ဆယ်ပေါင်တူ - စဏ္ဍာလဖြစ်သွားသော မအလကြင်စိုး
ဆယ်ပေါင်တူ - စဏ္ဍာလဖြစ်သွားသော မအလကြင်စိုး
မိုးမခ ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၅
‘တယောက်ကို အသာကျော်တယ်၊ ရှေ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်၊ ညာကို အယောင်ပြပြီးမှ ဘယ်ဘက်တကြောက ကွက်လပ်ကျဉ်းကျဉ်းလေးကို ရှေ့က ပိတ်ထားတဲ့ နှစ်ယောက်ကြားကနေ ဖြတ်ဝင်ဖို့ ကြိုးစားတယ်၊ ဟော…နှစ်ယောက်ကြားကနေ ရအောင် ဝင်သွားတယ်၊ လှစ်ခဲနဲ ဝင်သွားတာခင်ဗျ။ သူ့ အရွယ်အစားနဲ့ အရပ်ကိုက အားသာချက်လို့ ပြောရမယ်’
‘ပြီးတော့ အခြေအနေကို အသာလေး အကဲခတ်နေတယ်၊ ကြည့်နေတယ်၊ ကြည့်နေတယ်၊။ ဘယ်ကို သွားမလိုနဲ့ ညာဘက်ထဲကို ပြန်ဝင်လာပြန်တယ်။ အရှိန်မြှင့်လိုက်ပြီး ထပ်ကျော်တော့မယ်၊ ပထမတယောက်၊ ဟော…နောက်ထပ် နှစ်ယောက်ခင်ဗျ။ ဟော…ဟော….ရှေ့နားကို …ရှေ့နားကို …ရောက်လာပြီ၊ ရောက်လာပြီ။ ဒီတကြိမ်တော့ …..မရတော့ပါဘူးခင်ဗျာ၊ ဒီတခါတော့ ဘယ်လိုမှ ကျော်လို့မရတော့ပါဘူး၊ သူ့ရှေ့က တယောက်က သူ့ထက် ၃ ဆလောက် ပိုကြီးတဲ့ ခန္ဓာကိုယ်နဲ့ ဆိုတော့ ဘယ်လိုမှ ကျော်မရနိုင်တော့တာနဲ့ အနောက်မှာပဲ အသာဆက်နေလိုက်ပါတော့တယ်’
အဝေးမှ သူများက မြင်ကွင်းကို အထက်ကကဲ့သို့ မြင်ယောင်ကြည့်နိုင်သကဲ့သို့၊ အနီးရှိလူများကတော့ ယခုကဲ့သို့ ကြားလိုက်ကြသည်။
ဒုန့်ပွတ်မီ……….ဒုန့်ပွတ်မီ
အိုင့်ကိုမပွတ်နဲ့
အိုင့်ကိုမပွတ်ရှ်နဲ့
ဒုန့်ပွတ်မီ……….ဒုန့်ပွတ်မီ
အိုင့်ကိုမပွတ်နဲ့
အိုင့်ကိုမပွတ်ရှ်နဲ့
အစက ဘောလုံးပွဲ ကြေညာနေတာဟု ထင်ကောင်းထင်နေကြလိမ့်မည်။ နောက်တော့မှ E စကေးလ် ခပ်မြင့်မြင့်ဖြင့် တတ်သမျှမှတ်သမျှ အော်ဟစ်နေသည်ကို သတိထားမိလိုက်သည်နှင့်၊ ကမ္ဘာပတ်ပြီး နိုင်ငံကို အရှက်ခွဲနေသော ကြင်စိုးမှ လွဲ၍ တခြားသူမရှိနိုင်ဟု ချက်ချင်း သဘောပေါက်သွားကြပေလိမ့်မည်။
ထင်ကြသည့်အတိုင်း ကြင်စိုးမှ ကြင်စိုးပင်။ ကြင်စိုး ပါဝင်သော ပီကင်းမြို့ တီယန်မင် ဆီက ဂိုဏ်းစတားများ လမ်းလျှောက်ပွဲအကြောင်း ဖော်ပြနေခြင်းပင်။ တရားဝင်နိုင်ငံအကြီးအကဲများဟု သတ်မှတ်ခံထားရသည့် အာဏာရှင်အုပ်စုထဲတွင် လိုက်ပါလမ်းလျှောက်ခွင့် ရသော်လည်း၊ မည်သည့်နိုင်ငံကမျှ အသိအမှတ်ပြုခြင်း မခံရသည့် ကလေကဝ တရားမဝင် အာဏာရှင်’အင်’ အတုကြီးမျှသာ ဖြစ်သောကြောင့် ကြင်စိုးသည် အားလုံး၏ နောက်ဆုံးနေရာနားမှသာ လျှောက်ခွင့်ရလေသည်။
‘ဟင်…..ဓာတ်ပုံတွေထဲမှာတော့ နောက်ဆုံးက မဟုတ်ပါလား’ဟု အပြောမစောကြစေကုန်။ အလွန် ဉာဏ်နီဉာဏ်နက် များသော ကြင်စိုးသည် နောက်ဆုံးမှ လိုက်မလျှောက်ချင်ပဲ ရှေ့နားရောက်နိုင်ဖို့ အကြံဖျစ်ညှစ် ထုတ်လေတော့သည်။ ထို့နောက် အထက် ကလို ‘ဒုန့်ပွတ်မီ၊ အိုင့်ကိုမပွတ်နဲ့၊ ငါ့ကို မတွန်းနဲ့’ ဟု အော်ဟစ်ပြီး၊ သူ့အနောက်မှ တယောက်ယောက်က တွန်းလိုက်သောကြောင့် ရှေ့သို့ မတော်တဆရောက်လာရသည့်နှယ် ကလိန်ကကျစ် ကျလေတော့သည်။
ရှေ့သို့ ကျော်လိုက်၊ ရှောင်လိုက် တွန်းလိုက်၊ ကြားဖြတ်လိုက်၊ သူများပေါင်ကြားအောက်က ငုံ့ဝင်လိုက်ဖြင့် မလိမ့်တပတ် လုပ်နေရာကနေ၊ သူ့ခန္ဓာကိုယ်ထက် ၃ ဆလောက် ကြီးမားသည့် ဘယ်လာရု့စ် အာဏာရှင်ကြီး သူ့ရှေ့ကပိတ်ဆို့သွားလေမှ ရှေ့ ဆက်မတက်နိုင်တော့ပဲ ‘ရှီ၊ ပူ၊ ကင်’ ၃ ယောက်၏ ဘေးနားမှ ကပ်လျှောက်လိုစိတ်ကို အတင်းဖျောက်ဖျက်လိုက်ရတော့သည်။ ဤတကြိမ်တွင် ကြင်စိုး ဇွတ်အတင်း ရှေ့ ဆက်တိုးပါက ဘယ်လာရု့စ်ကြီး ကိုင်ပေါက်တာ ခံရဖို့သာ ရှိသည့်အတွက်၊ အားမတန် မာန်လျှော့ကာ အနှီ ဘယ်လာရု့စ်ကြီး၏နောက်မှ စိတ်မသက်မသာဖြင့် ခပ်ကုတ်ကုတ်လေး လိုက်လျှောက်ခဲ့ရသည်။
ကြင်စိုး၏ ဒုက္ခက ဤမှာတင်မရပ်၊ အလျှံအပယ် တည်ခင်းကျွေးမွေးသော တရုတ်စာများ အဝအပြဲအုပ်ကာ အစားသောင်းကျန်းထားသည့် ဘယ်လာရုစ့်ကြီး၏ ခဏခဏ လေလည်မှုကို သူ့နောက်က ကပ်ပါလာသူ ကြင်စိုးခမျာ ကြိတ်မှိတ်ခံနေရရှာသောကြောင့်ဖြစ်သည်။ ယခုပြောသည်ကို သံသယရှိပါက ‘တီယန်မင်ရင်ပြင်မှ မျက်နှာအီးမှန်သူတဦး’ဟု AI ကို မေးကြည့်လိုက်ပါ၊ ကြင်စိုးမျက်နှာကြီး ဘွားခနဲ ပေါ်လာပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဒီတခါ တရုတ်သို့ လာရောက်ရသည်ကို ကြင်စိုး အလွန်ပျော်သည်။ ‘ရှီ’၏ နံဘေးနား တွဲရပ်လိုက်ရသည့်အခါ ကြင်စိုးရင်ထဲ တရုတ်နှစ်ကူးပွဲမှာ ဗြောက်အိုးများ ဖောက်ကြသလို ဒုန်းဒုန်းဒိုင်းဒိုင်း၊ ‘မိုဒီ’ကြီး ဘေးနား ရောက်သည့်အခါကျပြန်တော့လည်း ဘောလိဝုဒ်ကကွက်တွေထဲလို ခြေမြှောက်လက်မြှောက်နဲ့ ဒိုးဒိုးဒန့်ဒန့် ကချင်စိတ် ပေါက်သွားပြန်ရော။ စိတ်ထဲက အပျော်တွေကို ကြင်စိုးဘယ်လိုမှ ထိန်းမရ။
သို့သော် ကြင်စိုး အပျော်တွေက ကြာရှည်မခံရှာ၊ ‘ရှီ’ရော ‘မိုဒီ’ပါ သူနှင့် လက်ဆွဲ နှုတ်ဆက်ပြီးတိုင်း ချက်ချင်းဆိုသလို သူတို့လက်များကို တစ်ရှူးများ၊ လက်ကိုင်ပုဝါများဖြင့် အထပ်ထပ်အခါခါ ပြန်သုတ်ကြသည်။ ဘေးကသူတို့ အဖွဲ့ထဲက တချို့က သူတို့ဘာသာစကားနှင့် ဆုတောင်းရွတ်ဖတ်ပေးရင်း၊ အမွှေးနံ့သာလို ဟာမျိုးတွေနှင့် ပက်ဖျန်းပေးသည်။ အောင်သပြေပန်းလိုဟာမျိုးတွေနှင့်လည်း ခပ်ဖွဖွ ရိုက်ပေးကြသည်။ ကြင်စိုးက ခပ်ထူထူဆိုပေသည့် သူ့လက်နှင့်ထိသောကြောင့် ပြန်သန့်စင်ပေးကြသည် ဆိုတာကို မရိပ်မိရလောက်အောင်တော့ မပိန်းသေး။ သူ့ကိုများ မကောင်းဆိုးဝါးကောင်လို့ ထင်နေကြသလား ဆိုပြီးတွေးမိရင်း စိတ်ထဲမျက်သွားသည်။ အပျော်စိတ်များလည်း လျော့သွားလေသည်။
အမှန်က ကြင်စိုး သေချာမတွေးတတ်၍ပင်။ ပြန်စဉ်းစားကြည့်လျင် ‘ရှီ’နဲ့’မိုဒီ’ကို အပြစ်ပြောလို့ မရ။ ကြင်စိုး ဆိုတာက အကုသိုလ်နှင့် လူလုပ်နေသည့်ကောင်၊ အင်းလေ…အမှန်ကလူဟုတောင် ပြောဖို့ခက်သည်။ ‘ငရဲ’ဗီဇာကျထားသည့် ငရဲသားတပိုင်းဟုပဲ ပြောရမည်။ ကြည့်လေ သူနှင့်တွေ့ပြီး သူ့ဓါတ်ကူးသွားလေသူတိုင်း၏ ဘဝတွေ ဆိုတာကလည်း ဇောက်ထိုးမိုးမျှော်ကို ဖြစ်လို့။
စဉ်းစားကြည့်၊ ကြင်စိုးနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဆို ဘယ်အရပ် ဘယ်ဌာန ရောက်သွားလေပြီမသိ၊ အစတောင် ရှာ၍မရတော့။ ထိုင်းက မမလေး ပေတုန်တန် ဆိုလည်း ဝန်ကြီးချုပ် နေရာကနေ ပြုတ်သွားရှာပြီ။
ဗိုလ်လုပွဲ တက်ခါနီး ကြင်စိုးနှင့် တွေ့ခဲ့ရသည့် မြန်မာအမျိုးသမီးဘောလုံးအသင်း ဆိုရင်လည်း ငွေတံဆိပ်နှင့်သာ၊ ကျေနပ်ခဲ့လိုက်ရသည်။ မကြာသေးခင်က ရာထူးပြုတ်သွားသည့် နီပေါဝန်ကြီးချုပ်ခမျာလည်း ယခုဆို သူ အသိနောက်ကျရလေခြင်းဟု ကြင်စိုးနှင့် လက်ဆွဲနှုတ်ဆက်မိသည်ကို နောင်တအကြီးအကျယ် ရနေရှာတော့မည်။ကြင်စိုး၏ အကုသိုလ်က နည်းနည်းနောနော မဟုတ်၊ ကူးစက်တာကလည်း မြန်လိုက်သမှ ကြင်စိုးကို ‘အကုသိုလ်ကိုဗစ်ကြီး’ဟုပင် အမည်ပေးရမလိုလို။
ဤတရုတ်ပြည်ခရီးတွင် ကြင်စိုးသည် ကြိုပွိုင့်ရောင်းသည့် ကန်ထရိုက်နှင့် ဘာမျှမခြား။ ‘သုံးလွှာ ထောင့်ခန်း ဆိုတော့ ဟို လမ်းမီးတိုင်ထိပ် အပေါ်နားလေးကို မော့ကြည့်လိုက်၊ အဲဒီနားပဲ၊၊ ဒီလက်ညှိုးတည့်တည့်က လမ်းဘက်လှည့်ထားတဲ့ ဝရန်တာလေ၊ ဟိုနေရာလေးက ခင်ဗျား ထိုင်မယ့် ပက်လက်ကုလားထိုင် နေရာပေါ့’ဆိုပြီး ဘာဆိုဘာမှမရှိသေးတဲ့ မြေပေါ် လေပေါ်ကို လက်ညှိုးတညွှန်ညွှန်နှင့် ကြိုပွိုင့်ရောင်းသလိုမျိုး။
အခုလည်း ခပ်တည်တည်ဖြင့် သူ့တပ်တွေ၏ ပိုင်နက်ထဲ မရှိတော့သည့် မြေရှားသတ္တုကို ရောင်းမည် ပြောလိုပြော၊ သူတို့အနားမကပ်နိုင်သည့် မြေတွေပေါ် ရထားလမ်း ဖောက်မည် ပြောလိုပြော။ သူကိုယ်တိုင်ကဖြင့် ဘယ်နေ့ဘယ်အချိန် ပြေးရမှာလည်း ဆိုသည်ကို မသိပဲနှင့်၊ လုပ်ပေါက်က အဲဒီလို။ ကြုံရင်ကြုံသလို အမေရိကန်တို့က ဖိအားပေး အနိုင်ကျင့်နေကြောင်းကိုလည်း တိုင်တည်ပြောလိုက်သေးသည်။
ဓာတ်ပုံများတွင် ပြုံးပြုံးပြုံးပြုံးနှင့် ဟန်လုပ်နေရသော်လည်း ကြင်စိုးစိတ်ထဲက မကောင်း၊ ပြည်ပမှာ အဖက်လုပ် အရေးပေး မခံရသလို၊ ပြည်တွင်းပြန်ရောက်တော့ သာ၍ပင် ဆိုးသေးသည်။ ပြည်သူများက နေ့နေ့ညည ဆဲဆိုကြိမ်းမောင်းကြသည်။ အခုလို ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် သူအာဏာသိမ်းမိမည် မဟုတ်ဟုလည်း ဆက်တွေးနေမိသည်။ ထိုစဉ်တုန်းက သူ့သည် အာဏာလိုချင်ရင် အာဏာသိမ်းရမည် ဆို သည်လောက်သာသိသည်။ သူ့တွင် ဘာအကြံဉာဏ်ကောင်းမှမရှိ၊ အခုမှသာ ဘယ်သို့ ဘယ်ပုံ ရွှေဥာဏ်တော် စူးရောက်ရမည်ကို သူသိခဲ့လေပြီ။
အမှန်ကတော့ လွယ်သမှ လွှတ်ကိုလွယ်သည်။ အစိုးရအဖွဲ့ လက်ပြောင်းလက်လွှဲ လုပ်ဖို့ဆိုတာက သူများတွေလုပ်သလို ‘ဘယ်သူဘယ်ဝါကိုဖြင့် ငါစိန်ခေါ်လိုက်ပြီ’ဟု ဖေ့စ်ဘွတ်ပေါ် တင်လိုက်ရုံသာပင်။ လူတွေမကြိုက်ကြမှန်း ကိုယ့်ကိုယ်ကိုယ် သိသော်လည်း လူငါးဆယ်လောက်တော့ သူ့မှာလည်း စုလို့ရသည်။ မဲလုံးကို အချက် ၁၂ ချက် ရေးခိုင်းလိုက်ပြီး ဒေါ်လာသန်း ဘယ်နှရာပေးပါ ဆိုတာမျိုးကတော့ ငွေတောင်းကြမ်းသည့် သူ့လူတွေထဲက ဘယ်သူမဆို လုပ်နိုင်သည်။ ဖေ့စ်ဘွတ်ပို့စ်နှင့်ပင် အာဏာတောင်းလို့ရသည့် နိုင်ငံတွင်နေနေသော်လည်း သူ့မှာ အသိနောက်ကျ ခဲ့ရလေခြင်း။
ဒါတွေတွေးပြီး တနုန့်နုန့် ခံစားနေရတုန်း မဲလုံးလာပြောသည့် စကားကြောင့် ပိုပြီးကြေကွဲရပြန်သည်။ သူက ‘ငါတို့ အနားမကပ်နိုင်တဲ့ နေရာမှာ ရွေးကောက်ပွဲဝင်ဖို့ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ ကိစ္စကိုရော ဘယ်တွေ ပြောနေကြလဲ’
‘အာ့ကျကျ ..သူကဘပုကို ဆေးကုပေးလို့ သက်ညှာပေးလိုက်တာလို့ ပြောနေကြတယ်’
‘ဟ….ငါ့ကို ဆေးကုပေးတယ် ပြောရအောင် သူက ခွေးတွေကြောင်တွေပဲ ကုတတ်တဲ့သူလေ’
‘အဲဒါကြောင့်ပေါ့ ဘပုရဲ့…ပြည်သူတွေက ကျနော်တို့ကို ဘယ်လိုခေါ်တယ် ဆိုတာ ဘပုလည်း သိသားနဲ့’
မဲလုံးစကားက သူ့ရင်ကို ထိပြန်သည်။ အပူရုပ်နှင့် ဟန်လုပ်နေရသူပီပီ အခုလို စကားများ ကြားလိုက်ရလျှင် ပို၍ထိခိုက်ကြေကွဲရသည်။ မတ်တတ်ထရပ်လိုက်သည့်အခိုက် မူးခနဲ မိုက်ခနဲ ဖြစ်သွားသည်။ အသက်ရှူလို့လည်း မဝသလိုလို၊ နှလုံးခုန်မြန်သလိုလို ဖြစ်လာသောကြောင့် ရပ်နေရာမှ အမြန်ပြန်ထိုင်လိုက်ရသည်။ သူ့အခြေအနေကို မပြတ် စောင့်ကြည့်နေကြသူများက အနားမှာ အမြဲရှိနေသည့်အတွက် ဆရာဝန်လည်း ချက်ချင်းရောက်လာသည်။ ပေးသောဆေးကို သောက်ပြီးနောက် အသာမှိန်းနေလိုက်သည်။ ပျာပျာသလဲ ဖြစ်ကုန်ကြသော သူ့မိသားစုအား ဆရာဝန်က ရှင်းပြနေတာကို ကြင်စိုး သိချင်စိတ်ဖြင့် နားစွင့်လိုက်သည်။
‘စိတ်ဒဏ်ရာတွေ တော်တော်ရနေလို့ ဖြစ်တာပါ၊ ခေတ်စကားနဲ့ ပြောရင်တော့ စဏ္ဍာလ ရောဂါပေါ့’ တဲ့။
ဪ… ရောဂါနာမည်တွေကလည်း ဆန်းမှဆန်းဟု တွေးရင်း ဆေးအရှိန်နှင့် ကြင်စိုး တယောက် အိပ်မောကျသွားလေတော့သည်။ ပြည်သူများကတော့ ဘယ်တော့မှ ပြန်မထနိုင်ပါစေနှင့်ဟုသာ ဆုတောင်းမေတ္တာ ပို့သနေပေလိမ့်မည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar