ကိုနီတွတ် - မအလ၏ အပြီးသတ် ဝှီးဟီးဟီးဖတ်
ကိုနီတွတ် - မအလ၏ အပြီးသတ် ဝှီးဟီးဟီးဖတ်
မိုးမခ ၊ ဩဂုတ် ၃ ၊ ၂၀၂၅
ICC ဝရမ်းပြေးတရားခံ မအလသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ (၃၁-၇-၂၀၂၅) အတွင်း ကာလကို သူ၏ပထမစာမျက်နှာဟု ကြွေးကြော်ပြီး အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါသတတ်။ လာမည့်ဒုတိယစာမျက်နှာကိုလည်း လက်ရေးလှလှ ရေးကြဖို့ တိုက်တွန်းပြန်သည်။အမှန်မှာ မအလ၏ ပထမစာမျက်နှာသည် ကလိမ်စေ့ငြမ်းဆင်သာသာ။ မအလ၏ ကျွန်များကား ကော်ဇောမှတ်လို့ ဖင်ထိုင်မိ၊ ဖင်စူးခံရတာတောင် ဖျာကြမ်းမှန်း မသိကြသူများ။ ထို့အပြင် ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သည့် မအလ။ ကြမ်းပိုးကို နံမှန်းသိလျက် နမ်းချင်နေသည့် မအလ အခိုင်းခံများ။ အနှီမအလသည် ကြွတ်မနိုင်၍ ကျီမီးနဲ့ ရှို့သည်။ ကုလားမနိုင်တော့ ရခိုင်မဲသည်။ ကျွံနေသောကျွန်များမှာ ချေးထဲကလောက် ချေးထဲမှာ ပျော်သည်။ ချေးကိုမြင် ယင်နွဲ့သည်။ သန်းခေါင်ထက် ညဥ့်မနက် စိတ်ထားနှင့် မအလကား ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်။ရှင်ဘုရင်အတွက် ငဝက်ကကျွန်ခံနေသည့် သေနတ်ကိုင် လူရမ်းကား မအလ တပည့်များ၊ ကမ်းနားသစ်ပင်ကျွန်ဝန်ထမ်းများသာတည်း။ မသူတော် ဘုန်းတက်၍ ပြည်ပျက်ခဲ့ရသော ပြည်သူများ ကမ္ဘာမီးလောင်ခံရသည့်အပြင် ရေနံဆီမီးခွက်ကလည်း ထတောက်ခဲ့ပြန်သည်။
သို့သော် တော်လှန်ပြည်သူများမှာ မအလ၏ ပထမစာမျက်နှာ ကျောက်ကြမ်းကြီးအပေါ် ချော်လဲခဲ့ရသော်လည်း မီးရဲရဲ ပွင့်ခဲ့သည်ကလည်း ငြင်းမရ။ ဒီမိုကရေစီတည်းဟုသော ရွှေတစ်လှည်းကို ခေါင်းငြိမ့်ခေါင်းခါ ဘဝလောက်နှင့်သာ နေထိုင်ရမည့်ဘဝဖွဲတစ်ဆုတ်နှင့် လုံးဝမလဲခဲ့။တော်လှန်ပြည်သူများ တော်လှန်ရေးကိုသွေးနှင့်ရင်းပြီး ထူထောင်ရေးကိုချွေးနှင့်ရင်းကာ ပထမစာမျက်နှာရှင်ဂျပုငတိကို တွင်းပျောက်ပုတတ် ပြာလောင်ခတ်စေခဲ့သလို မအလ၏ကျွန်သဘောက်များကိုလည်း မိဖုရားကင်းကိုက် ပြာလောင်ဆိုက်စေခဲ့သည်။
ပထမ၊ ဒုတိယစာမျက်နှာများအဖြစ် တင်စားခဲ့ ပြီး ဝမ်းသာရွှင်မြူး လဥကြမ်းကြား ညပ်သလို ကြွေးကြော်နေသော မအလသည် သူ ဖြစ်ချင်သောသမ္မတ" ကို လောလောလတ်လတ် ရယူနိုင်သောကြောင့်ဟု သုံးသပ်မိပါသည်။ ပြည်သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ နည်းလမ်းဥပဒေကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သူ ဖြစ်ချင်တာ ဖြစ်ခွင့်ရနေလေပြီ။ ချေးမှာပျော်သော လောက် သက်တမ်းတိုပါစေ၊ သူ အဖြစ်ချင်ဆုံး ဖြစ်ရ ပြီးရော။
မြန်မာရာဇဝင်တွင် ဖောင်းကားစား မောင်မောင်သည် ဘုရင်အဖြစ်ကို လုယူခဲ့သော်လည်း သက်တမ်း (၇) ရက်သာ ရှည်သည်။ ယခု မအလသည်လည်း ဒုတိယစာမျက်နှာကို လက်ရေးလှလှ ရေးပေးကြပါဟု ဆိုနေငြား တစ်ချိန်ချိန်တွင် ခွေးကျဝက်ကျ၊ ခွေးသေဝက်သေ ဖြစ်မည်ကား မြေကြီးလက်ခတ်မလွဲ။ သူ ကြွေးကြော်ခဲ့သည့် ပထမစာမျက်နှာမှာပင် ၂၁ ရာစုသားများ၏တွန်းလှန်မှုကလည်း ကြောက်ခမန်းလိလိရှိခဲ့ရာ မအလသည် ကံကောင်းလို့မသေ သံချောင်းအဖေနယ်သာတည်း။
ပထမဦးဆုံး NLDအစိုးရသည်မဲလိမ် မဲခိုး မဲမသမာမှုလုပ်သတဲ့။ ထိုကိစ္စကို ဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းမပေးခဲ့ဟူ၏။ တရားမဲ့ပြုကျင့်ပြီး နိုင်ငံတော်အာဏာကို လုယူရန် ကြံသတဲ့။ Covid-19 ဒုတိယလှိုင်း အပြင်းအထန် ခံစားနေရသည့်ကြားက ကျင်းပခဲ့ရသော ရွေးကောက်ပွဲ အောင်ပွဲသည် ပြည်သူများ၏ နိုင်ငံရေးအသိစိတ်ဓာတ် မြင့်မားမှု ပြယုဂ်။ နှစ်ပေါင်းများစွာ နိုင်ငံရေးထဲ ဝင်ရှုပ်နေသော စစ်တပ်ကို စစ်တန်းလျား ပြန်ပို့လိုက်ခြင်း ဖြစ်သည်။
သူတို့ပြဋ္ဌာန်းခဲ့သော စာအုပ်အစိမ်းကြီးထဲတွင် ရွေးကောက်ပွဲရလဒ်သည် ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်အတိုင်းသာ ဖြစ်သည်။ ကိုယ်စားလှယ်များကလည်း စာအုပ်ကြီးထဲကအတိုင်း အလုပ်လုပ်သည်။ အနိုင်ရကိုယ်စားလှယ်များဖြင့်သာ အစိုးရဖွဲ့သည်မှာ ဘာများ မှားပါသနည်း။ သူခိုးက လူလူဟစ်သည့် မအလနှင့်လူယုတ်မာအဖွဲ့သည် "အာဏာသည် သေနတ်ပြောင်းဝကလာသည်"ဟူသော မော်စီတုံး၏နည်းနာကို ဗြောင်ကျကျ အသုံးပြုလိုက်သည်။ ခေတ်စကားနှင့်ဆိုရသော် မအလ၏ ပထမစာမျက်နှာကား အလွန်ကောင်းပါ၏။ သို့သော် စိတ်ပျက်ဖို့ပါတည်း။
မတရားအာဏာ လုယူသိမ်းလိုက်ခြင်းကို အာဏာထိန်းပါသတဲ့။ သက်တမ်းမှာ (၁) နှစ်သာ ယူမှာဖြစ်ပါသတဲ့။ ယခု နောက်ထပ် သက်တမ်းမတိုး၍သာ တော်တော့သည်။ သူတို့ပြောသည့် တစ်နှစ်သည်လည်း ယခုထိ မပြီးသေး။ ဗုဒ္ဓဘာသာတွင် နတ်သက်နှင့် လူသက်မတူ။ လူ့ပြည် တစ်နှစ် နတ်ပြည် တစ်ရက်။ မအလတို့ကား နတ်များပင်လော။ နောက်ဆုံး သိလိုက်ရသည်ကား ဆိုင်ကယ်၊ကား၊ စက်ကိရိယာပစ္စည်းများတွင် တပ်ဆင်အသုံးပြုရသည် "နပ်"များသာတည်း။ တဖြည်းဖြည်းအရစ်ပြုန်းလာသည်။ သုံးမရတော့ ပိဿာချိန်နှင့် ရောင်းချ အရည်ကြိုပေါ့။ ၆ လ တစ်ကြိမ်သက်တမ်း ၈ ကြိမ်ကျော်လာပြီ။ ယခုသက်တမ်း ထပ်မတိုး၍သော်လည်း ကုလားကြီးနဲ့ ဘာဘူကြီး၊ မသာနှင့် အသုဘ ဘာကွာခြားမှုမှ မရှိ။ အာဏာ ထိန်း ထိန်းနိုင်လွန်း။ မအလနှင့် လူယုတ်အဖွဲ့ ရှေ့က မဟုတ်တာ လုပ်သမျှ မအလ၏အန္တေဝါသိကတပည့်ကြီး ဇော်မင်းထွန်းသည် ဇော်မဲလိမ်ဟုအမည်ပြောင်ရလောက်အောင် ဒုစရိုက် ၄ ပါးဖြစ်သည့် မုသာဝါဒ(မုသားပြောဆိုမှု)၊ပိသုဏဝါစာ(ချောပစ်ကုန်းတိုက်မှု)၊ ဖရုသဝါစာ(အယုတ်တမာဆဲဆိုမှု)၊သမ္ဖပ္ပလါပ (သိမ်ဖျင်းသောစကားပြောဆိုမှု)တို့ဖြင့် ပြည့်နှက်နေသည်။
တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု လေသံစပစ်လိုက်တာပါပဲ။ မတရားအာဏာသိမ်းခြင်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဟု ပြောလိုက်တာပဲ။ အနှစ်သာရနှင့်ပြည့်စုံသော ဒီမီကရေစီနိုင်ငံတော်သစ်လည်း ထွင်လိုက်တာပဲ။ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး ထောင်ချ နှိပ်စက် သတ်ဖြတ်လိုက်တာကိုလည်း ပြစ်မှုပေါင်းများစွာ တပ်၍ သေသူကို အပြစ်ဖို့၊ သူတို့၏ မီဒီယာ၊ စာနယ်ဇင်းများတွင် ခပ်တည်တည် ထည့်လိုက်တာပါပဲ။ သည်ကြားထဲ အလောင်းကို ငွေဖြင့် ရွေးရသေးသည့်အပြင် သတင်းပေါက်ကြားပါက အရေးယူခံရမည်ဟု ကတိတောင်းလက်မှတ်ထိုးခိုင်းခဲ့တာပဲ။ ပြည်သူပိုင် မြို့ရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာတွင်လည်း အကြမ်းဖက် PDFs များက လုပ်တာဟုလည်း ပြောတာပဲ။ ပြည်သူများကို စာနာဖို့ ဝေလာဝေး၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်သမ္မတကြီး အစရှိသည့် အစိုးရအဖွဲ့မှသူများစွာကိုလည်း မတရားအမှုဆင် ထောင်ချခဲ့သည်။ ပြစ်မှုပေါင်းများစွာ၊ အထူးသဖြင့် နိုင်ငံတော်ပုန်ကန်မှုဟု အမည်တပ်ထိုးချလိုက်တာပဲ။ ရွေးကောက်ပွဲ မသမာမှု လုပ်သည် ဆိုခဲ့သော်လည်း လူထုခေါင်းဆောင် ထောင်ချခံရသော အမှုများတွင် ထိုအမှု မပါခဲ့။ ထူးထွေသည့်အံ့ရာသော်ဝ်။
ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အပြင် လိုချင်တာမှန်သမျှ ခိုးယူခဲ့ကြတာကိုလည်း Standard Army ကြီးက လုံးဝမကျူးလွန်ပါဟုလည်း ငြင်းချက်ထုတ်လိုက်တာပဲ။ ပြည်သူများက ပြည်သူ့အာဏာ ပြည်သူကို ပြန်ပေးရန် ငြိမ်းချမ်းစွာ လက်သုံးချောင်း ဆန္ဒပြ တောင်းဆိုတော့လည်း NLD က မြှောက်ပေးလို့ဟု အကြောင်းရှာလိုက်တာပဲ။ ဆန္ဒပြရုံနှင့်မရ၍ လက်နက်ကိုင်တော်လှန်တော့လည်း ပြည်ဖျက်၊ အကြမ်းဖက်ဟု ယိုးစွပ်လိုက်တာပဲ။ မြို့ပြ UG များကို ဖမ်းမိတော့လည်း UG များ မကိုင်ဖူး၊ မတွေ့ဖူး၊ မမြင်ဖူးသော လက်နက်များဖြင့် မှတ်တမ်းတင်ပြီး မြေပေါ် မြေအောက် အကြမ်းဖက်သမားများဟု ပုံဖော်လိုက်တာပဲ။ မြို့ပြမှာနေရင်း spporting လူငယ်များကို ဝိုင်းဖမ်းစဥ် အဖမ်းမခံဘဲ တိုက်ပေါ်က ခုန်ချပြန်တော့လည်း မဖွယ်မရာပုံ ဖြစ်အောင် ဖန်တီးပြီး အရှက်ခွဲလိုက်တာပဲ။ နိုင်ငံရေးအကျဉ်းသားများကို မတရားအမှုဆင် ထောင်သွင်းချသည့်အပြင် စစ်ကြောရေးတွင် နည်းအမျိုးမျိုးဖြင့် နှိစပ်စက်ညှင်းပန်းသည်။ ထိုဒဏ်ရာများဖြင့် သေဆုံးသွားခြင်းကိုလည်း ရောဂါအမည်တပ်ပေးလိုက်သေးသည်။ သေတာတောင် လွတ်လပ်စွာ မသေရ။ အမျိုးသမီး အကျဉ်းသားများမှာ ကာယိန္ဒြေ ပျက်ပြားစေရုံမက နှမချင်းမစာနာ၊သားသမီးချင်း မစာနာသည်အထိ ယုတ်မာကြတာပဲ။ အချို့မှာ လွတ်ရက်စေ့၍ လွတ်ပြန်တော့လည်း ထောင်ဘူးဝက စောင့်ဖမ်းပြန်သေးသည်အထိ မူမမှန်မှုကို လုပ်ကြတာပဲ။ တကယ်ပင် ကမ္ဘာရာဇဝတ်ကောင်ကြီးလိုလို။ ပြည်သူပြည်သားများ၏ ငွေကြေးဘဏ်အကောင့်များထဲမှ စုဆောင်းငွေများကိုလည်း ပိတ်သိမ်းခဲ့သည်၊ ခိုးယူခဲ့သည်။ အကျိုးအကြောင်း မေးပြန်တော့လည်း အထက်အမိန့်အရဟု ပုဂ္ဂလိကဝန်ထမ်းများကပါ အလိုတူအလိုပါ ဖြစ်သွားခဲ့တာပါပဲ။ ခိုးရခြင်းအကြောင်းကား ထိုဘဏ်အကောင့်ပိုင်ရှင်များသည် PDFs ကို ထောက်ပံ့၍ဖြစ်ပါသတဲ့။
အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းများကိုလည်း ယခုအထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် လေယာဥ်နှင့်ရော မြေပြင်မှာပါ ရက်ရက်စက်စက် ကျူးလွန်နေဆဲ။ လူမကျန်လည်း နေပစေ မြေကျန်ရင်ရပြီမှသည် ပြည်သူဆိုတာ ယုံရတာမဟုတ်ဘူး၊ တွေ့သမျှ အကုန်သတ်ဟု တောရိုင်းဥပဒေသကျင့်သုံးနေခြင်းကိုလည်း EROs တပ်များ ခိုနေ၍၊ PDFs တပ်များ တပ်စွဲနေ၍ စသဖြင့် လျှာအရိုးမရှိတိုင်း ပြောလိုက်တာပဲ။
ဘောမနောက်မြီးဆွဲများကလည်း သူတို့အဘ လုပ်သမျှ အားလုံးအကောင်းချည်းပါဟု မျက်စိမှိတ်ထောက်ခံသည်။ နားပိတ် ငြင်းချက်ထုတ်သည်။ ကိုယ်ဝန်သည်၊ လသားအရွာ်ကလေး၊ ၃ နှစ်အရွယ်မိန်းကလေး၊ အရူးအအ၊ စကားမပြောတတ်သူ၊ မသန်မစွမ်း၊ ပိုလီယိုကော ဘာကောမရှောင်၊ သူတို့တပ်ခဲ့သည့် ပြစ်မှုအတိုင်း ကျခံရမည်ဟု မဟုတ်တမ်းတရားတွေ ဆိုကြတာပဲ။ အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ား၊ သေနတ်ကိုင် တပ်မတော်သား၊ နိုင်ငံတော် ကာကွယ်နေတာတဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့တဲ့။ အားနွဲ့သည့် အမျိုးသမီးများကို လေးဘက်ကုန်းသွားခိုင်းရဲသည်အထိ ရဲရင့်ကြတာပါပဲ။
လျှပ်စစ်ကားထုတ်မတဲ့၊ စိုက်ပျိုးရေးဖြင့် နိုင်ငံတော် ဦးမော့အောင် လုပ်မတဲ့။ နိုင်ငံခြားကုန်သွယ်ရေးတွင် အမြတ်အစွန်းထွက်ပုံမှာ NLD အစိုးရထက် သာသတဲ့။ အဏုမြူဓာတ်ပေါင်းဖိုတည်မတဲ့။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမလို့တဲ့။ NLD ပါတီက နိုင်ငံတော်ကို ဖျက်ဆီးခဲ့သတဲ့။
ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်လျှင် ကုလားနိုင်ငံ ဖြစ်မတဲ့၊ မူစလင်နိုင်ငံ ပြောင်းသွားမတဲ့ စသဖြင့် ပေါက်တက်ကရတွေ အချိန်ရတိုင်း၊ အခွင့်သင့်တိုင်း မိုးလုံးပြည့် မုသာဝါဒတွေ မနားတမ်းထုတ်တော့တာပဲ။ သည်ကြားထဲ တိုက်တိုင်းရှုံး ပရုပ်လုံးတပ်ကြီး ဖြစ်လာတော့ စစ်မှုထမ်းဥပဒေကို ပြည်သူ့လွတ်တော်မလိုပဲ ကောက်ပြဋ္ဌာန်းလိုက်သည်မှာ စံယူစရာ။
ပြည်သူအပေါ် တရားမဲ့အနိုင်ကျင့်နေတာကို ပြည်ပကျူးကျော်စစ်အလား ပုံဖော်လိုက်တာပဲ။ ကျဆုံးစစ်ခွေး တောင်ပုံရာပုံ ရှိလာသည်မှာ သူတို့စစ်သား မဟုတ်သလိုလို။ ကျီးထိုးထိုး၊ ခွေးဆွဲဆွဲ၊ လဒစားစား။ သူတို့အာဏာတည်မြဲရေးအတွက် ရဲဘော်မသေ သေသော်ငရဲမလားဟု မန်းမှုတ် ဥုံဖွ ရှရာတလွဲ ပျားရည်နှင့် ဝမ်းချကြတာပဲ။
ဆုံးရှုံးသွားသောစခန်းများ၊ မြို့ရွာများ၊ တိုင်းစစ်ဌာနချုပ်များ၊ အဖမ်းခံ ကျရှုံးသူတို့၏ အရာရှိစစ်သည်များ မည်သို့ပင်ရှိရှိ၊ သူတို့ဖက်တွင် အဆင့် (၃၈) Standard Armyကြီးကား အမြဲနိုင်နေတာပါပဲ။ ဝတ်စရာပုဆိုးမရှိသည့်သူက လုံအောင်ထိုင်ပါ ပြောသလို။ မအလ၏ ပထမစာမျက်နှာတစ်ခုလုံး ဥုံတလဲလဲ ဖွတလဲလဲ။ သိုက်စာဖတ်ရာ နားထောင်ကာ ဥစ္စာရနိုးနိုး။ နွားခလောက်သာမြည်သည် နှမ်းမရ။ နိုင်ငံတကာရေးရာတွင်လည်း ဗုံမဝင် ဆုံမဝင်။ တာဝတိံသာချိန်နေငြား အပယ်ဆိုက်ဆိုက်သွားသည်ကတော့ မအလ ကြွေးကြော်ခဲ့သော ပထမစာမျက်နှာများပါတည်း။
တဖန် ဒုတိယစာမျက်နှာကို လက်ရေးလှလှလေးနှင့် ရေးကြစို့တဲ့။ ကလေးအဆင့် ဥပမာပေးပုံက တကယ့်ကို မအလ၏ ဉာဏ်ပညာအဆင့်အတန်း။ အသိမ်းပိုက်ခံမြို့များကို စစ်အုပ်ရေးကြေညာသည်။ ပြန်လည်အရယူသိမ်းပိုက်ကြမည်ဟု မစားရဝခမန်း လေသံပစ်နေသည်။ ရယ်စရာမဟုတ်ပါ၊ စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ထို့မြို့ရွာများကို ဖျက်ဆီးပစ်မည့် အဓိပ္ပာယ်။
ဘာလုပ်လုပ် ဘာမှ လာမပြောနှင့်။ စဥ်းစားမိသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ပေါ်လာရသည့် အခြေခံအချက် လေးချက်ဖြစ်သည့် (၁) ရာထူးအရ ခေါင်းဆောင်ဖြစ်ခြင်း၊ (၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုအရ ခေါင်းဆောင်ဖြစ်ခြင်း၊ (၃) အများစု ရွေးချယ်မှုအရ ခေါင်းဆောင်ဖြစ်ခြင်း၊(၄) မျိုးရိုးစဥ်ဆက်အရ ခေါင်းဆောင်ဖြစ်ခြင်း တည်းဟူသော အချက်များထဲမှ တစ်ချက်မှမဝင်ဘဲ အာဏာလုယူထားသူ ဖြစ်နေရာ၊ ဒုတိယစာမျက်နှာအစဦးတွင် ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံမေ့ကျန်နေခဲ့ခြင်းက အနှီလူယုတ်မာ၏ ညံ့ဖျင်းမှုကို ထင်ရှားစေသည်။
လူထုဦးလှ၏ အညာကျေးလက်ပုံပြင်များ အမှတ်စဥ်(၁၀)ထဲမှ "အပြီးသတ် ဝှီးဟီးဟီး ဖတ်" ပုံပြင်လေးကို သတိရမိသည်။
ရှေးအခါက မြစ်ကမ်းနားရှိ ရွာတစ်ရွာတွင် ဦးလှကြီး ဆိုသူသည် မည်သည့်အလုပ်မဆို ပြီးစီးအောင် လုပ်သည် မရှိ။ ရွာသားများက ဦးလှကြီးအား လူပျင်း၊ လူဖျင်းဟု ကဲ့ရဲ့သည်ကို မခံနိုင်၍ တောထဲမှ သစ်တုံးတစ်တုံးကို ခုတ်ယူခဲ့ပြီး လှေပဲ့သည့် တက်မကြီးကို ပြုလုပ်ရန် တဖြည်းဖြည်းသစ်တုံးကို ရွေသည်။ အလုပ်တစ်ခုကို ပြီးအောင်လုပ်တတ်ကြောင်း ပြလိုသော ဦးလှကြီးသည် သစ်တုံးကို အလျင်စလို ဓားဖြင့်ရွေရာ ဓားစာများသွားပြီး သစ်တုံးသေးသွားသည်။ ထိုအခါ ဦးလှကြီးက တက်မ မရလည်း လှော်တက်ခုတ်ရန်ဟု စိတ်ကူးကာ ဂရုတစိုက် ခုတ်ပြန်သည်။
နောက်ဆုံး လှော်တက် ဖြစ်မလာပဲ ဟိုတိ ဒီဖြတ်ဖြင့် တစ်တောင်ခန့်သာ ကျန်တော့သည်။
အင်း ထမင်းအိုးမွှေရန် ယောက်မလေးတော့ ရကောင်းပါရဲ့ဟု ပုံဖော်ရင်း၊ အချောသတ် ခုတ်ထစ်ပြန်ရာ ယောက်မပုံသဏ္ဌာန်ပါ ပျောက်သွားပြီး အရှည်တစ်ထွာ အထူကျပ်ပြားခန့် မျဥ်းတံမဟုတ်သော အရာတစ်ခု ဖြစ်သွားသည်။
ဦးလှကြီးလည်း ရှက်ရှက်ဖြင့် သစ်သားပြားလေးကို စိတ်ဆိုးမာန်ဆိုးဖြင့် ကောက်ပြီးလွှင့်ပစ်ရာ "ဝှီး ဟီး ဟီး " ဟုသော အသံမြည်လျက် အခြားတစ်နေရာတွင် "ဖတ်"ခနဲ ကျသွားလေသည်။
ဦးလှကြီးလည်း ရွာသားများအား အားကျမခံသောစိတ်ဖြင့် "အမလေး ငါ့ဟာက အဟုတ်ကြီး ၊အပြီးသတ်တော့ ဝှီး ဟီး ဟီး ဖတ်ဖြစ်သေးရဲ့" ဟု ဆိုလိုက်လေသည်။
ထို့ကြောင့် လူကြီးသူမများက ဦးလှကြီး တက်မ ခုတ်သလို အပြီးမသတ်ကြနဲ့ဟု ယနေ့တိုင် ဆုံးမခဲ့ကြသည်။
ဆိုရသော် ခေါင်းဆောင် ဖြစ်ပေါ်လာသည့် အချက်တစ်ချက်မှပင် ဘောင်မဝင်သောမအလ၊၊ခေါင်းဆောင် အရည်အချင်းများဖြစ်သည့် အစီအစဥ်ရေးဆွဲ ခြင်း(Panning)၊ စည်းရုံးဖွဲ့စည်းခြင်း(Organizing)၊ ညွှန်ကြားဆောင်ရွက်စေခြင်း(Directing)၊ ညှိနှိုင်းဆောင်ရွက်ခြင်း(Co-ordinating)၊ ထိန်းသိမ်းကွပ်ကဲခြင်း (Controlling/Monitoring) စသည့်အချက်များနှင့်လည်း အံမဝင်သော မအလ၏ ဒုတိယစာမျက်နှာမှာလည်း အထက်ပါပုံပြင်ထဲက ဦးလှကြီး၏ "အပြီးသတ်တော့ ဝှီး ဟီး ဟီး ဖတ်ဖြစ်သေးရဲ့"ဟူသော အဆင့်လောက်မှတစ်ပါး အခြားမရှိပါကြောင်း ကြိုတင်နိမိတ်ဖတ်လိုက်ရပါသတည်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar