Breaking News

MNDAA နဲ့ လားရှိုးစစ်တိုင်းမှူး တွေ့ဆုံ၊ တရုတ်နိုင်ငံက စစ်တပ်ကို ထောက်ခံမှုပြသပြီး ၁ နှစ်အကြာ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၅ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၆၊ ၂၀၂၅


MNDAA နဲ့ လားရှိုးစစ်တိုင်းမှူး တွေ့ဆုံ၊ တရုတ်နိုင်ငံက စစ်တပ်ကို ထောက်ခံမှုပြသပြီး ၁ နှစ်အကြာ

ယမန်နှစ် ဇူလိုင်လ နောက်ဆုံးရက်တွေမှာ လားရှိုးမြို့ ကို MNDAA ကိုးကန့်လက်နက်ကိုင် တပ်က ဦးဆောင်ပြီး တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် တနှစ်နဲ့ သီတင်း၂ ပတ်အကြာမှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နေရာတွေအားလုံး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိပြီး ဖြစ်ပါတယ်။ အခုလို ၁ နှစ်ကျော်ကာလ အကြာ သြဂုတ်လ ၁၄ ရက်နေ့မှာ အရှေ့မြောက်တိုင်း စစ်တိုင်းမှူးနဲ့ MNDAA လက်နက်ကိုင်တပ်ဘက်က တာဝန်ရှိသူတွေ လားရှိုးမြို့က ဟိုတယ်တခုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်နဲ့ MNDAA အကြား အပစ်ရပ်သဘောတူညီမှုကို အိမ်နီးချင်း တရုတ်နိုင်ငံက စောင့်ကြည့်နေတာ ဖြစ်ပြီး လားရှိုးမြို့ပြန်လည် ပေးအပ်တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက တရုတ်နိုင်ငံရဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင်တွေ လားရှိုးမြို့ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို လာရောက်ခဲ့ကြတာပါ။ အခု ဆွေးနွေးမှုမှာတော့ တရုတ်နိုင်ငံရဲ့ စောင့်ကြည့်ရေး အဖွဲ့တွေပါဝင်ခြင်း ရှိ၊ မရှိတော့ မသိရပါဘူး။ 

သြဂုတ်လ ၁၄ ရက်နေ့ ဆွေးနွေးပွဲဟာ NSNPC လို့ အတိုကောက်ခေါ်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီ အဆင့်မဟုတ်ဘဲ အရှေ့မြောက်တိုင်း စစ်တိုင်းမှူးနဲ့ ကိုးကန့်တပ်မှူးတွေ အဆင့် ဆွေးနွေးကြတဲ့ ဆွေးနွေးမှု တခုလို့သာ ယူဆရမယ့် သဘောပါ။ ဒီဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးကြသလဲဆိုတဲ့ အသေးစိတ်ခေါင်းစဥ်အကြောင်းအရာတွေ ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာတော့ စစ်တပ်ဘက်က ကိုးကန့်လက်နက်ကိုင်တပ်ကို ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးကာလတွေ အတွင်း သိမ်းယူထားတဲ့ သိန္နီမြို့ကိုပါ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုပေမယ့် ကိုးကန့်လက်နက်ကိုင်ဘက်က သဘောမတူခဲ့ဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။ 

ဒီဆွေးနွေးပွဲမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်ဆိုတဲ့ ကနဦး သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ဝ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ စစ်တပ်အနေနဲ့ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်း တလျှောက်မှာရှိတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ရည်မှန်းထားပြီး လောလောဆယ်မှာ လားရှိုးမြို့ကို တိုက်ခိုက်ခြင်းမပြုဘဲ ပြန်လည်ရရှိကာ နောင်ချိုမြို့ကို မကြာသေးခင်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလမ်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ၁၀၅ မိုင် စတဲ့နေရာတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

ကိုးကန့်တပ်တွေ သိန္နီကို စစ်တပ်လက်ထဲ ပြန်ပေးဖို့ ပစ္စည်းတချို့ ရွှေ့ပြောင်းနေတယ် ဆိုတဲ့ သတင်းတွေလည်း လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ပေါ်ထွက်ခဲ့ပါသေးတယ်။ သို့ပေမယ့် ကိုးကန့်တပ်ဘက်ကတော့ အဆိုပါ သတင်းကို အတည်ပြုခြင်းမရှိဘဲ မြို့ခံအချို့ကတော့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ မြို့ အုပ်ချုပ်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပုံမှန်လုပ်ကိုင်နေတာသာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

မကြာသေးခင် သီတင်းပတ်က TNLA နဲ့ MNDAA တို့ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ရှိ ဟိုတယ်တခုကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ သေဆုံးပျက်စီးမှုတွေရှိခဲ့ပြီး MNDAA က အပစ်ရပ် သောတူညီမှုကို ထိခိုက်နိုင်တဲ့ သဘောမျိုး ပြောဆိုမှုတွေလည်း ရှိခဲ့တာဖြစ်ပြီး တချို့သတင်းဌာနတွေက MNDAA နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားမယ့် သဘောမျိုး ဖေါ်ပြကြတာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကိုလည်း နှစ်ဖက် အပစ်ရပ်သဘောတူညီမှုတွေ နဲ့ ရပ်နားခဲ့ကြရာက ၂၀၂၄ နှစ်လယ် ဝန်းကျင်မှာ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်လို့ အခုလက်ရှိ MNDAA နဲ့ စစ်တပ်အကြား အပစ်ရပ် သဘောတူညီမှုနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီး သဘောတူညီမှုကို နှိုင်းယှဥ်ကြည့်စရာ ဖြစ်လာပါတယ်။ ယေဘုယျ အားဖြင့် ဖြစ်ရပ် ၂ ခုမှာ ပထမပိုင်းအပြီး အပစ်ရပ်မှုမှာ MNDAA နဲ့ TNLA တို့ပါဝင်ကြပြီး အခု စစ်ဆင်ရေး ဒုတိယပိုင်းပြီးနောက် အပစ်ရပ်မှာ MNDAA နဲ့ စစ်တပ်အကြား သဘောတူညီမှုသာ ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင်လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ လုပ်ဆောင်တာ မဟုတ်ဘဲ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ထည်း အနေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်လို့ ဆိုတဲ့ အပစ်ရပ်သဘောတူကာ လားရှိုးမြို့ ပြန်လည်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ 

ယခင် အပစ်ရပ်ကာလနဲ့ အခု အပစ်ရပ်ကာလ နှစ်ခုမှာ မတူညီတဲ့ အခြားအခြေအနေတရပ်ကတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေနဲ့ အခြားသော တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ လားရှိုးမြို့ ပြန်လည်လွှဲအပ်ပေးခဲ့တဲ့ အဖြစ်အပျက်နောက်ပိုင်း အခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ မတွေ့ရတော့တဲ့ အချက်ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကို ခြုံငုံကြည့်ရင် MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ အရှိန်အဟုန်လို စစ်ရေးလှုပ်ရှားမှုမျိုး ပြန်လည် လုပ်ဆောင်တာမျိုးထက် စစ်တပ်နဲ့ အလျော့အတင်း ကစားမှုမျိုးသာ ပိုမိုဖြစ်ကောင်း ဖြစ်နိုင်တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ တဖက်မှာ တရုတ်နိုင်ငံရဲ့ ရပ်တည်မှု စစ်တပ်ပြိုလဲတဲ့အဖြစ်မျိုး အဖြစ်မခံနိုင်ဘူးဆိုတဲ့ ရပ်တည်ချက်က ၂၀၂၄ နှစ်လယ်ပိုင်း စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲတွေ နောက်ပိုင်း ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့တာ အများသိရှိကြပြီး ဖြစ်ပါတယ်။ 

အထက်က တရုတ်နိုင်ငံရဲ့ မြန်မာစစ်တပ်အပေါ် ရှုမြင်တဲ့ အမြင်၊ ရပ်တည်ချက်တွေနဲ့ ဆက်စပ်လို့ ဆက်လက် ဖေါ်ပြရရင် လားရှိုးမြို့ ကျပြီး ရက်သီတင်းပတ်အကြာ ယမန်နှစ် သြဂုတ်လလယ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မဲခေါင်-လန်ချန်း အစည်းအဝေး ကျင်းပတဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့ကို အသွား နေပြည်တော်ကို ခေတ္တဝင်ရောက်ကာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်က ခုဆို ၁ နှစ်တိတိရှိပြီဖြစ်ပါတယ်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်က တောက်လျှောက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအဖို့ မျှော်လင့်ချက်အချို့ ပြန်လည်ရစေခဲ့တဲ့ ခရီးစဥ် တခု အလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ ချင်းမိုင်မြို့ မဲခေါင်-လန်ချန်း အစည်းအဝေးအပြီးမှာလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ့အရေးနဲ့ ပတ်သက်လို့ စည်း ၃ စည်းကို မကျော်ဖို့ ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရှုမြင်ချက်ကို လူသိရှင်ကြား ထုတ်ဖေါ်အသိပေးခဲ့ပါတယ်။ စည်းတခုကတော့ နိုင်ငံတကာ စွက်ဖက်မှုမရှိဖို့ ဆိုတဲ့အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အိမ်နီးချင်း နယ်နိမိတ်ထိစပ်နေတာဖြစ်သလို တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်တို့လို ဒေသတွေအတွက် ဘင်္ဂလား ပင်လယ်အော် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လည်း ဖြစ်လို့ မြန်မာ့အရေးမှာ ဘယ်အင်အားကြီးနိုင်ငံကိုမှ ထဲထဲဝင်ဝင် ပါဝင်စွက်ဖက်တာမျိုး လက်မခံနိုင်တဲ့ သဘောလို့ မှတ်ယူနိုင်ပါတယ်။ အဲဒီနောက် ၂၀၂၄ သြဂုတ်လနှောင်းပိုင်းမှာ တရုတ်အစိုးရရဲ့ မြန်မာအရေးနဲ့ပတ်သက်တဲ့ အထူးကိုယ်စားလှယ် ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ခေါင်းဆောင်တွေတဲ့ တရုတ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေး မှတ်တမ်းက သိပ်မကြာခင် ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။ 

ယခု တနှစ်အကြာမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ယမန်နှစ်က ရပ်တည်ထားတဲ့ အတိုင်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်သလို စစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကိုလည်း ထောက်ခံရပ်တည်ပေးတဲ့ အိမ်နီးချင်းအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်ကော မြန်မာစစ်တပ်ကပါ ထိတွေ့ဆက်ဆံလို့ ရသမျှ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိတွေ့ ဆက်ဆံနေပြီး သူတို့၏ ဦးစားပေးတိုက်တွန်းနေမှုက မြန်မာစစ်တပ်က ကျင်းပလိုတဲ့ ရွေးကောက်ပွဲကို အနှောက်အယှက်မပေးရေးက အဓိကဖြစ်နေပုံရပါတယ်။ လက်ရှိမှာ အရေးပေါ်အခြေအနေကြေငြာထားတဲ့ မြို့နယ်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က အခြေအနေစောင့်ကြည့်ပြီး ကိုင်တွယ်မည့်ပုံရပါတယ်။ မြန်မာပြည်တဝှမ်းလုံးအတိုင်းအတာနဲ့ စစ်တပ်၏ ကျောထောက် နောက်ခံနဲ့ ပါတီတခုတည်းဖြစ်စေ သို့မဟုတ် တခုထက်ပိုတဲ့ ပါတီတွေကနေ လွှတ်တော်ကိုယ်စားလှယ်များစာရင်း ထုတ်ပြန်လာဖို့ မြန်မာစစ်တပ်ကိုယ်တိုင်ကပဲ ဆောင်ရွက်ရမှာ ဖြစ်တာမို့ ဒါကိုလည်း အများက စောင့်ကြည့်နေကြပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar