံးဖြတ်လိမ့်မည် ဆိုသည်ကို ခက်ခက်ခဲခဲ တွေးကြည့်စရာမလို။
ပြည်သူက လေးစားကြသလို စာအရေးအသားလည်းကောင်းသည့် ဗိုလ်ချုပ်ဂွန်မော်၊ ကိုမင်းကိုနိုင်တို့ကရော သတ်ပုံမှားသော အဖွဲ့နောက်သို့ လိုက်ပါကြလေမည်လား၊ ဒေါ်မီမီဝင်းဘတ်လို ပညာရှင်မျိုးကရော ဝမ်းပန်းတသာ ထ၍ကြိုဆိုမည်လား၊ ပြည်သူနှင့် တသားတည်းကျသော အနုပညာရှင်များကလည်း ရန်ပုံငွေပွဲစဉ်များ ချက်ချင်းထ စီစဉ်ပေးတော့မည်လား၊ နိုင်ငံတကာ Fundraisers များကရော ပရောဂျက်တွေ စဉ်းစားပေးနေကြပြီလား စသည်ဖြင့် ထပ်စဉ်းစားမိပြန်သည်။ အဖြေကတော့ နတ္ထိ။
ကြိုက်နှစ်သက်လွန်း၍ လုံးစေ့ပတ်စေ့ ကူးယူမှတ်သားထားသော ‘ဒီအလုပ်တွေ ဒီလောက်အထိ ထဲထဲဝင်ဝင် လုပ်ပြီးမှတော့ တချို့အကြောင်းတွေ မသိရ မမြင်ရ အောင် ကိုယ်လည်းပဲ သောက်အကြီး မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အပြော၊ ကိုယ့်အရေးအသား တစ်ခုကြောင့် တော်လှန်ရေးမှာ အနုတ်လက္ခဏာ ပြသွားမှာတော့ အဖြစ်မခံနိုင်ဘူး’ဆိုသည့် ‘ချန်ဂင်ဆရာစိုး’ကရော ‘မျှော်လင့်တုန်း ကျော့ဆုံးကတော့ ရောက်လာချေပြီ’ဟုဆိုကာ ဘာကော်မရှင် ညာကော်မရှင်များ၏ လမ်းညွှန်မှုကို ရင်ခုန်စွာ စောင့်စားနေပါကြောင်း ခပ်သော့သော့ ထရေးတော့မည်လားဟုလည်း ဆက်တွေးမိပြန်သည်။ ဘယ်ထောင့်ကတွေးတွေး အဖြေကတော့ တသမတ်တည်းပင်။
ဘောလုံးနယ်ပယ်မှာတော့ တန်းဆင်းကစားတာမျိုးတွေ ရှိတတ်သည်။ မြန်မာ့နိုင်ငံ ရေး နယ်ပယ်မှာရော မည်သို့ယူဆရပါမည်နည်း။ Facebook, YouTube သာ ပေါ်မလာပါက လက်ဖက်ရည်ဆိုင်လောက်မှာသာ အာပေါင်အာရင်းသန်သန် ငြင်းခုံပြောဆိုပြီး၊ ရှိသမျှ ဝမ်းစာလေးနှင့် အပြန်ပြန် ရွှီး အာဖျံကွီး နှစ်ယောက်၏ ဦးဆောင်မှုအောက် ကောက်ကောက်ပါအောင် တန်းဆင်းကစားမည့် နိုင်ငံရေးသမား၊ နိုင်ငံ့အရေးသမား တက်ကြွလှုပ်ရှားသူ ကြီး ငယ်များ ပေါ်လာလေဦးမည်လား။ မည်သူ့တွင်မျှ Singal နံပါတ်ဆိုတာကြီး ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သော်လည်း၊ Signal မက်ဆင်ဂျာသုံးသူများက မရှားဆို1တော့ ဆက်စောင့်ကြည့်ရပေဦးမည်။
‘တချို့က ညံ့မှကြိုက်တယ်’ဆိုသည့်စကားကိုလည်း မေ့ထား၍ရမည် မထင်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar