Breaking News

အာဆီယံရဲ့ မြန်မာအရေး အစည်းအဝေး NLD က ကိုယ်တိုင်မတက်ရောက်နိုင်ကြောင်း အိတ်ဖွင့်စာပေးပို့

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၅


အာဆီယံရဲ့ မြန်မာအရေး အစည်းအဝေး NLD က ကိုယ်တိုင်မတက်ရောက်နိုင်ကြောင်း အိတ်ဖွင့်စာပေးပို့ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာဖို့ရာမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်း ပါဝင်တဲ့ Stakeholders Engagement Meeting on Myanmar အစည်းအဝေးတရပ်ကို ASEAN အဖွဲ့ရဲ့ လက်ရှိအလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာ သြဂုတ်လ ၄ ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လည်း ဦးတည်ဖိတ်ကြားလာခဲ့ပြီး NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီ (အတိုကောက်အားဖြင့် CWC ) က မတက်ရောက်နိုင်ကြောင်း နဲ့ နံပါစဥ် ၈ ခုတပ်ထားတဲ့ သဘောထားကို သြဂုတ်လ ၃ ရက်နေ့နေ့စွဲနဲ့ စာဖြင့်ပေးပို့ကြောင်း NLD Facebook Page က အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။ 

NLD -CWC ရဲ့ အကြောင်းပြန်စာမှာ မတက်ရောက်နိုင်တဲ့အကြောင်းကို ပြည်ပခရီးသွားလာရေး အခက်အခဲများကြောင့်လို့ ဖေါ်ပြထားပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာ အလှည့်ကျဥက္ကဌ တာဝန်ယူတဲ့ မလေးရှား နိုင်ငံ အနေနဲ့ ယခုနှစ် ဧပြီလမှာလည်း ASEAN အနေနဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို NUG အစိုးရရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း ဗီဒီယို ကွန်ဖရင့်စ် အနေနဲ့ တွေ့ဆုံခဲ့တာပါ။ အခုတကြိမ် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ပါဝင်တဲ့ အစည်းအဝေးမှာ ဘယ်လို အဖွဲ့အစည်းတွေကို ဖိတ်ကြားထားသလဲတော့ ခုနေအခါမှာ မသိကြရသေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အာဏာသိမ်း စစ်တပ်ဘက်က ကိုယ်စားလှယ်၊ NUG အစိုးရ၊ နိုင်ငံရေးပါတီ စတဲ့ အဖွဲ့တွေကို ဖိတ်ကြားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ထဲက အများအပြား အကျဥ်းထောင်ထဲမှာ အကျဥ်းကျခံနေရချိန် ၂၀၂၁ ခုနှစ်မှာ ဗဟိုအလုပ်ကော်မတီလို့ ခေါ်တဲ့ CWC ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂ ဦးဖြစ်တဲ့  ဦးအောင်ကြည်ညွန့် ၊ ဦးတင်ထွဋ်ဦး နဲ့ အရံ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာခင်ဆောင် နဲ့ အခြား အန်အယ်ဒီပါတီက ၄ ဦး စုစုပေါင်း ၇ ဦးနဲ့ ဖွဲ့စည်းထားပြီး NLD ရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ တွေ အကျဥ်းကျနေစဥ် NLD ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်တွေကို အကောင်အထည်ဖေါ်ဖို့၊ ပါတီတွင်းလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ နဲ့ ပြည်တွင်းပြည်ပ ပါတီချင်းဆက်ဆံရေးတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တဲ့ အစည်းအဝေးကနေ အဆိုပါ NLD -CWC ကို ဖွဲ့စည်းပေးခဲ့တာလို့ နောက်ခံ အချက်အလက် အနေနဲ့ သိရှိထားပါတယ်။ 

အခု အာဆီယံရဲ့ မြန်မာ့အရေးမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းများပါဝင်တဲ့ အစည်းအဝေးကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း အရဖြေရှင်းရမည်ဟု ယုံကြည်ကြောင်း၊ မြန်မာ့ပြဿနာများပြေလည်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ် ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း အစချီထားပြီး မြန်မာ့ပြဿနာများ ဖြစ်လာရခြင်း၏ အရင်းအမြစ်သည် ထိုစဥ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံ ပြည်သူ့အစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ထို့ကြောင့် ပြဿနာ အရင်းခံဖြစ်သည့် စစ်တပ်၏ လုပ်ဆောင်ချက်မှန်သမျှ ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် လိုအပ်သည်လို့ ဆိုထားပါတယ်။ ဆက်လက်ပြီး ယခု စစ်တပ်က အတုအယောင် ဟန်ပြ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ကို မြန်မာ့နိုင်ငံရေး ဖြစ်စဥ်များတွင် မပါဝင်နိုင်ဖို့ ဖယ်ထုတ်ပြီး ရွေးကောက်ပွဲမှာ ပြည်သူလူထု လွတ်လပ်စွာ ဆန္ဒမပြုနိုင်စေဖို့ ဖိနှိပ်တဲ့ ဥပဒေတွေ ပြဌာန်းလာခြင်း တို့ကြောင့် လာမယ့် ရွေးကောက်ပွဲဟာ အစစ်အမှန်မဟုတ်ကြောင်း ထင်ရှားနေတယ်လို့လည်း သဘောထား ကိုဖေါ်ပြထားပါတယ်။ 

ဒါကြောင့် အတုအယောင် ဟန်ပြရွေးကောက်ပွဲ ကြံစည်မှုကို ကန့်ကွက်တားဆီးခြင်း ပြုဖို့ ၊ မတရားဖမ်းဆီးထောင်ချ ခံထားရသည့် နိုင်ငံရေး အကျဥ်းသားများ အကျဥ်းထောင် အတွင်း အသက်ဆုံးရှုံးနေခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင်နိုင်ငံရေး အကျဥ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ လိုအပ်ကြောင်း  နဲ့ နောက်ဆုံး အချက်အနေနဲ့ စစ်တပ်ရဲ့ အရပ်သား ပြည်သူလူထုအပေါ် ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေမှုတွေကို ရပ်တန့်ရန် အစီအမံဆောင်ရွက်ဖို့ ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။ 

အာဆီယံ အဖွဲ့အနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ အာဆီယံမူ ၅ ချက်၊ အဆိုပါ မူ ၅ ချက်ကို အကောင်အထည် မဖေါ်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာကြောင့် အာဆီယံ ပုံမှန် အစည်းအဝေးတွေမှာ စစ်ကောင်စီက နိုင်ငံရေးရာထူးရယူထားသူတွေ တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ချက် စတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံအမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေကလည်း အာဆီယံရဲ့ လုပ်ဆောင်မှုကို ထောက်ခံကြောင်း ရပ်ခံပေးကြတာ တွေ့ရပါလိမ့်မယ်။ တရုတ်နိုင်ငံကတော့ အာဆီယံကို မဆန့်ကျင်ပေမယ် ၄င်းရဲ့ ကိုယ်ပိုင် မူဝါဒ၊ ကျင့်သုံးမှုနဲ့ မြန်မာ့အရေးကို ကြားဝင်လုပ်ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အာဆီယံထက် စာရင် တရုတ်ရဲ့ မုန့် နဲ့ တုတ် မူဝါဒက တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ မြန်မာ့အာဏာသိမ်းစစ်တပ် အပေါ်မှာ အများကြီး ထိရောက်မှုရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ယခု အာဆီယံ အစည်းအဝေးက မြန်မာ့နိုင်ငံရေး အကြပ်အတည်းမှာ ပါဝင်နေတဲ့ အဖွဲ့တွေကို ဖိတ်ကြားပြီး အဖြေရှာဖို့ ဆက်လက်ကြိုးပမ်းမှု တရပ်ဖြစ်ပြီး NLD-CWC အနေနဲ့ တက်ရောက်နိုင်ခဲ့ရင်တော့ အာဆီယံ နိုင်ငံတွေကို မိမိတို့ဘက်က ရပ်တည်ချက် သဘောထားလည်း တင်ပြနိုင်မယ့် အခွင့်အရေး ရရှိနိုင်တာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ NLD -CWC ရဲ့ ကော်မတီဝင်တွေ အနေနဲ့ တရားဝင် ခရီးသွားလာနိုင်တဲ့ အခြေအနေမှာ မရှိခြင်းက အားနည်းချက် တရပ်ဖြစ်စေပြီး သံတမန်ရေးအရ၊ နိုင်ငံတကာကို ရှင်းလင်းပြောဆိုစည်းရုံးခွင့် တွေကို ဆုံးရှုံးစေမှာ ဖြစ်ပါတယ်။ 

နောက်တချက် ဆွေးနွေးစရာ အနေနဲ့က NLD -CWC ထံမှာ NLD ပါတီက ကိုယ်စားတာဝန်ပေးအပ်မှုက ခိုင်မာမှုရှိ/မရှိ ကိစ္စဖြစ်ပါတယ်။ ဒုဥက္ကဌ ဖြစ်သူတဦး ကွယ်လွန်ခဲ့ပြီး ဥက္ကဌ ဖြစ်သူက အကျဥ်းကျနေချိန် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂ ဦး အရံတဦးနဲ့ ဖွဲ့စည်းခဲ့တဲ့ အလုပ်ကော်မတီ အပေါ် အချို့သော ပါတီခေါင်းဆောင်တွေ ရဲ့ မေးခွန်းထုတ်မှု မကြေလည်မှုတွေ လည်း ရှိကောင်း ရှိနေမယ့် သဘောဖြစ်ပါတယ်။ သို့သော် NLD ပါတီကို ကိုယ်စားပြုမှုအဖြစ် NLD-CWC ကို ဖိတ်ကြားတယ်ဆိုတာကတော့ မှတ်သားရမယ့် အချက်ဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်၊ လူထုရဲ့ ထောက်ခံမှု အများဆုံးရရှိနေဆဲ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ၊ စစ်တပ် အနေနဲ့ အာဏာချုပ်ကိုင်ထားနိုင်ဖို့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေမှု နဲ့ ဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့ အခြေအနေအောက်က မြန်မာနိုင်ငံ ပြည်သူလူထု ရဲ့ အခက်အခဲ ဒုက္ခတွေ နဲ့ အသက်ရှင်သန် ကျန်ရစ်ရေး ခက်ခဲစွာ ကြိုးပမ်းနေကြရတဲ့ အနေအထားကနေ ဘယ်လို အဖြေရှာ နိုင်ကြမလဲဆိုတဲ့ မေးခွန်းက အခုချိန်ထိတော့ အဖြေမရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar