Breaking News

ကိုသန်းလွင် - ဦးနှောက်ကို သန့်ရှင်းစေခြင်း


ကိုသန်းလွင် - ဦးနှောက်ကို သန့်ရှင်းစေခြင်း

မိုးမခ ၊ စက်တင်ဘာ ၉ ၊ ၂၀၂၅


(၁)

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း သံချောင်းကဲ့သို့ မာကျောသည် (Iron Lady) ဟု ခေါ်ကြသည့်  မာဂရက်သက်ချာသည် သူ ဝန်ကြီးချုပ် လုပ်နေစဉ် ကာလအတွင်းက တနေ့လျင် ၄ နာရီမျှသာ အိပ်၍ အလုပ်လုပ်သည်ဟု ဆိုသည်။ နောင် သူမ ၇၁ နှစ်အရွယ်၌ အယ်ဇိုင်းမားရောဂါ စွဲကပ်နေပြီဟု ဆရာဝန်များက ပြောကြပါသည်။

ငှက်များလည်း အိပ်ကြပါသည်။ ပျားကောင်များလည်း အိပ်ကြရပါ၏။ နာဗ့်ကြော မပါသည့် သတ္တဝါများလည်း အိပ်ကြရသည်။ ကလေးများလည်း အိပ်ကြရသည်။ လူတစ်ယောက်၏ ဘဝတွင် အနှစ် ၂၀ ကျော်မျှကာလသည် အိပ်ပျော်ရင်း၊ ငိုက်မြည်းရင်းဖြင့် အချိန်ကုန်ရသည်။ အိပ်ခြင်းသည် သတ္တဝါများတွင် အဘယ်ကြောင့် လိုအပ်ရပါသနည်း။

(၂)

အိပ်စက်ခြင်းဖြင့် ဦးနှောက်အတွင်းရှိ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပေးသည်။ ၎င်းမှတဆင့် ဒီမင်းရှားနှင့် အယ်ဇိုင်းမားကဲ့သို့သော ရောဂါများကို မကပ်ငြိရအောင် အကာအကွယ်ပေးနိုင်ပါသည်။ 

ထင်ရှားသော ဝင်းလက်သော အစက်အပြောက်တစ်ခုသည် ရှေ့က ကွန်ပျူတာဖန်သားပြင်တွင် ပေါ်နေပါသည်။ ၎င်းသည် အိပ်ပျော်နေသော ကျောင်းသား၏ ဦးနှောက်ကို ကြည့်ရှုနေခြင်း ဖြစ်သည်။ နေရာမှာ မက်ဆာချူးဆက် ဆေးရုံမှာဖြစ်ပြီး ကျောရိုးအတွင်းမှ အရည် CFS Cerebrospinal Fluid သည် ဦးနှောက်အတွင်းသို့ စီးဝင်နေပုံကို ပြသည်။ အလင်းပျောက်ကလေး တစ်ခုပြီးတစ်ခု ပေါ် နေခြင်းမှာ ထိုအရည်ဦးနှောက်အတွင်းသို့ စီးဝင်နေပုံကို ပြပါသည်။ ထို သွေးလွှတ်ကြောပတ်ဝန်းကျင် နေရာကလေးမှ စီးဝင်နေသော CFS သည် ဦးနှောက်၏ အခြားတစ်ဖက် သွေးပြန်ကြော၏ ပြင်ပနေရာမှ ကျောရိုးထဲသို့ ပြန်လည်စီးဝင်သွားသည်။ ထိုအရည်နှင့်အတူ ဦးနှောက်အတွင်းမှ မလိုအပ်သော အညစ်အကြေးများ ပါသွားကြသည်။

သိပ္ပံဆရာတို့က လူသည် နေ့လယ် နေ့ခင်း ဟိုမှသည်သို့ သွားခါ အလုပ်လုပ်နေချိန်တွင် ဦးနှောက် အတွင်း၌ ပိုလျှံသော ပရိုတိန်းများ၊ မော်လီကျူးများ ပေါ်ထွက်လျက် ရှိနေပါသည်။ ထို ပရိုတိန်းတို့တွင် အမ်မလွိုက် (amyloid) နှင့် တောင် (Tau) ပရိုတိန်းတို့ ပါဝင်ပါသည်။ ၎င်းတို့သည် ဦးနှောက်အတွက် ကြေးညှော်တစ်မျိုး ဖြစ်ရာ လူ့အတွက် အဆိပ်အတောက်များ ဖြစ်နေပြီး လူကို အယ်ဇိုင်းမားကဲ့သို့သော ရောဂါများ ဖြစ်ပွားစေပါသည်။

ကိုယ်ခန္ဓာတစ်ခုလုံးမှ အသုံးမကျသော ပစ္စည်းများကို လင်ဖက်တစ် (Lymphetic) စနစ်က ကိုယ်ခန္ဓာအတွင်းမှ ဖယ်ထုတ်ပစ်ပါသည်။ ခန္ဓာကိုယ်တစ်သျှူးများကမလိုသော အညစ်အကြေးများကို ပထမ သရက်ရွက် (spleen) ဆီသို့ ပို့ရပါသည်။ မလိုလားအပ်သော အမှုန်များ ဖယ်ထုတ်ပြီး ထိုမှတဆင့် လူတို့သွေးကြောထဲသို့ ရောက်ရပါသည်။ လူအများ ယခင်က တွေးထင်ထားခဲ့ကြသည်မှာ ဦးနှောက်ထဲမှ အညစ်အကြေးများကိုလည်း ဤနည်းဖြင့် မဖယ်ထုတ်နိုင်ဟု ထင်ခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် Blood-Brain Barrier မှာ အရာ ဝတ္ထုများကို တစ်ဖက်မှ တစ်ဖက်သို့ရောက်အောင် ၎င်းကို ကျော်၍ မပို့နိုင်ပါ။ 

၂၀၁၂ ခုနှစ်တွင် နိုင်ဒင်ဂတ် (Maiken Nidergaard) ဦးဆောင်သော ရိုချက်စတာ တက္ကသိုလ်မှအဖွဲ့က ယခင်က မသိခဲ့သော လှည့်ပတ်မှုအစီအစဉ်တစ်ခုသည် ဦးနှောက်မှ အညစ်အကြေးများကို သန့်စင်ပေးကြောင်း တွေ့ခဲ့ကြသည်။ CFS အရည်များသည် ဦးနှောက်၏ (Perivasular space) ခေါ် သွေးကြောများ ဝန်းကျန် ပြင်ပနေရာများတွင် မြင်းခွာပုံသဏ္ဌာန် ဝိုင်းပတ်၍တည်ရှိနေပါသည်။ ထိုနေရာတလျှောက်မှ CFS သည် ဦးနှောက်ကို ဝန်းရံ စီးဆင်းပြီး ဦးနှောက်မှ အညစ်အကြေးများကို သယ်ဆောင်သွားပါသည်။

နိုင်ဒင်ဂတ်တို့အဖွဲ့မှ ဤစနစ်ကို ဂလင်ဖက်တစ်စနစ် (Glymphatic System) ဟု အမည်ပေးခဲ့ပါသည်။ g မှာ glia ကို ကိုယ်စားပြု၍ ကော်ကဲ့သို့ ကပ်နိုင်သော နာဗ်ကြောမှ ဆဲလ်များဖြစ်ပြီး Lymphatic မှာ ကိုယ်ခန္ဓာတွင် လှည့်ပတ်လျက်ရှိသည့် အရည်များကို သယ်ဆောင်သောစနစ်ကို ကိုယ်စားပြုပါသည်။ သို့မဟုတ် အညစ် အကြေးကို ဖယ်ထုတ်သည့်စနစ် ဖြစ်လာပါသည်။ နောက်နှစ်တွင် ထိုစနစ်နှင့်ပတ်သက်၍ အရေးကြီးသော တွေ့ရှိ ချက်တစ်ခုကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ၎င်းသည် ထိုစနစ်မှာ နေ့တွင် လူနိုးထနေစဉ် အလုပ်မလုပ်ဘဲ ညအချိန် အိပ်ပျော်နေစဉ်မှာသာ အလုပ်လုပ်ကြောင်းပင် ဖြစ်သည်။ အိပ်ပျော်ချိန်တွင် ဦးနှောက်အတွင်းမှ နေရာလွတ်များမှာ ကျယ်ပြန့်လာသည်။ ဦးနှောက်ကို သန့်ရှင်းရေးလုပ်ခြင်းသည် အိပ်စက်ချိန်မှာသာ လုပ်သောအလုပ် ဖြစ်သည်။ အိပ်ရာမှ နိုးလာသောအခါ လူသည် လန်းဆန်းနေပြီးနောက် နေ့သစ်အတွက် အဆင်သင့် ဖြစ်နေပါသည်။ ကားများကို တိုင်ပင်ညှိ၍ (Tune up) လုပ်ပြီး မောင်းရန်အသင့် ဖြစ်နေသည်နှင့် အလားသဏ္ဍန်တူပါသည်။

သို့သော် ဤသို့ အရေးကြီးသော တွေ့ရှိချက်များမှာ ကြွက်များကို စမ်းသပ်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက် ဦးနှောက်သည် သေးငယ်၍ လူ့ဦးနှောက်ကဲ့သို့ ရှုပ်ထွေးခြင်းမရှိပါ။ ၎င်းတို့ ဦးနှောက်မှာ သေးငယ်သော အပိုင်းအစသဖွယ်သာ ဖြစ်သဖြင့် ဤစနစ်အပေါ် လူတွင်ဖြစ်ပေါ်သည်ဟု ဆိုခြင်းကို ကန့်ကွက်သူများ ပေါ်ပေါက် ခဲ့သည်။

ထို့နောက် စမ်းသပ်ချက်ပေါင်းများစွာကို ပြုလုပ်ခဲ့ကြပါသည်။ လူ့ဦးနှောက်မှာ ကြွက်များနည်းတူ သန့်ရှင်းရေးလုပ်ရခြင်း တွေ့ရှိလာကြသည်။ ဦးနှောက်မှ လျှပ်စစ်လှိုင်းနှင့်အတူ ရွေ့လျားနေသော အရည်များသည် မှတ်ဉာဏ်၏ သိမ်းဆည်းမှု၊ အဆင့်အတန်း ခွဲခြားမှု၊ ရွေးချယ်မှု၊ တစ်နေရာမှ တစ်နေရာသို့ ပို့ပေးမှုများနှင့်လည်း ဆက်သွယ်နေကြောင်း တွေ့ရှိကြရသည်။

ဤဂလင်ဖက်တစ်စနစ်သည် လူတို့ အိပ်ပျော်နေစဉ်တွင် အညစ်အကြေးများကို သန့်စင်ပေးသည် ဆိုပါက ဤစနစ်ကောင်းစွာ အလုပ်မလုပ်လျှင် လူ၌ ဖြစ်လာမည့် ဆိုးကျိုးများရှိသည်။ ဤစနစ် ချို့ယွင်းလာသည်မှာ အမ်မလွိုက်နှင့် တောင်ပရိုတိန်းများသည် ဦးနှောက်ထဲမှာပင် စုပြုံလာကြပြီး ဒီမင်းရှားနှင့် အယ်ဇိုင်းမားရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် အသက်အရွယ် အိုမင်းလာချိန်တွင် ၎င်းတို့ရှိနေခြင်းမှာ လူနာကို ဒုက္ခရောက်စေသည်။ အကယ်၍ ပြင်ပနှောင့်ယှက်မှုကြောင့် ဦးနှောက်တွင် ထိခိုက်ဒဏ်ရာရလျှင်လည်း ဤစနစ်ကို အနှောင့်အယှက်ဖြစ်ပြီး အကျိုးဆက်များကို ခံစားရသည်။ 

ယခင်က သုတေသနလုပ်သူများအဖို့ အိပ်စက်ခြင်းသည် လူ့မှတ်ဉာဏ်နှင့်သာ ဆိုင်သည်ဟု အယူရှိခဲ့ကြ သည်။ Blood Brain Barrier ကို လေ့လာသူများသည် ဦးနှောက်အတွင်းမှ သွေးကြောများ ပတ်ဝန်းကျင်တွင် ကွက်လပ်ကလေးများ ရှိနေကြောင်းကို သတိထားမိကြသည်။ အဘယ်ကြောင့် ထိုနေရာလပ်များ ရှိနေသည်ကို စူးစမ်းမှု မပြုခဲ့ကြပေ။ ယခုမှ ထိုနေရာများသည် CFS အရည်စီးဆင်းရန်အတွက် ဖြစ်ကြောင်း သိရှိလာကြသည်။

နိုင်ဒင်ဂတ် နှင့်အဖွဲ့သည် ဦးနှောက်ကို သန့်ရှင်းအောင်လုပ်ရန်အတွက် လူသည် နိုးထနေရန် လိုအပ်သည်ဟု ကနဦးက ယူဆခဲ့ကြသည်။ သူတို့ မှားယွင်းစွာ ယူဆခဲ့ကြခြင်းမှာ ဦးနှောက်သည် နိုးထနေစဉ်သာ တက်ကြွမှု ရှိပြီး အိပ်ပျော်နေစဉ်တွင် တက်ကြွမှုမရှိဟု ထင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂလင်ဖက်တစ်နစ်သည် ညအခါ အိပ်နေစဉ် အလုပ်လုပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။

အမှန်မှာ ဦးနှောက်သည် ညအခါ အိပ်ပျော်နေစဉ် ၎င်း၏ တက်ကြွမှု (activity) မှာ လျော့နည်း၍မသွားပါ။ ယေဘုယျအားဖြင့် ဦးနှောက်၏အလုပ်လုပ်ပုံကို EEG Electro cephalography ဖြင့် သိနိုင်ပါသည်။ ဦးနှောက်၏ လျှပ်စစ်လှိုင်းမှာ အိပ်ပျော်သည့် အဆင့်ဆင့်တွင် ပြောင်းလဲနေကြသည်။ လူတို့ နိုးထစဉ်မှာ လျှပ်စစ်တုံ့ပြန်မှုမှာ မြန်ဆန်သည်။ တနည်းအားဖြင့် ကြိန်နှုန်း (frequency) မြင့်မားသည်။ အိပ်ပျော်နေစဉ် အဆင့် (၁) နှင့် (၂)                                          တို့တွင် ကြိမ်နှုန်းသည် နှေးကွေးသွားပြီး လုံးဝအိပ်ပျော်သော အဆင့် (၃) တွင် မြင့်မားသော amplitude နှင့် နိမ့် သော ကြိမ်နှုန်းများရှိသည့်အိပ်ပျော်ခြင်းသို့ ရောက်နေပါသည်။ ၎င်းကို delta wave များဟု ခေါ်သည်။ သမုဒ္ဒရာ ရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်လာသော လှိုင်းများက မှတ်ဉာဏ်ကို ထိန်းသိမ်းပေးသည်။ နောက်ဆုံးအဆင့် REM Rapid Eye Movement တွင် မျက်လုံးသည် တစ်ဖက်မှ တစ်ဖက်သို့ လည်းကောင်း အောက်မှအထက်၊ အထက် မှအောက် လျင်မြန်စွာ ရွေ့လျားနေစဉ် ပြတ်သားသော အိပ်မက်ကို မက်သည့် အချိန်များ ဖြစ်သည်။ ထိုကာလကို နိုးနေစဉ်ကာလများကဲ့သို့ ဦးနှောက်သည် တက်ကြွနေသည်။ ဦးနှောက်၏ လှုပ်ရှားမှုသည် မြန်ဆန်လာပြီးအခြား အဆင့်များထက် ပိုမိုတက်ကြွနေသည်။

EEG မှာ ဦးနှောက်အတွင်းမှ အရည်များ၏ ရွေ့လျားမှုကို မမြင်နိုင်ပါ။ နေ့စဉ် လူ၏ ကိုယ်ခန္ဓာသည် မိမိမှာ ရှိသည့် CFS ထက် ၂ ဆ မှ ၄ ဆအထိ စွန့်ထုတ်ပါသည်။ MRI Magnetic Resonance Imaging ရိုက်၍ စမ်းသပ်သောအခါ နှလုံးခုန်သည်နှင့်အတူ အရည်များ ရွေ့လျားနေကြောင်း တွေ့ရှိရပါသည်။


(၃)

လူတို့ အိပ်ပျော်နေသည့်အခါ ဦးနှောက်ကို သန့်ရှင်းစေခြင်းအပြင် မိမိခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက် ပါသည်။ အရိုးများ၊ တစ်သျှူးများ၊ နာဗ်ကြောများစသည်တို့ ဖြစ်ပါသည်။ မှတ်ဉာဏ်နှင့် အတွေ့အထိစွမ်းရည် (Cognitive) ကိုလည်း တည်ဆောက်ပါသည်။ စိတ်နှလုံးခံစားမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးကိုလည်း မြှင့်တင်ပေးသည်။ နှလုံးသွေးလမ်းကြောင်းကို ဖွံ့ဖြိုးတိုးတက်စေသည်။ ကိုယ်ခံအားစနစ်ကိုလည်း ပြုပြင်ပေးကာ စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက်လည်း အကူအညီ ဖြစ်စေပါသည်။

အိပ်ပျော်နေစဉ် အသိစိတ် (Conscious mind) က မသိဘဲ လုပ်နေသော အလုပ်များမှာ ဖော်ပြ၍ပင် မပြည့်စုံနိုင်ပါ။ လူဘဝတွင် “နေ့” များက အရေးကြီးသလို “ည” များကလည်း အရေးပါပါသည်။

ကိုသန်းလွင်

Ref: Brain Washing, By Lydia Denworth, Scientific American September 2025



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar