မောင်တူး - လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ပေါ်ထွန်းလာသော ယနေ့
မောင်တူး - လူထုခေါင်းဆောင် အောင်ဆန်းစုကြည် ပေါ်ထွန်းလာသော ယနေ့
မိုးမခ ၊ စက်တင်ဘာ ၈ ၊ ၂၀၂၅
သူ့အဖိုးရယ်
သူ့အဖေရယ်
သူ့အမေရယ်
သူ့ဂုဏ်ဒြပ်က
မြန်မာပြည်သူ့တော်လှန်ရေးနဲ့
ထပ်တူပြုကျ
စတင်ခဲ့သောနေ့
၂၆ -၀၈ -၁၉၈၈
၂၆ ဩဂုတ်လ ၁၉၈၈ ခုနှစ်က ရွှေတီဂုံစေတီတော်ကြီးရဲ့ အနောက်ဘက်မုဒ်မှာ လူပေါင်း တသိန်းကျော် တက်ခဲ့တဲ့ လူထုအစည်းအဝေးပွဲကြီးပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်က (သိန်းချီတဲ့လူထုကြီးကို) ပထမဦးဆုံး ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့တယ်။ မိန့်ခွန်းဆိုပေမယ် သူက တခွန်း တပိုဒ် ပြောလိုက်။ လူထုတသိန်းက လက်ခုပ် တီးလိုက်နဲ့ လူထုနဲ့ ခေါင်းဆောင် ဆန္ဒတူ သဘောတူ ရည်ရွယ်ချက်တူ ရင်ခုန်သံတူကြတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ အောင်ဆန်းစုကြည် ဆိုတဲ့ အမည်ဟာလည်း တတိုင်းလုံး တပြည်လုံး တကမ္ဘာလုံးကို စတင် ပျံ့နှံ့သွားခဲ့တာ အခု ၃၇ နှစ်တိုင်တိုင် ပြည့်တဲ့ ဒီနေ့အထိပါပဲ။
စုရဲ့လူထုခေါင်းဆောင်ဘဝ အစပျိုးခြင်း
၁၉၈၈ ခုနှစ် မတ်လကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည် လေဖြတ်လို့ သူနေထိုင်ရာ လန်ဒန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တာက စတင်ပါတယ်။ အဲ့သည်တုန်းက အမေစုဟာ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးဌာနမှာ ပါရဂူဘွဲ့အတွက် "၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ" ဘွဲ့လွန်စာတမ်း ပြုစုနေချိန်ပေါ့။ မိခင်ကို ဆေးရုံမှာ ၃ လကုသအပြီး မသက်သာတဲ့အတွက် အိမ်ပြန်သယ်လာချိန်ပါ။ အင်္ဂလန်က ခင်ပွန်းနဲ့ သားလေးနှစ်ယောက်လည်း မိခင်နဲ့ တွေ့ဖို့ နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံကိုရောက်နေချိန် ဩဂုတ် ၂၆ ရက်မှာ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ် လူထုစည်းဝေးခဲ့တာပါ။ လူထုအစည်းအဝေးပွဲကြီးမှာ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးဖို့ နိုင်ငံအာဏာပိုင်တွေကို အဆိုပြုခဲ့ပြီး၊ ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်တာကြောင့်၊ သမီးဖြစ်သူဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အရေးတော်ပုံ ၈၈၈၈ ကြီးမှာ ခေါင်းရှောင်ရန် မသင့်တော်လို့ ပါဝင် ရကြောင်း ပြောခဲ့တာပါ။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၈၈၈ အရေးတော်ပုံကြီးကို ဦးဆောင်လိုက်ပြီဖြစ်ကြောင်း သိန်းချီတဲ့ လူထုကြီးကတဆင့် တပြည်လုံး တကမ္ဘာလုံးကို စတင် ကြေညာလိုက်တဲ့နေ့ ၃၇ နှစ် ရှိပါပြီ။
(လူထုတရပ်လုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်မှ ဒီမိုကရေစီရမည်)
" အားလုံး ဒီကို ရောက်နေတဲ့ လူထုပရိသတ်ကြီးဟာ
ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ ဒီကို ရောက်နေတယ်လို့
ကျမယုံကြည်ပါတယ်။ ဒီ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ဟာ ဟာ
လူထုအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့
ချီတက်မှပဲ ရောက်နိုင်မှာပါ။"
အထက်ပါ စကားတွေက လွန်ခဲ့တဲ့ ၃၇ နှစ်က ဒီလိုနေ့မှာ ပြောခဲ့တဲ့ အမေစုရဲ့ မိန့်ခွန်းအစပါ။ ဒီမိုကရေစီ ရချင်ရင် လူထုတရပ်လုံး စည်းကမ်းရှိ စည်းလုံး ညီညွတ်ပြီး တိုက်ပွဲဝင် လုပ်ကိုင်မှ ရမယ်လို့ ပြောလိုက်တာပါ။ ဒီနေ့ ကျနော်တို လူထုဟာ ညီညွတ်ပြီလား။ စည်းလုံးကြပြီလား။ စည်းကမ်းရှိကြပြီလား။ ပြန်ကြည့်ကြပါစို့။ ဒီမေးခွန်းဟာ ပြည်သူလူထုတရပ်လုံးက ဖြေကြားကြရမှာပါ။ ဒီတော့ စစ်အာဏာရှင် ပြုတ်ကျပြီး လူထု လိုလားချက် ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ပြောခဲ့သလိုသာ လုပ်ကြဖို့ တိုက်တွန်းပါတယ်။
အကျယ်ချုပ်များ၊ ထောင်ချုပ်များစွာ
ကျားကုတ်ကျားခဲ၊ သူ၏ဇွဲသည်
ဆန်းစုကြည်လား၊ ဇာနည်လားပင်
တရားမြဲသော တို့ခေါင်းဆောင်။ ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတိဂုံလူထုအစည်းအဝေးကြီးကစလို့ ဒီနေ့တိုင် လူထု ခေါင်းဆောင်ဘဝ ၃၇ နှစ်ကာလအတွင်း နှစ်ပေါင်း ၂၀ ဟာ အကျယ်ချုပ်နဲ့ ထောင်ကျနေတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၄ ကြိမ် အကျဉ်းကျခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပါ။ ဒါ့အပြင် မတရားအမှုဆင်ပြီး ထောင် ၂၇ နှစ် ချခံထားရပါတယ်။ ပိုဆိုးတာက သူ့ကို ဘယ်နေရာမှာ ထားမှန်းမသိရသလို ရှေ့နေတွေ မိသားစု ဆရာဝန်တွေနဲ့လည်း တွေ့ခွင့်မပေးပါဘူး။ သူ့ရဲ့ သားငယ် ကင်မ် ကတော့ သူ့မိခင် ထောင်တွင်းမှာပဲ ဆုံးပါးသွားမှာကို စိုးရိမ်တယ်လို့ ပြောနေပါတယ်။ စု ၈၀ ပြည့် မွေးနေ့ပွဲကိုတောင် မွေးနေ့ရှင် မရှိပဲ ကျင်းပခဲ့ကြရတာကိုး။ မွေးနေ့ရှင် မပါပေမဲ့ မွေးနေ့ပွဲတွေကတော့ တတိုင်းပြည်လုံး တကမ္ဘာလုံး အုတ်အုတ်ကျက်ကျက် တခဲနက်ပါပဲ။
စုထောင်နံရံ၊ ပြောကြားဟန်
တန်ပြန်အသံ၊ ကြားရပြန်သည်
တို့ပြည်သူများ ခွန်အားရ၏ ။ ။
၂၀၂၁ ခုနှစ်က ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ တုံ့ပြန်ပြောဆိုခဲ့တယ်။ ရှေ့နေ ဦးခင်မောင်ဇော်က "သူ (ဒေါ်အောင်ဆန်းစုကြည်) ကတော့ All Absurd လို့ပြောတာပဲ။ သူပြောတဲ့စကားအတိအကျပဲ။ သောကြာနေ့က သက် သေထွက်ချက်အပေါ် သူက အဲ့လိုပဲပြောတယ်။ ရွှေတွေဒေါ်လာတွေ ပေးတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဘာပြောစရာရှိလဲလို့ ကျနော်မေးတဲ့ဟာ All Absurd တဲ့။ ဒါပဲပြောသွားတာ။"လို့ DVB ကို ပြောခဲ့ပါတယ်။
All Absurd ကို ဆရာမင်းထင်ကိုကိုကြီးကတော့ မဟုတ်တမ်းတရားတွေ ဆိုပြီး ဘာသာပြန်တာကိုလည်း ဖတ်လိုက်ရပါတယ်။ တကယ်ကလည်း စစ်ကောင်စီ စစ်တပ်ရဲ့ မတရား အမှုဆင် ထောင်ချတဲ့ဟာတွေက မဟုတ်တမ်းတရား All Absurd တွေပါပဲ။ အမေစုက အဲ့သည်လို စကားကို တခွန်းဆို တခွန်း ထိထိမိမိ ပြောတတ်ပါ့။ အခုလို စစ်အုပ်စုက မဟုတ်တမ်းတရားတွေ ကြံစည်ပြီး အမေစုကို ဖမ်းထားတာဟာ အမေစုရဲ့ လူထုအပေါ် စည်းရုံးနိုင်စွမ်းကို စစ်တပ်က ကြောက်နေတာကြောင့်လို့ ပြောကြပါတယ်။ “မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်တွေ အကြာကြီး ဖမ်းဆီးထားတာဟာ ဆယ်စုနှစ်များစွာ ကြာသည့်တိုင် သူ့ကို သူတို့ ဘယ်လောက် ကြောက်တယ်ဆိုတာပြသနေတယ်” ဟု Burma Campaign UK ဒါရိုက်တာ မတ်ခ်ဖာမနာက ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ပြောခဲ့ပါသေးတယ်။ အခုလို အမေစု လွှတ်ရေးကို ဗြိတိန်ဝန်ကြီးဟောင်းတွေကလည်း တောင်းဆိုနေကြတာပါ။
စစ်ကောင်စီဟာ ပြည်သူတွေကို လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေကြောင်း ဒေါ်ဆောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာက သက်သေပြနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ မစ္စတာ အင်ဒရူး မစ်ချယ်နဲ့ ဆာ အလန် ဒန်ကန်တို့ကလည်း ပြောခဲ့ကြပါတယ်။ ဆာအလန်ကဆိုရင် “ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တခု ဖြစ်တယ်။ ကမ္ဘာကြီး အနေနဲ့လည်း ဟိုတချိန်က နယ်လ်ဆင်မင်ဒဲလား လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လှုပ်ရှားသင့်တယ်” ဆိုပြီး ပြောခဲ့သေးတာပါ။ ကျနော်တို့ ပြည်တွင်း ပြည်ပ မြန်မာပြည်သူတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ရှားသင့်ပါတယ်။ ဥပမာ- ဟိုတချိန်က လုပ်ခဲ့ကြသလို အင်္ဂါဆုတောင်းပွဲတွေ၊ ဆန္ဒပြပွဲတွေ လုပ်ကြသင့်ပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေ နည်းလာနေတယ်။ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။
လက်ဖက်ရည်တိုက်
ပြန်လွှတ်လိုက်ပါ
ကြေးတိုက်တွင်းမှ စကားသံ။ ။
၂၀၂၃ ခုနှစ်ကထင်ပါတယ်။ ဒေါ်စန္ဒာမင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမတခါ ပေးတွေ့ခဲ့ပေမဲ့ ''နောက်မလာနဲ့''လို့ ပြောလွှတ်တာခံရပါတယ်။ ဒုတိယအကြိမ်တွေ့ဖို့ သွားတဲ့အခါကျတော့ ''ဘယ်သူ့ကိုမှ မတွေ့ချင်ပါ၊ လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါ"လို့ပဲ ပြောပြီး အငြင်းခံလိုက်ရပါတယ်။ စစ်တပ်ဟာ သတင်းလုံခြုံမှု ပိတ်ထားနိုင်စွမ်း ရှိပေမယ့် ပေါက်ထွက်လာတဲ့ သတင်းလေးတွေအရ စစ်တပ်က ထောင်ထဲသွားပြီး အမေစုနဲ့ တွေ့နေတာက သေခြာပါတယ်။ အမေစု ဖက်ကတော့ စစ်တပ်အလို မလိုက်ဘူးလို့ ကြားနေရပါတယ်။ ပြည်သူ့ဆန္ဒသာ သူမဆန္ဒဖြစ်တယ်ပြောပြောနေလို့ ခေါင်းမာတဲ့ မိန်းမကြီးလို့ ကြိမ်းမောင်းသံကလည်း ထောင်ပြင်ကို လျှံထွက် နေတယ်ပေါ့။
ဒေါ်စုနဲ့နေပြည်တော်ထောင်မှာ
ခွဲခွာကာနီး စကားပြောခွင့်ရခဲ့တော့
အာဏာသိမ်း စစ်ကောင်စီကို ရဲရဲဝံ့ဝံ့
ရင်ဆိုင်နေသူတိုင်းအတွက်ဂုဏ်ယူကြောင်း
မျှော်လင့်ချက်ဆက်ထားကြဖို့
အရှုံးမပေးကြဖို့ သူကမှာတယ်။ ။
(ရှောင်တာနယ်.... သူမတူအကျဉ်းသား စာမျက်နှာ ၁၉၇)
ဆရာ အေကေမိုး ဘာသာပြန် "သူမတူအကျဉ်းသား" မစ္စတာရှောင်တာနယ် (Sean Turnell) ရဲ့ An Unlikely Prisoner စာအုပ်မှာ အထက်ပါ စာပိုဒ်ကို ရေးထားတာပါ။ ရှောင်တာနယ်ရဲ့ အင်းစိန်ထောင်၊ နေပြည်တော်ထောင် အတွေ့ အကြုံတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကား ပြောခွင့်ရတာလေးတွေကို သူက ပြန်ရေးထားတာပါ။ သူရေးထားတော့ ကျနော်တို့လည်း သိရတာပါ့။ အမေစုက ပြည်သူတွေကို အရှုံးမပေးကြနဲ့လို့ ပြောလိုက်တာပါ။ ထပ်ပြောရရင်
အမေစုက "အာဏာသိမ်း စစ်တပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် နေသူတိုင်းအတွက် ဂုဏ်ယူတယ်။ မျှော်လင့်ချက် ဆက်ထားကြပြီး အရှုံးမပေးကြနဲ့။ ဘယ်လို အနေ အထား ဖြစ်နေနေ ရှေ့ဆက် ဘာလုပ်မယ်ဆိုတာ တွေးထားကြ။ အစီအစဉ်တွေ ဆွဲထားကြ။ ကျမတို့ လူထုတာဝန်ကို ပခုံးထမ်း ပြန်ယူရမယ့်အချိန်အတွက် ပြင်ဆင်ထားကြ။ အာဏာရှင်တွေ ကြာကြာမခံပါဘူး။" လို့ ရှောင်တာနယ်က တဆင့် ပြောလိုက်တာပါ။
(လူထုခေါင်းဆောင်၏ အောင်မြင်မှုများ)
ကျမတို့ NLD အစိုးရလက်ထက်မှာ
ပြည်သူလူထုတွေက
အကြောက်တရားတွေနည်းသွားတာက
ကျမတို့ရဲ့ အောင်မြင်မှုပါပဲ။ ။ (ဒေါ်အောင်ဆန်းစုကြည်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖွဲ့စည်းခဲ့တယ်။ ၁၉၉၀ ၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ အုပ်ချုပ်ခွင့်ရတဲ့ အစိုးရကာလမှာ အကောင်းဆုံး လုပ်ခဲ့တယ်။ လူထုကြိုက်ခဲ့တယ်။ အဖမ်းခံ အနှိမ်ခံ ကာလတွေမှာလည်း လူထုကို သစ္စာမဖောက် ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ စစ်တပ်က သူ့လင်သား နေမကောင်းတဲ့အချိန် လန်ဒန်ကို ပို့ပေးပါ့မယ်လို့ ညှိခဲ့ပေမဲ့ လက်မခံခဲ့ဘူး။ ပြည်ပထွက်သွားရင် ပြန်ဝင်ခွင့် မရမှာ ကြောက်တယ်။ စစ်တပ်က ဖမ်းမှာ သတ်မှာကိုတော့ သူမက မကြောက်ဘူး။ စစ်တပ် ညှိသမျှ လူထုအတွက် မဟုတ်ရင် ငြင်းခဲ့တာချည်းပဲ။ ဘဝပေး၊ အသက်ပေးခဲ့သူ ခေါင်းဆောင်ကောင်းပါ။
အခုနောက်ဆုံး ဦးနုဝန်ကြီးချုပ် လက်ထက် ၁၉၅၈ လောက်တုန်းက ဦးနေဝင်းကို အာဏာလွှဲတာမျိုးကို အမေစုက လက်မခံခဲ့ဘူး။ နိုင်ငံရေး မကစားဘူး။ စစ်တပ်နဲ့ ပေါင်းမစားဘူး။ ထောင်ကျခံမယ်ဆိုပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ လူထုအတွက် ရင်းသွားခဲ့တယ်။ ကျဉ်းနှောင်အိမ် ၅ နှစ်မှာလည်း ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ စစ်အာဏာကို တော်လှန်ဆဲလေ။ ၂၆ ဩဂုတ်လ ၁၉၈၈ ခုနှစ်က ရွှေတီဂုံစေတီတော်ကြီးရဲ့ အနောက်ဘက်မုဒ်မှာ (သိန်းချီတဲ့လူထုကြီးကို) ပထမဦးဆုံး မိန့်ခွန်းပြောပြီး အောင်ဆန်းစုကြည် ဆိုတဲ့ အမည်ရခဲ့တာလည်း ၃၇ နှစ် တိုင်တိုင် ပြည့်တဲ့ ဒီနေ့အထိပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar