လေးလေး - အဘီဆစ် ပြန်လာပြီလား
လေးလေး - အဘီဆစ် ပြန်လာပြီလား
မိုးမခ ၊ အောက်တိုဘာ ၂၂ ၊ ၂၀၂၅
ထိုင်းနိုင်ငံမှာ လူရည်သန့် ပညာတတ်ရုပ်သွင်ရှိပြီး အသက်ငယ်ငယ်နဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ၊ သူဝန်ကြီးချုပ် လုပ်နေတုန်း ဆန္ဒပြပွဲတွေ ဖြိုခွင်းရာက လူ ၉၀ ကျော် သေခဲ့လို့ အစွန်းအထင်း ရှိခဲ့ဖူးသူ၊ ထိုင်းမှာ သက်တမ်းအရင့်ဆုံး ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ဖြစ်ဖူးသူ။ အဘီဆစ် ဝိတ်ဂျာဂျီဝါ (Abhisit Vejjajiva) ကို အောက်တိုဘာ ၁၈ ရက်မှာ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ပါတီတွင်း တခဲနက် ထောက်ခံမှုနဲ့ ပြန်အရွေးခံလိုက်ရပြန်ပါပြီ။
အင်္ဂလန်မှာ မွေးဖွားကြီးပြင်းပညာသင်ခဲ့တဲ့ အဘီဆစ်ဟာ ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အဲဒီအချိန်တုန်းက အသက် ၄၄ နှစ်နဲ့ ဆယ်စုနှစ် ၆ ခုကျော်အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ ဒီမိုကရက်တစ်ပါတီကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးတယ်။ ဒီမိုကရက်ပါတီကို မြန်မာပြည် လွတ်လပ်ရေးမရခင် ၁၉၄၆ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီအဖြစ် မှတ်တမ်းဝင်ပါတယ်။
အဘီဆစ်ဟာ အသက် ၂၇ နှစ်အရွယ်မှာ လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ဒီတုန်းက လွှတ်တော်အမတ်တွေထဲ အသက်အငယ်ဆုံး အမတ် ဖြစ်တယ်။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၄ ခုအထိ အစိုးရပြောခွင့်ရသူ၊ ၁၉၉၇ ခုနှစ်မှာ ဝန်ကြီးချုပ်ရုံး ဝန်ကြီး တာဝန်တွေယူခဲ့ဖူးတယ်။၂၀၀၅ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီဦးဆောင်သူ ဖြစ်ခဲ့ပြီး၊ သက်ဆင်ရဲ့ထိုင်း ရတ်ထိုင်းပါတီနဲ့ အဓိကပြိုင်ဘက်ဖြစ်ခဲ့တယ်။
၂၀၀၈ ခုနှစ်မှာ သူ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့နောက် ထိုင်း နိုင်ငံရေးရဲ့ ပြင်းထန်တဲ့ လှိုင်းတံပိုးနဲ့ တိုးတယ်။ သက်ဆင် ထောက်ခံကြတဲ့ ရှပ်နီတွေရဲ့ဆန္ဒပြပွဲတွေ ပြင်းထန်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ဘန်ကောက်ကို သိမ်းပိုက် ဆန္ဒပြနေကြတဲ့ ရှပ်နီအုပ်စုကို စစ်တပ်က ဖြိုခွဲခဲ့ရာမှာ လူ ၉၀ ကျော်သေပြီး ထောင်နဲ့ချီဒဏ်ရာ ရခဲ့ကြ တယ်။
ဒီကိစ္စနဲ့ အဘီဆစ်ကို လူသတ်မှုနဲ့တရားစွဲခံခဲ့ရပြီး နောက်ပိုင်းမှာတော့ တရားရုံးက ပလပ်ပေးခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာပဲ “ယင်လပ်”ဦးဆောင်တဲ့ ဖွေထိုင်းပါတီကို ရှုံးပြီး အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့တယ်။ အဘီဆစ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းကာလဟာ ထိုင်းနိုင်ငံရေးအကွဲအပြဲနဲ့ အကြမ်းဖက်မှုအရှိန်အမြင့်ဆုံးကာလနဲ့ တိုက်ဆိုင်ခဲ့တယ်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ်ကနေ ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီးတဲ့နောက် ၆ နှစ်အကြာမှာ အခုတခါ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံရပြီး အခုအချိန်မှာတော့ အဘီဆစ်ဟာ ရင့်ကျက်တဲ့ အသက်အရွယ် ၆၀ ကျော်ကို ရောက်နေပါပြီ။ ဒါပေမဲ့ သူ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ အနီးစပ်ဆုံး ၂၀၂၃ ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၅ နေရာသာရခဲ့ပြီး ဦိးဆောင်ပါတီနဲ့ ဒုတိယဦးဆောင်ပါတီတွေနောက်မှာ အပြတ်အသတ် ကွာခြားစွာ ရပ်တည်ခဲ့ရတယ်။
အမတ်နေရာ ၅၀၀ အတွက် ၂၀၂၃ ရလဒ်ကိုကြည့်ရင် Move Forward Party (MFP) (၁၅၁ နေရာ) နဲ့ Pheu Thai Party (PTP) (၁၄၁ နေရာ) တို့ဖြစ်ပြီး ဒီမိုကရက်က ၂၅ နေရာသာ ရခဲ့တာပါ။ မကြာသေးခင်က ပြုလုပ်ခဲ့ တဲ့ လူထုစစ်တမ်းတွေမှာ ဒီမိုကရက်ပါတီကို ထောက်ခံသူ ရာခိုင်နှုန်းဟာ အခြားထိပ်တန်းပါတီတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးနေတယ်။
အချို့စစ်တမ်းများမှာ ၄ ရာခိုင်နှုန်းဝန်းကျင်သာ ရရှိတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်၊ စစ်တပ်အာဏာသိမ်းတာကို ပါတီက ထောက်ခံခဲ့တာနဲ့ ၂၀၁၀ ပြည့်နှစ်၊ ရှပ်နီဆန္ဒပြပွဲကို ဖြိုခွဲခဲ့တာတွေဟာ ပါတီ ပုံရိပ်ကို ထိခိုက်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ပါတီကို ထောက်ခံသူအများစုဟာ ဘန်ကောက်က လူလတ်တန်းစားနဲ့ အထက်တန်းလွှာကဖြစ်ပြီး မြို့တော်ပါတီအဖြစ် လူသိများတယ်။
အချို့သော လေ့လာသူများက အဘီဆစ်ကို ပါတီဝင်အများစုက ထောက်ခံနေဆဲဖြစ်ပြီး၊ သူ့ရဲ့ ထူးချွန်တဲ့ ပညာရေးနဲ့ နိုင်ငံရေး အတွေ့အကြုံကြောင့် ပါတီရဲ့ အင်အားကို ပြန်လည် မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ သူ ပြန်လာခြင်းဟာ ၂၀၁၀ ပြည့်နှစ် ပဋိပက္ခတွေကို ပြန်လည်အမှတ်ရစေပြီး၊ အပြောင်းအလဲကို လိုလားတဲ့ မျိုးဆက်သစ် လူငယ် မဲဆန္ဒရှင်တွေကြားမှာ ရေပန်းစားမှုကို တိုးလာစေမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရေစီ အယူအဆ လိုက်နာပြီး၊ ဘုရင်စနစ်နဲ့ စစ်တပ်ကို ကာကွယ်ဖို့ ကတိပြုထားတဲ့ အဘီဆစ်ရဲ့ အပြန်လမ်းဟာ ပန်းခင်းလမ်း မဟုတ်တာတော့ သေချာတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar