Breaking News

ကိုအောင်မှိုင်း- ပွင့်ပွင့်လင်းလင်းပြောချင်တယ် (၃)

ကိုအောင်မှိုင်း- ပွင့်ပွင့်လင်းလင်းပြောချင်တယ် (၃)

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၆

အခုတလော ကမ္ဘာတစ်လွှား ပြိုင်စံရှား အလုအယက်ဖြစ်နေတဲ့ မြေရှားသတ္တု (Rare Earth) နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ဖြစ်မိပါတယ်။ မြေရှားသတ္တုဆိုတာ ဘာလဲ။ ဘာကြောင့် အလုအယက် ဖြစ်နေကြတာလဲ။ အဲဒီနောက်ကွယ်က ဘာတွေ တွယ်ကပ်ပါလာသလဲ။ ဆိုလိုချင်တာက နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဆိုပါတော့ဗျာ။

The Economist မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပြီး သုံးသပ်တာတချို့ လုပ်ချင်သလို၊ ပွင့်ပွင့်လင်းလင်း ပြောချင်တာတချို့ကိုလည်း ပြောချင်လာမိပါတယ်။

Rare Earth (မြေရှားသတ္တု) ဟာ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ စစ်ရေးမဟာဗျူဟာတွေမှာ အရေးပါလာတဲ့ သဘာဝသယံဇာတအုပ်စုတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြား မဟာဗျူဟာပြိုင်ဆိုင်မှုမှာ Rare Earth ဟာ အရေးကြီးတဲ့ လက်နက်တစ်ခုလို ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အလွန်အရေးပါလာတဲ့ ကိစ္စကြီး ဖြစ်လို့လာပါတယ်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဆင်းရဲတဲ့နိုင်ငံအများစုရဲ့ ကံကြမ္မာဟာ ၎င်းတို့ပိုင်ဆိုင်ထားတဲ့ သဘာဝသယံဇာတတွေအပေါ် များစွာတည်မှီနေလေ့ရှိပါတယ်။ ချမ်းသာတဲ့နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက အဆိုပါနိုင်ငံများတွင် စက်မှုကဏ္ဍမှာ ခေတ်မီတိုးတက်မှု အားနည်းပြီး ဝန်ဆောင်မှုကဏ္ဍမှာလည်း သေးငယ်သောကြောင့် မြေအောက်သယံဇာတများက ၎င်းတို့၏ စီးပွားရေးအလားအလာအပေါ် ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေနံ သို့မဟုတ် သတ္တုရိုင်းများအပေါ် ဝယ်လိုအား မြင့်တက်လာခြင်းဟာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်တဲ့အပြင် နိုင်ငံတော်ဘဏ္ဍာရေး လိုငွေပြမှုများကိုလည်း ဖြည့်ဆည်းပေးနိုင်လေ့ရှိတယ်လို့ The Economist ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

၁။ မြေရှားသတ္တုဆိုတာ ဘာလဲ။

Rare Earth Elements (REEs) ဆိုတာ သတ္တုဒြပ်စင် ၁၇ မျိုးကို စုပေါင်းခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီ ၁၇ မျိုးမှာ Lanthanide အုပ်စုဝင် ၁၅ မျိုးအပြင် Scandium နဲ့ Yttrium တို့ ပါဝင်ပါတယ်။

နာမည်က Rare (ရှားပါး) လို့ ပါပေမဲ့ ကမ္ဘာပေါ်မှာ လုံးဝရှားပါးနေတာတော့ မဟုတ်ပါဘူး။ ပြဿနာက သတ္တုရိုင်းတွေထဲမှာ ပမာဏနည်းနည်းစီ ပြန့်နှံ့နေပြီး သီးခြားခွဲထုတ်သန့်စင်ဖို့ ခက်ခဲတာ၊ ကုန်ကျစရိတ်များတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေက အဓိကအကန့်အသတ်တွေလို့ ပြောရမယ်ထင်တယ်။

၂။ ဘာကြောင့် ကမ္ဘာ့နိုင်ငံတွေ အလုအယက် ဖြစ်နေကြတာလဲ။

အကြောင်းရင်းက ရိုးရှင်းပါတယ်။ ခေတ်မီနည်းပညာရဲ့ အဓိကအစိတ်အပိုင်းတွေကို Rare Earth မပါဘဲ ထုတ်လုပ်ဖို့ ခက်ခဲလာလို့ပါ။

Rare Earth ကို ခေတ်သစ်နည်းပညာထုတ်ကုန်တွေနဲ့ စစ်လက်နက်ပစ္စည်းအများအပြားမှာ အသုံးပြုကြလေ့ရှိပါတယ်။ အဓိကအသုံးပြုတဲ့ နယ်ပယ်တွေကို ကြည့်ရအောင်။

  • လျှပ်စစ်ကား — EV Motor တွေမှာ အားကောင်းတဲ့ Permanent Magnet တွေ ထုတ်လုပ်ဖို့။

  • လေအားလျှပ်စစ် — Wind Turbine Generator တွေမှာ အသုံးပြုဖို့။

  • AI နဲ့ စက်ရုပ်နည်းပညာ — Data Center၊ စက်ရုပ်မော်တာနဲ့ တိကျတဲ့ လှုပ်ရှားမှုထိန်းချုပ်ရေး။

  • အီလက်ထရွန်နစ် — ဖုန်း၊ ကွန်ပျူတာ၊ မျက်နှာပြင်နဲ့ ဆက်သွယ်ရေးပစ္စည်းများ။

  • ဆေးဘက်ဆိုင်ရာ — MRI စက်နဲ့ အဆင့်မြင့်ဆေးဘက်ဆိုင်ရာပစ္စည်းများ။

  • စစ်ရေး — ရေဒါ၊ ဒုံးကျည်လမ်းညွှန်စနစ်၊ တိုက်လေယာဉ်၊ ရေငုပ်သင်္ဘောနဲ့ ဆက်သွယ်ရေးစနစ်များ။

ဒီမှာ အရေးကြီးတာက Rare Earth ဟာ စစ်ရေးနဲ့ အရပ်ဘက်နည်းပညာ နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ Dual-use Strategic Materials ဖြစ်တယ်ဆိုတာပါ။

IEA ရဲ့ ၂၀၂၆ လေ့လာချက်အရ သံလိုက်ထုတ်လုပ်ရေးမှာ အဓိကအသုံးပြုတဲ့ Rare Earth လေးမျိုးရဲ့ ဝယ်လိုအားဟာ ၂၀၁၅ ခုနှစ်ကစပြီး နှစ်ဆတိုးလာခဲ့ပြီး ၂၀၃၀ အထိ နောက်ထပ်သုံးပုံတစ်ပုံကျော် တိုးလာနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတစ်နိုင်ငံက Rare Earth Supply Chain ကို ထိန်းချုပ်နိုင်ရင် အခြားနိုင်ငံတွေရဲ့ နည်းပညာနဲ့ စက်မှုထုတ်လုပ်ရေးအပေါ် ဩဇာသက်ရောက်နိုင်မှာကတော့ သေချာပါတယ်။

ဒါတွေကတော့ ထင်ထင်ရှားရှား သိနိုင်မြင်နိုင်တဲ့ နည်းပညာသုံးစွဲမှုတွေလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဒါထက်လျှို့ဝှက်တဲ့၊ ဒါထက်ဆန်းသစ်တဲ့၊ ဒါထက်ကြောက်စရာကောင်းတဲ့ နည်းပညာတွေ အမှန်တကယ် တည်ရှိမှာ သေချာတယ်လို့ ပြောပါရစေ။

၃။ Rare Earth ကို ဘယ်နှစ်မျိုး ခွဲခြားထားသလဲ။

ကျွန်တော်တို့ လေ့လာရသလောက်တော့ အဓိကအားဖြင့် နှစ်မျိုးခွဲပါတယ်။

အမျိုးအစားအမည်ဥပမာ
Light Rare Earthပေါ့ပါးသော မြေရှားသတ္တုNeodymium, Praseodymium, Cerium
Heavy Rare Earthလေးလံသော မြေရှားသတ္တုDysprosium, Terbium, Yttrium

Heavy Rare Earth တွေဟာ အပူဒဏ်ခံနိုင်မှုနဲ့ သံလိုက်စွမ်းဆောင်ရည် မြှင့်တင်မှုတို့အတွက် အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတနဲ့လည်း အထူးပတ်သက်နေတာ ဖြစ်ပါတယ်။

၄။ အဓိကပြိုင်ဆိုင်မှုက သတ္တုတူးဖော်ရေးမှာ မဟုတ်ဘူး — Supply Chain မှာ ဖြစ်တယ်။

ဒီအပိုင်းကို အထူးသတိပြုစေချင်ပါတယ်။ လူအများက Rare Earth ဆိုရင် သတ္တုတွင်းကိုပဲ မြင်ကြပါတယ်။ တကယ်တော့ သတ္တုတွင်းပိုင်ဆိုင်တာနဲ့ Rare Earth လုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်တာ မတူပါဘူး။

Rare Earth Supply Chain မှာ အဓိကအဆင့် ၆ ဆင့် ရှိတာ တွေ့ရနိုင်ပါတယ်။

၁။ Mining — သတ္တုတူးဖော်ခြင်း

မြေထဲက သတ္တုရိုင်းတွေကို ထုတ်ယူခြင်း။

၂။ Beneficiation — သတ္တုရိုင်းသန့်စင်စုစည်းခြင်း

သတ္တုပါဝင်မှုကို မြှင့်တင်ခြင်း။

၃။ Separation — သတ္တုဒြပ်စင်တစ်မျိုးချင်း ခွဲထုတ်ခြင်း

ရောနှောနေတဲ့ Rare Earth ဒြပ်စင်တွေကို ခွဲထုတ်ခြင်း။ နည်းပညာအရ အလွန်ခက်ခဲတဲ့အဆင့် ဖြစ်ပါတယ်။

၄။ Refining — သန့်စင်ထုတ်လုပ်ခြင်း

စက်မှုလုပ်ငန်းသုံး အရည်အသွေးရရှိအောင် ပြုပြင်ထုတ်လုပ်ခြင်း။

၅။ Alloy and Magnet Manufacturing — သတ္တုစပ်နဲ့ သံလိုက်ထုတ်လုပ်ခြင်း

စက်မှုလုပ်ငန်းနဲ့ နည်းပညာပစ္စည်းတွေမှာ အသုံးပြုနိုင်အောင် ထုတ်လုပ်ခြင်း။

၆။ Final Products — နောက်ဆုံးထုတ်ကုန်များ

ကား၊ လေယာဉ်၊ ဒုံးကျည်၊ လေအားလျှပ်စစ်နဲ့ အခြားနည်းပညာပစ္စည်းတွေ ထုတ်လုပ်ခြင်း။

ကမ္ဘာ့ဈေးကွက်မှာ တရုတ်ရဲ့ အနေအထား (၂၀၂၄) ကို ဖော်ပြရရင် —

  • Rare Earth သတ္တုတူးဖော်မှု — ၆၀ ရာခိုင်နှုန်း

  • သန့်စင်ထုတ်လုပ်မှု (Refining) — ၉၁ ရာခိုင်နှုန်း

  • Permanent Magnet ထုတ်လုပ်မှု — ၉၄ ရာခိုင်နှုန်း

(IEA, 2026 — ၂၀၂၄ ခုနှစ် ကမ္ဘာ့ထုတ်လုပ်မှု)

ဒီကိန်းဂဏန်းတွေကို ကြည့်ရင် အရေးကြီးတဲ့ ကောက်ချက်တစ်ခု ဆွဲနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ဟာ သတ္တုတူးဖော်မှုမှာသာ အားကောင်းတာမဟုတ်ဘဲ သန့်စင်မှုနဲ့ နောက်ဆုံးထုတ်ကုန်ထုတ်လုပ်မှုအဆင့်အထိ အားကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာနိုင်ငံမှာ သတ္တုတူးဖော်နိုင်ရုံနဲ့ တရုတ်ရဲ့ ဈေးကွက်လွှမ်းမိုးမှုကို ချက်ချင်းကျော်လွှားနိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။

၅။ နောက်ကွယ်က ပထဝီနိုင်ငံရေး — Geopolitics ကို သုံးသပ်ခြင်း

အဓိကကိစ္စ သုံးခုရှိပါတယ်။

(က) Economic Coercion — စီးပွားရေးဖိအားပေးနိုင်စွမ်း

တရုတ်က Rare Earth ပို့ကုန်လိုင်စင်တွေကို ကန့်သတ်နိုင်ရင် အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ကား၊ လျှပ်စစ်ပစ္စည်း၊ စစ်ရေးပစ္စည်းထုတ်လုပ်ရေးတွေမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလမှာ တရုတ်က Heavy Rare Earth ဒြပ်စင် ၇ မျိုးအပေါ် ပို့ကုန်ထိန်းချုပ်မှု ချမှတ်ခဲ့ပါတယ်။ အဲဒီအခါ နိုင်ငံတကာက ကားထုတ်လုပ်သူအချို့မှာ သံလိုက်ပစ္စည်းရရှိရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(ခ) Strategic Dependency — မဟာဗျူဟာအရ မှီခိုနေရခြင်း

နိုင်ငံတစ်နိုင်ငံဟာ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်စက်ရုံတွေ ရှိနေပေမဲ့ အဲဒီစက်ရုံတွေမှာ လိုအပ်တဲ့ ကုန်ကြမ်းနဲ့ နည်းပညာပစ္စည်းတွေကို တခြားနိုင်ငံဆီက အဓိကဝယ်ယူနေရရင် လွတ်လပ်တဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ အကန့်အသတ်ရှိလာနိုင်ပါတယ်။

(ဂ) Geopolitical Leverage — ပထဝီနိုင်ငံရေးအရ ဩဇာသက်ရောက်နိုင်စွမ်း

Rare Earth ကို ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေ၊ နည်းပညာပိတ်ဆို့မှုတွေနဲ့ စီးပွားရေးဆက်ဆံရေးတွေမှာ အားသာချက်တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။

ဒါကြောင့် အမေရိကန်က တရုတ်အပေါ် မှီခိုမှုလျှော့ချဖို့ ကြိုးစားနေတာဟာ ကုန်ကြမ်းရှာဖွေရေးသက်သက် မဟုတ်ပါဘူး။ မိမိရဲ့ စီးပွားရေးနဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အခြားနိုင်ငံတစ်ခုရဲ့ ပို့ကုန်မူဝါဒအပေါ် မှီခိုမနေစေချင်တာလို့ ယူဆပါတယ်။

၆။ နောက်ကွယ်က စစ်ရေး — Military and National Security

Rare Earth ရဲ့ အရေးပါမှုကို စစ်ရေးကဏ္ဍမှာ ပိုပြီး ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။

ဥပမာ —

စစ်ရေးပစ္စည်းRare Earth အသုံးပြုမှု
တိုက်လေယာဉ်အာရုံခံစနစ်၊ လျှပ်စစ်မော်တာနဲ့ အီလက်ထရွန်နစ်ပစ္စည်း
ဒုံးကျည်လမ်းညွှန်စနစ်နဲ့ အာရုံခံစနစ်
ရေဒါအဆင့်မြင့် အီလက်ထရွန်နစ်အစိတ်အပိုင်း
ရေငုပ်သင်္ဘောလျှပ်စစ်မော်တာနဲ့ အာရုံခံစနစ်
ဂြိုဟ်တုဆက်သွယ်ရေးနဲ့ ထိန်းချုပ်ရေးပစ္စည်း

၇။ နောက်ကွယ်က စီးပွားရေး — Global Capitalism

Rare Earth ကို ဘယ်နိုင်ငံက ပိုင်ဆိုင်သလဲဆိုတာထက် ဘယ်သူက ထုတ်လုပ်မှုကွင်းဆက်ကို ထိန်းချုပ်ပြီး အမြတ်အစွန်းရသလဲဆိုတာက ပိုအရေးကြီးလာပါတယ်။

ဒီလိုဆိုရင် သတ္တုရိုင်းထွက်တဲ့နိုင်ငံက သယံဇာတရှိပေမဲ့ တန်ဖိုးမြှင့်ထုတ်လုပ်မှုကနေ ရရှိတဲ့ အကျိုးအမြတ်အများစုကို မရရှိနိုင်ပါဘူး။ ဒါကို စီးပွားရေးပညာမှာ Value Chain Asymmetry (တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်အတွင်း မညီမျှမှု) လို့ ဆိုကြပါတယ်။

သယံဇာတပိုင်ဆိုင်တဲ့နိုင်ငံက သယံဇာတအပေါ် ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သလဲ။ သတ္တုရိုင်းကို တူးဖော်ခွင့်ပြုထားပေမဲ့ ဈေးနှုန်း၊ နည်းပညာ၊ သန့်စင်ထုတ်လုပ်မှုနဲ့ နောက်ဆုံးဈေးကွက်ကို အခြားနိုင်ငံက ထိန်းချုပ်ထားရင် အဲဒီနိုင်ငံရဲ့ စီးပွားရေးအရ အကျိုးရလဒ်ဟာ အားနည်းနေဆဲ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာဟာ သယံဇာတပေါကြွယ်ဝပေမဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ မလွတ်မြောက်နိုင်တဲ့ နိုင်ငံတွေအတွက် အထူးအရေးကြီးပါတယ်။

၈။ နောက်ကွယ်က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးပြဿနာ

ဒီအပိုင်းကိုလည်း မေ့ထားလို့ မရပါဘူး။

Rare Earth သတ္တုတူးဖော်ရေးနဲ့ သန့်စင်ထုတ်လုပ်ရေးမှာ ဓာတုဆေးဝါးတွေ အသုံးပြုရပြီး စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ မစီမံနိုင်ရင် မြစ်ချောင်းနဲ့ မြေအောက်ရေ ညစ်ညမ်းနိုင်တယ်။ မြေဆီလွှာ ပျက်စီးနိုင်တယ်။ သစ်တောနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိခိုက်နိုင်တယ်။ သတ္တုတွင်းလုပ်သားတွေနဲ့ ဒေသခံလူထုရဲ့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ သဘာဝရင်းမြစ်ကို မှီခိုနေတဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း ပျက်စီးနိုင်တယ်။

အထူးသဖြင့် Heavy Rare Earth ရရှိတဲ့ Ion-adsorption Clay သတ္တုသိုက်တွေကို ထုတ်ယူရာမှာဆိုရင် Chemical Leaching နည်းလမ်းတွေ အသုံးပြုကြပါတယ်။ စနစ်တကျ မထိန်းချုပ်နိုင်ရင် ရေနဲ့ မြေဆီလွှာ ညစ်ညမ်းမှုအန္တရာယ် ကြီးမားပါတယ်။

USGS ရဲ့ ၂၀၂၄ အချက်အလက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ Rare Earth ထုတ်လုပ်မှုမှာ စတုတ္ထအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၇.၁ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ မြန်မာက တရုတ်နိုင်ငံကို Rare Earth Oxide Equivalent တန် ၂၇,၀၀၀ တင်ပို့ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

Rare Earth ကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ သာမန်ကုန်သွယ်ရေးပဋိပက္ခထက် ပိုမိုရှုပ်ထွေးတဲ့ မဟာဗျူဟာမြောက် အားပြိုင်မှု (Strategic Competition) အဆင့်အထိ ရောက်ရှိနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ Rare Earth (မြေရှားသတ္တု) ရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် သတ္တုတွင်းတူးဖော်ရေးတစ်ခုတည်းကို ရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေပုံရပါတယ်။

အမေရိကန်နိုင်ငံဟာ ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နေတာ တွေ့ရပါတယ်။

ဘရာဇီး

ဘရာဇီးနိုင်ငံရှိ Serra Verde မြေရှားသတ္တုစီမံကိန်းအတွက် အမေရိကန် DFC က ဒေါ်လာ ၅၆၅ သန်းအထိ ချေးငွေထောက်ပံ့ရေး သဘောတူညီချက် ပြုလုပ်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ အမေရိကန်ကုမ္ပဏီ USA Rare Earth က Serra Verde ကို ဝယ်ယူလိုက်ခြင်းကြောင့် အမေရိကန်ရဲ့ Heavy Rare Earth ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်မှုမှာ ဒီစီမံကိန်းဟာ ပိုမိုအရေးပါလာပါတယ်။

ဘရာဇီးနိုင်ငံတွင် အမေရိကန်အနေဖြင့် ရှားပါးမြေသတ္တု (Rare Earth) ကဏ္ဍမှာ ကြီးမားသော ခြေကုပ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါတယ်။

စက်တင်ဘာလအတွင်းက အစိုးရရှယ်ယာပါဝင်ပိုင်ဆိုင်ထားတဲ့ USA Rare Earth ကုမ္ပဏီသည် Serra Verde သတ္တုတွင်းကို ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ ဒီ့အပြင် အမေရိကန်ကာကွယ်ရေးဌာန (Department of War) မှ စီစဉ်ပေးတဲ့ အစီအစဉ်တစ်ခုနဲ့ ချေးငွေတစ်ခုလည်း ပါဝင်တယ်။

ချုပ်ပြောရရင် Rare Earth မြေရှားသတ္တုဟာ ၂၁ ရာစုအတွက် မဟာဗျူဟာမြောက် ဖြစ်လာသလို၊ မြန်မာနိုင်ငံဟာလည်း မြေရှားသတ္တုကြောင့် မဟာဗျူဟာမြောက် အခင်းအကျင်းထဲ တိုက်ရိုက်ပါဝင်ပတ်သက်လာမလား ဆိုတာတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။

စောင့်ကြည့်ကြတာပေါ့ဗျာ။

ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar