မောင်လူမွှေး - တောရဲ့ အလှ၊ တောရဲ့ ဒုက္ခ
မောင်လူမွှေး - တောရဲ့ အလှ၊ တောရဲ့ ဒုက္ခ
မိုးမခ ၊ အောက်တိုဘာ ၂၂ ၊ ၂၀၂၅
မောင်လူမွှေးတို့တွေ တောတိုက်စစ်ရှောက်ကျောင်းတစ်ကျောင်းကို သွားခဲ့ကြတယ်။ လမ်းမကြီးအနီးက စစ်ရှောင်စခန်းမှာ မောင်လူမွှေးတို့ဆိုင်ကယ်ကိုထားပြီး လယ်ကွင်းတွေ၊ ချောင်းတွေ၊ တောတန်းကလေးတွေကိုဖြတ်ပြီးမှ စစ်ရှောင်ကျောင်းကလေးကို ရောက်ပါတယ်။ ပုံမှန်သွားနေကျသူတွေဆိုရင် နာရီဝက်သွားရပေမယ့် ပုံမှန်သွားနေကျမဟုတ်တဲ့ မောင်လူမွှေးတို့အတွက်တော့ မိုးရွာထဲမှာ တစ်နာရီနီးပါး လျှောက်ရပါတယ်။ မိုးရွာထဲ ချောင်းကလေးကို အတူဖြတ်ကြရင်း "တောရဲ့သဘာဝ၊ တောရဲ့အလှရှိသလို တောရဲ့ ဒုက္ခလည်းရှိတာပဲနော်။ ဒါတွေကိုကျတော့ သိပ်မြင်ကြမှာ မဟုတ်ဘူး" လို့ မြို့သူဖြစ်တဲ့ မောင်လူမွှေးရဲ့ ဇနီး မစ်(စ)မွှေးက ဆိုပါတယ်။
မောင်လူမွှေးတို့ဟာ စစ်ရှောင်ကျောင်းကလေးမှာ ဆရာ၊ ဆရာမတွေနဲ့ ညနေအထိ တစ်နေကုန်သင်တန်းပြုလုပ်ပြီး မောင်လူမွှေးတို့ ဆိုင်ကယ်ထားခဲ့တဲ့ စစ်ရှောင်စခန်းမှာ ပြန်အိပ်ကြပါတယ်။ တောတိုက်စစ်ရှောင်တဲမှာ အိပ်လို့ရပေမယ့် နေရာကျဥ်းမှာ၊ သူတို့ကို ဒုက္ခပေးသလိုဖြစ်မှာမို့ ကိုယ်နဲ့ရင်းနှီးနေပြီးသား စစ်ရှောင်စခန်းလေးကိုပဲ လမ်းလျှောက်ပြန်လာပြီး အိပ်ကြတာပါ။
စစ်ရှောင်စခန်းမှာ ညအိပ်တော့ မောင်လူမွှေးတို့ လင်မယားနှစ်ယောက် ထူးထူးခြားခြား နေရာခွဲအိပ်ကြပါတယ်။ မောင်လူမွှေးက စခန်းရဲ့ အုပ်ချုပ်ရေးမှူးတဲမှာ အိပ်ပြီး မစ်(စ)မွှေးက ဆရာမလေးတွေရဲ့ တဲမှာ အိပ်ပါတယ်။ မောင်လူမွှေးက စခန်းက အမျိုးသားတွေနဲ့ စကားပြောဆိုဖို့ဖြစ်ပြီး မစ်(စ)မွှေးကိုတော့ ဆရာမလေးတွေ မေးချင်တာ၊ ဆွေးနွေးချင်တာတွေရှိရင် အေးအေးဆေးဆေး ဆွေးနွေးနိုင်အောင်လို့ပါ။
မောင်လူမွှေးတို့ နှစ်ယောက် ညနေမိုးချုပ် တစ်နေရာစီအိပ်ဖို့ တဲကိုယ်စီကို သွားကြရင်း မောင်လူမွှေးရင်ထဲမှာ လှိုက်ခနဲ ဖြစ်လာတာကြောင့် မစ်(စ)မွှေးကို ကိုယ် အိပ်တဲ့နေရာ ပြန်သွားခေါ်ရမလားဆိုတဲ့ စိတ်ပေါ်လာပါတယ်။ မောင်လူမွှေးဟာ လူငယ်တွေ ပညာဖြန့်ဝေရေးအတွက် ခရီးဝေးသွားရတဲ့အခါမျိုးဆိုရင် မစ်(စ)မွှေးကို တစ်ယောက်တည်းထားခဲ့ပြီး သွားရပါတယ်။ ဒီလိုအခါမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်မချကြပါဘူး။ မောင်လူမွှေးတို့ဟာ နှစ်ယောက်တစ်ဘဝဖြစ်နေတဲ့အတွက် တစ်ယောက်အတွက် တစ်ယောက်က အစိတ်အပိုင်းတစ်ခုလိုပါပဲ။ လေယာဥ်လာရင်တောင် နှစ်ယောက်အတူရှိတဲ့အခါ ကြောက်စိတ်ပိုနည်းကြပါတယ်။
"နှစ်ယောက်လုံး အိပ်နေတဲ့အချိန် တည့်တည့်လာပစ်ရင် ကိစ္စမရှိပါဘူး။ တစ်ယောက်ယောက် ကျန်ခဲ့မှာမျိုးသာ စိုးရိမ်တာ" လို့ ပြောဖူးတဲ့ မစ်(စ)မွှေး စကားကို ခွဲအိပ်ရတဲ့အခါတိုင်း မောင်လူမွှေး ကြားယောင်တတ်ပါတယ်။
စစ်ရှောင်စခန်းလေးမှာ မောင်လူမွှေးတို့ ခွဲအိပ်ခဲ့တာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ မောင်လူမွှေးဆီကို စကားပြောဖို့လာကြတဲ့ စစ်ရှောင်စခန်းက အမျိုးသားတွေ၊ အမျိုးသမီးတွေ ခုနစ်ယောက်၊ ရှစ်ယောက် ရှိတာမို့ တဲကလေးဟာ လူပြည့်နေပါတယ်။ စကားပြောကြတာလည်း တော်တော် ညနက်ပါတယ်။ စစ်ရှောင်စခန်းရဲ့ အခြေအနေ၊ ပညာရေးနဲ့ နိုင်ငံရေး အကြောင်းအရာစုံ ပြောကြပါတယ်။ နောက်ဆုံး မနက် ၂ နာရီကျော်မှ အိပ်ကြပါတော့တယ်။
နောက်တစ်နေ့မနက်ကျတော့လည်း တောတိုက်စစ်ရှောင်ကျောင်းကလေးကို ခြေလျင်ပဲ ပြန်သွားကြပါတယ်။ အိပ်ရေးမဝလို့ လူက အားအနည်းငယ်ချည့်နေပေမယ့် စိတ်ကတော့ ရွှင်လန်းနေပါတယ်။ မောင်လူမွှေး စစ်ရှောင်စခန်းမှာ နေတဲ့အချိန်ဟာ နှစ်ရက်တာထဲကိုရောက်ပါပြီ။ အင်တာနက်လိုင်း မမိတာမို့ နှစ်ရက်တာအတွင်း ကမ္ဘာကြီး ဘာဖြစ်နေသလဲ အသာထား ကိုယ့်ဒေသနဲ့ ဆက်စပ်နေတဲ့ နယ်မြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတောင် မောင်လူမွှေး ဘာမှမသိရပါဘူး။
မညီမညာတောလမ်းလေးအတိုင်း လျှောက်ရင်း တောရဲ့ အကြီးဆုံးဒုက္ခတွေထဲက တစ်ခုကို မောင်လူမွှေး စိတ်ထဲမှာ တွေ့လိုက်ရပါတော့တယ်။ အဲဒါကတော့ " သတင်းအချက်အလက် ပြတ်တောက်ခြင်း" ပဲဖြစ်ပါတယ်။ တောမှာ နှစ်ရက်တာနေတဲ့ မောင်လူမွှေးတောင် ဒီနှစ်ရက်အတွင်း သတင်းအချက်အလက်တွေကို ဘာမှမသိရင် တောမှာ အမြဲနေတဲ့သူတွေဆို ဘယ်လိုနေကြမလဲလို့ စဥ်းစားမိပါတယ်။ သတင်းအချက်အလက်တွေကိုသိမှ ကိစ္စတစ်ခုကို ဆက်စပ်တွေးခေါ်နိုင်မယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးရဲ့ အခြေအနေတွေကို သိရှိဖို့ ပြည်သူတွေမှာ သတင်းအချက်အလက်တွေ သိဖို့ လိုအပ်တာပေါ့။
ဒီခရီးမှာတော့ သတင်းအချက်အလက်တွေ ပြတ်တောက်နေတဲ့ ပြည်သူများစွာကို မောင်လူမွှေး သတိထားမိခဲ့ပါတယ်။ သူတို့တွေဟာ သတင်းအချက်အလက်တွေကို ချိတ်ဆက်ပြီး စဥ်းစားနိုင်ဖို့ဝေးစွ၊ တကယ့်ထူးခြားဖြစ်စဥ်အချို့ကိုတောင်မှ တဆင့်စကားကြားခဲ့ရသူတွေကနေတဆင့် မပြည့်မစုံသိရှိကြရတာဖြစ်တယ်။
ဒီလိုသတင်းအချက်အလက်တွေ ပြတ်လပ်တဲ့ သူတို့တွေဟာ တော်လှန်ရေးအကြောင်းကို ခြုံငုံမသိရှိကြပေမယ့် တော်လှန်ရေးအတွက် သူတို့လယ်ကထွက်တဲ့ ဆန်ကို လှူကြတယ်။ သူတို့ သီးနှံကိုရောင်းချပြီး လှူကြတယ်။ စစ်ရှောင်စခန်းမှာတော့ သိမ်းထားတဲ့ မိုးကာကို ရောင်းပြီး လှူကြတာတွေဟာ မောင်လူမွှေး အသိဖြစ်ပါတယ်။ ဒီလို စွန့်လွတ်ကြတဲ့ ပြည်သူတွေ တော်လှန်ရေးကြောင်းကို ထိုက်သင့်သလောက် ကောင်းကောင်းနားမလည်သင့်ပေဘူးလား။ နားလည်အောင် သွားရောက်ရှင်းပြဖို့ မသင့်ပေဘူးလား။ သတင်းအချက်အလက် ပြတ်တောက်နေတဲ့ ပြည်သူတွေကို လာရောက် သြဝါဒပေးတဲ့သူတွေထက် သူတို့စကားကို အချိန်ပေးနားထောင်ကာ စိတ်ရှည်လက်ရှည်ရှင်းပြနိုင်တဲ့ လူတွေ လိုအပ်နေပါတယ်။ တော်လှန်ရေးအတွက် ခက်ခဲနေတဲ့ကြားက ထည့်ဝင်ကြတာဟာ တောရဲ့ အလှ ဖြစ်တယ်။ သတင်းအချက်အလက် ကွင်းဆက်ပြတ်တောက်ကာ နားမလည်နိုင်ခြင်းတွေနဲ့ ပိတ်မိနေတာက တောရဲ့ဒုက္ခ ဖြစ်တယ်။ တောရဲ့ဒုက္ခကို နှလုံးသားလှတဲ့သူတွေမှသာ ဖြေရှင်းနိုင်မယ်လို့ မောင်လူမွှေး ယုံကြည်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar