KK Park ကျားဖြန့် နယ်မြေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လှည့်စားမှု
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၅
KK Park ကျားဖြန့် နယ်မြေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လှည့်စားမှု
ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းငွေလိမ်တဲ့ ရာဇဝတ်မှုဂိုဏ်း (တရုတ်ဘာသာ နဲ့ ကျားဖြန့်) တွေ အခြေစိုက်တဲ့ နေရာတခုအဖြစ် လူသိများတဲ့ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က KK Park ကို အာဏာသိမ်းစစ်တပ်က ဝင်စီးတယ်ဆိုတဲ့ သတင်းထုတ်ပြန်ပြီးနောက် ရက်အနည်းငယ် အကြာမှာ ဒီ ကျားဖြန့်အခြေစိုက်ရာနေရာက လူထောင်ဂဏန်းနဲ့ ချီပြီး မြဝတီမြို့ဘက် နဲ့ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး မဲဆောက်မြို့ဘက် အုပ်စုလိုက် တိမ်းရှောင်နေကြတဲ့ သတင်းတွေ နောက်ဆက်တွဲ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီ KK Park မြေနေရာကို ၂၀၂၀ ခုနှစ်မှာ ထိုင်းနိုင်ငံထဲ ကုမ္ပဏီတခု အဖြစ် မှတ်ပုံတင်ထားတဲ့ စီးပွားရေး လုပ်ငန်းတခုက ကာစီနို လောင်းကစားလုပ်ကိုင်ဖို့ ရည်ရွယ်ကာ KNU အဖွဲ့ထံက မြေငှားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ ဒီဒေသကို အကာအကွယ်ပေး နေတဲ့ လက်နက်ကိုင် အဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ အပြန်အလှန်နားလည်မှုရှိနေတဲ့ BGF/KNA လက်နက်ကိုင် အဖွဲ့ပဲ ဖြစ်ပါတယ်။
ယမန်နှစ်ကတည်းက တရုတ်နိုင်ငံ အပါအဝင် အခြားသောနိုင်ငံတွေက ၄င်းတို့ နိုင်ငံသားတွေ ကျားဖြန့်လုပ်ငန်းမှာ ကျွန်အဖြစ် စေခိုင်းခံနေရတာကြောင့် ကျားဖြန့်လုပ်ငန်းကို နှိမ်နှင်းဖို့ ထိုင်းနိုင်ငံကို ဖိအားပေး တိုက်တွန်းခဲ့ကြတာကြောင့် ထိုင်းနိုင်ငံက ၄င်းတို့နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်က ကျားဖြန့်မြို့သစ်တွေကို လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။
အဲဒီကာလတုန်းက ဒီကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ ကရင်လက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ BGF/KNA နဲ့ DKBA ဒီမိုကရက်တစ် အကျိုးပြု ကရင်တပ်မတော် တို့က တရုတ်နိုင်ငံသား နဲ့ အခြားသော နိုင်ငံတွေက နိုင်ငံသား ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို လွှဲအပ်ခဲ့ပါတယ်။ အဲဒီကာလက ကျားဖြန့်ဂိုဏ်းတွေမှာ သားကောင်အဖြစ် ခြိမ်းခြောက် စေခိုင်းခံနေရသူ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ လွှဲပြောင်းပေးအပ်ခဲ့သည့်တိုင် ဒီ ရာဇဝတ်ဂိုဏ်းတွေက အမြစ်ပြတ်သွားတဲ့ သဘောတော့ မဟုတ်ပါဘူး။
၁ နှစ်ကျော်ကြာပြီးနောက် အခုအချိန်မှာ KK Park တခုထည်းတင် နောက်ထပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ကျားဖြန့်လုပ်ငန်းထဲ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ မှာတော့ KK Park ကနေ ဒရောသောပါး ထွက်ခွာနေကြတဲ့ မြင်ကွင်းတွေ လူမှုကွန်ရက်မီဒီယာမှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ ဆိုင်ကယ်တွေနဲ့ ထွက်ခွာနေသူတွေ၊ ခြေလျင်လျှောက်ပြီး ထွက်ခွာနေကြသူတွေနဲ့ ထရပ်ကားတွေပေါ်မှာ လူအပြည့်နဲ့ KK Park ထဲကနေ ထွက်ခွာနေကြတာတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေ ဖေ့စ်ဘွတ်၊ တစ်တော့ခ် တို့မှာ ပေါ်ထွက်လာနေပြီးနောက် သတင်းဌာနတွေက စုံစမ်းမေးမြန်းပြီး သတင်းဖေါ်ပြလာခဲ့ကြတာ တွေ့ရပါတယ်။
ဒီဖြစ်ရပ် မတိုင်ခင်ရက်အနည်းငယ်က စစ်တပ်က ဝင်စီးတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်မှာ အဆောက်အဦရာနဲ့ချီ ကို ဝင်ရောက်စစ်ဆေးသလို ကျားဖြန့်လုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်နေသူ ၂၁၀၀ ကျော် တွေ့ရှိပြီး စတားလင့်ခ် အင်တာနက် အလုံး ၃၀ ကျော် သိမ်းဆည်းရမိတယ်လို့ အာဏာသိမ်းစစ်တပ်ဘက်က ဖေါ်ပြခဲ့တာပါ။ အဆိုပါဖေါ်ပြချက်အရ ဆို KK Park မှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေအားလုံး ကို ဝင်ရောက်စီးနင်းခဲ့တဲ့ သဘောလို့ နားလည်ရပေမယ့် အမှန်တကယ်က အောက်တိုဘာ ၂၁ ည နဲ့ ၂၂ ရက်နေ့ခင်းကျမှ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ KK Park ထဲက ထွက်ခွာကြတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ မှာ KK Park ထဲက အခုလို အလျင်အမြန် ထွက်ခွာနေကြသူတွေကို ကြပ်မတ်ပေးနေတာက BGF/KNA လက်နက်ကိုင် အဖွဲ့ပဲ ဖြစ်ပါတယ်။ ၄င်းတို့နဲ့ အာဏာသိမ်းစစ်တပ် အကြားမှာလည်း အချိတ်အဆက် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အခုဖြစ်ရပ်က အမှန်တကယ် နှိမ်နှင်းတယ်ဆိုတာထက် နိုင်ငံတကာကို ပြဖို့အတွက် လုပ်ဆောင်မှုတခု အဖြစ်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ ကျားဖြန့် ရာဇဝတ်မှုတွေ လုပ်ကိုင်နေတာ KK Park တခုထည်းတော့ မဟုတ်ပါဘူး။ DKBA လက်နက်ကိုင် အဖွဲ့တွေ လုံခြုံရေး အကာအကွယ်ပေးထားတဲ့ ကျောက်ခက်ဒေသ၊ BGF/KNA က ပဲ အကာအကွယ်ပေးထားတဲ့ ရွှေကုက္ကိုလ် စတဲ့ ဒေသတွေက မြဝတီမြို့ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ ထိုင်းနယ်စပ်မျဥ်း တလျှောက် အခြေစိုက်ပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ရရှိဖို့၊ အင်တာနက်ရရှိဖို့နဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေ ဖြစ်ပွားရင် ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ နယ်နိမိတ်မျဥ်းကို ဖြတ်ကျော်ပြီး တိမ်းရှောင်နိုင်ဖို့ ရည်ရွယ်ကာ နယ်စပ်မျဥ်းအနီး အခြေစိုက် လုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။
ကျားဖြန့် ပြဿနာဟာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုပြဿနာ သက်သက်မဟုတ်ပဲ နစ်နာသူတွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိတဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေပါ ပါဝင်ပတ်သက်နေကြတဲ့ ပြဿနာကြီး တရပ်ဖြစ်လာနေတဲ့ သဘောပါ။ ကျားဖြန့်လုပ်ငန်းမှာ ခေတ်သစ်ကျေးကျွန်စနစ်သဖွယ် ရိုက်နှက်ညှင်းဆဲပြီး စေခိုင်းခံနေကြရတဲ့ နိုင်ငံခြားသား အများအပြားရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေ ဦးစီးလုပ်ကိုင်ကြတဲ့ ကျားဖြန့်ရာဇဝတ်မှုတွေမှာ သားကောင် ဖြစ်ကြရသူတွေထဲ တရုတ်နိုင်ငံသားတွေသာမက အာဖရိကတိုက်မှာ ရှိတဲ့ နိုင်ငံအများအပြားက နိုင်ငံသားတွေ၊ တောင်အာရှ ဒေသက နိုင်ငံသားတွေ၊ အရှေ့အာရှ ပစိဖိတ်ဒေသက နိုင်ငံသားတွေ ထောင်၊ သောင်းချီ လူကုန်ကူးခံကြရ ဖျားယောင်းခေါ်ယူခံကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ အခြေစိုက်လုပ်ကိုင်ကြတာကြောင့် မြန်မာနိုင်ငံသားတွေကိုတော့ ကျေးကျွန်သဖွယ် ဆက်ဆံစေခိုင်းတာမျိုး ကို ရှောင်ကျဥ်လုပ်ကိုင် ကြတယ်လို့လည်း ဆိုပါတယ်။ ဒေသခံတွေနဲ့ ပြဿနာ ဖြစ်ရင် ၄င်းတို့ လုံခြုံရေးကို ထိခိုက်လာနိုင်တာကြောင့် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေက ဒေသခံမဟုတ်တဲ့ အခြားနိုင်ငံကာ လာရောက်လုပ်ကိုင်သူတွေကို နှိပ်စက်ခြိမ်းခြောက် စေခိုင်းကြတာ၊ ကုမ္ပဏီတခုနဲ့တခုအကြား ကျေးကျွန်သဖွယ် ရောင်းစားကြတဲ့ အထိ ကျူးလွန်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက အချို့သော ဒေသခံတွေ အဖို့ ကျားဖြန့်လုပ်ငန်းက ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း တခုလို့ ရှုမြင်နေကြတာမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ ကရင်ပြည်နယ်က ဖြစ်စေ ဒီဒေသအနီးအနားက မြန်မာနိုင်ငံသားတချို့က ၄င်းတို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ ကျားဖြန့်လုပ်ငန်းမှာ သွားရောက်လုပ်ကိုင်နေကြပြီး လစကောင်းတဲ့ အလုပ်အကိုင် အနေနဲ့ ပြောဆိုကြတာလည်း ကြားသိနေကြရတာ ဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုလိုပဲ စစ်ပွဲတွေအတွက် လိုအပ်တဲ့ ငွေကြေးကို ရှာဖွေရင်း လက်နက်ကိုင် အဖွဲ့အချို့က ရာဇဝတ်မှု လုပ်ကိုင်သူတွေကို အကာအကွယ်ပေးတာ သို့မဟုတ် ကိုယ်တိုင် ဒီလို လုပ်ငန်းတွေထဲ ပါဝင်ပတ်သက်ရင်း နိုင်ငံဖြတ်ကျော် တဲ့ ရာဇဝတ်လုပ်ငန်းကြီးတွေကို အကာအကွယ်ပေးရတဲ့ အဖြစ်၊ ပါဝင်လုပ်ကိုင်ပေးရတဲ့ အဖြစ်ကို ကျရောက်ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar