စစ်ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ဗိုလ်ချုပ်တွေ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၅
စစ်ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ဗိုလ်ချုပ်တွေ
ယခုနှစ်ကုန်မှာ ပထမပိုင်း အဖြစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်ဗိုလ်ချုပ် ၁ ဒါဇင်ကျော် ကို စစ်တပ်က အနားပေးပြီး ယူနီဖောင်းချွတ်ကာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါ်ထွက်လာပါတယ်။
ဒု-ဗိုလ်ချုပ်ကြီး ၆ ယောက် နဲ့ ဗိုလ်ချုပ် အဆင့် ၁၀ ဦးကို စစ်တပ်က အနားပေးလိုက်ပြီး မကြာသေးမီက တပ်က အနားယူထားတဲ့ လက်ရှိစစ်အစိုးရအဖွဲ့ထဲက အခြားဗိုလ်ချုပ်ကြီး ၃ ဦးကလည်း ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပါတီကို စာရင်းပေးထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
လက်ရှိ ဗိုလ်ချုပ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အရာရှိချုပ် တာဝန်ယူထားသူ ၅ ဦး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ၁ ဦး ပါဝင်တယ်လို့ သတင်းဖေါ်ပြချက်တွေ အရသိရပါတယ်။
အခုလို စစ်တပ်ဘက်က ဒု-ဗိုလ်ချုပ်ကြီး အဆင့် ၆ ဦး၊ ဗိုလ်ချုပ်အဆင့် ၁၀ ဦးနဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်တပ်က အနားယူထားသူ ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦး စုစုပေါင်း ၁၉ ဦး သာဝင်ရောက်ယှဥ်ပြိုင်ဖို့ စာရင်းပေးသွင်းတာကို ၂၀၁၀ ခုနှစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်ကနေ ပါတီဘက် ပြောင်းခဲ့ကြတဲ့ ဗိုလ်ချုပ် အရေအတွက်ထက် အများကြီး နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ် ၄၀ ကျော် ၅၀ နီးပါး စစ်တပ်က အငြိမ်းစားပေးပြီး ရွေးကောက်ပွဲဝင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ယခုတကြိမ်ထက် သိသိသာသာများပြားတဲ့ ပမာဏနဲ့ အငြိမ်းစားပေးပြီး ရွေးကောက်ပွဲ ဝင်စေခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲက စစ်ဗိုလ်ချုပ် အလုံးအရင်းနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကာ ဘယ်နည်းနဲ့မဆို အနိုင်ရအောင် လုပ်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုတင်မဲတွေ လိုရင် လိုသလောက် ဖြည့်ဖို့ စီစဥ်ခဲ့တဲ့ ရွေးကောက်ပွဲလည်း သမိုင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဥ် ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ မနိုင်နိုင်အောင် လုပ်ခဲ့ကြတာ သက်သေ အထောက်အထားအများအပြား ရှိခဲ့ပြီး ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးက အခြားပါတီတွေ မယှဥ်ပြိုင်နိုင်တဲ့ အနေအထားနဲ့ အနိုင်ရပြီး အစိုးရဖွဲ့ခဲ့တာ ဖြစ်လို့ စစ်တပ်က အငြိမ်းစားယူခဲ့ကြရတာ အတိုင်းအတာတခုထိ ခံသာတဲ့ သဘောဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပ်က အငြိမ်းစားပေးလိုက်တဲ့ ဗိုလ်ချုပ်တွေ အနေနဲ့ စစ်တပ်ကလည်း အနားယူခဲ့ရသလို ရွေးကောက်ပွဲမှာလည်း သိသိသာသာ ရှုံးခဲ့ပြီး ၄င်းတို့ရဲ့ အာဏာရာထူး အိပ်မက်က ရုတ်တရက် လန့်နိုးခဲ့ရသလို ဖြစ်ခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တပ်က အငြိမ်းစားပေးလိုက်ပြီး ဗိုလ်ချုပ်တွေရဲ့ စာရင်း ပါတီဘက်ကို စာရင်းပေးပို့ခဲ့ရာမှာ ထိုစဥ်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ သူရရွှေမန်းက အားလုံးလက်မခံခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌကို အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေတွေနဲ့ ယခု ၂၀၂၅ ခုနှစ် အခြေအနေက အတော်လေးကွဲပြားတဲ့ အနေအထားဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာလည်း ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရစေမယ့် အခင်းအကျင်း ဖန်တီးထားတာ ဖြစ်ပေမယ့် ၂၀၂၅ နှစ်ကုန်နဲ့ ၂၀၂၆ နှစ်ဆန်း ရွေးကောက်ပွဲကို မြန်မာပြည်သူလူထုရော နိုင်ငံတကာကပါ စိတ်မဝင်စားသလို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အချို့က ရွေးကောက်ပွဲ ကျင်းပမရအောင် လုပ်ဆောင်မယ်ဆိုတဲ့ သတိပေး ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပြီးမှာ မင်းအောင်လှိုင် အနေနဲ့ သမ္မတလုပ်ဖို့ စိတ်ကူးထား၊ ခင်းကျင်းထားတာလည်း မြန်မာနိုင်ငံမှာ သာမန်လူက အစ သိနှင့်ပြီး အခြေအနေတရပ်ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ သမ္မတ ရာထူးယူခဲ့ရင်တော့ အခုလို ယာယီသမ္မတရော၊ တပ်ချုပ် ရာထူးပါ တပြိုင်နက်တည်း ရယူထားလို့ရမယ့် အခြေအနေ မဟုတ်တော့ဘဲ သမ္မတရာထူးယူခဲ့ရင် စစ်တပ်က တပ်ချုပ်ရာထူးကို တဦးဦးကို လွှဲပေးရမယ့် သဘော ဖြစ်ပါတယ်။ ဒုတပ်ချုပ် စိုးဝင်း ဖြစ်စေ၊ မင်းအောင်လှိုင် မျက်စိကျ ပစားပေးခံရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဖြစ်စေ တယောက်ယောက်က တပ်ချုပ်ရာထူးကို ဆက်ခံရမယ့် သဘောလည်း ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အနေနဲ့တော့ လာမယ့် နှစ်ကုန်ရွေးကောက်ပွဲဟာ မလွှဲမရှောင်သာ ဖြတ်သန်းရမယ့် ဖြစ်စဥ်တခုဖြစ်လို့သာ ကျင်းပရတာ ဖြစ်ပြီး စစ်တပ်က အပြည့်အဝအာဏာ ထိန်းချုပ်ထားတဲ့ စစ်အုပ်ချပ်ရေး အခုလို အရေးပေါ် အခြေအနေမျိုးကို အချိန်ဆွဲလိုတာပါ။ သို့ပေမဲ့ စစ်ရေးနဲ့ သံတမန်ရေးမှာ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်လာရချိန် ယမန်နှစ် နှစ်လယ်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ကတိကို သံတမန်ရေးနဲ့ စစ်လက်နက်ပစ္စည်း ငွေကြေး အကူအညီပေးမယ့် တရုတ်နိုင်ငံလို အိမ်နီးချင်း အင်အားကြီးနိုင်ငံကို ကတိပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီ အခြေအနေတွေက ရွေးကောက်ပွဲကို အချိန်သတ်မှတ်ဖို့ ဖြစ်လာစေပြီး အခြား အိမ်နီးချင်း အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း ရွေးကောက်ပွဲကို အားပေးလာတဲ့ အနေအထား ရောက်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အဖို့တော့ အာဏာ ၃ ရပ်စလုံး လက်ရှိ စစ်ရာထူးနဲ့ ဗိုလ်ချုပ်တွေရဲ့ လက်ထဲမှာ ချုပ်ကိုင်ထားပြီး တပ်ချုပ်ရာထူး ရယူထားသူ လုပ်ပိုင်ခွင့် မရှိတဲ့ သမ္မတ သို့မဟုတ် ယာယီသမ္မတလို အခြေအနေမျိုးနဲ့ နိုင်ငံကို အုပ်ချုပ်ချင်တာ ဖြစ်ပါတယ်။
တပ်က ဗိုလ်ချုပ်တွေ အငြိမ်းစားယူပြီး ပါတီဘက်ရောက်တဲ့အခါ သို့မဟုတ် အစိုးရအဖွဲ့ထဲရောက်တဲ့အခါ တပ်ထဲမှာတုန်းကလို အမိန့်နဲ့ ခိုင်းစေလို့ မရတဲ့အခြေအနေမျိုး ကြုံနိုင်ခြေ ရှိတာကို ၂၀၁၁-၂၀၁၅ ကာလမှာ ဖြစ်ပွားခဲ့တဲ့ သင်ခန်းစာတွေ အရ သိရှိခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းနဲ့ သမ္မတဦးသိန်းစိန် အကြား အားပြိုင်မှုတွေ၊ ၂၀၁၅-၂၀၁၈ ကာလအတွင်း သူရရွှေမန်းနဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အကြား မဟာမိတ်ဖွဲ့မှုတွေက စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်၊ လွှတ်တော်၊ အစိုးရအဖွဲ့ တွေမှာ သူ့လုပ်ပိုင်ခွင့်နဲ့ သူ ရှိလာတဲ့ အခြေအနေ တနည်းအားဖြင့် အာဏာ ခွဲဝေသုံးစွဲရတဲ့ အနေအထားကို စစ်တပ်က ဘယ်တုန်းကမှ လိုလားခဲ့တာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် စစ်တပ်ရဲ့ ရပ်တည်ရေး၊ အာဏာ အခင်းအကျင်းမှာ အဓိက နေရာမှာ ဆက်လက်ရှိနေရေး၊ စစ်ရေးအရ အားကောင်းလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးအရ အားပြိုင်မှုကို ရင်ဆိုင်နိုင်ဖို့ နိုင်ငံရေးအရ ပြောင်းလဲတယ်ဆိုတဲ့ လုပ်ဆောင်မှုမျိုးကို စစ်တပ်ထဲကသူတွေ၊ ၄င်းတို့ကို ထောက်ခံသူတွေကို အကြောင်းပြချက်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
သေချာတာ တခုကတော့ ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ အလွန်ကာလဟာ ၂၀၁၀ ရွေးကောက်ပွဲ အလွန်ကာလ နဲ့ နှိုင်းယှဥ်နိုင်ခြင်း မရှိတဲ့ နိုင်ငံရဲ့ အခြေအနေကြောင့် စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အလွန်မှာ အခွင့်သာတဲ့ အခင်းအကျင်းတခုရောက်ပြီလို့ မျှော်လင့်နေရင် ဒီမျှော်လင့်ချက်ဟာ ထင်မှတ်မှားမှု တခုသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar