Breaking News

သီအိုဇော် - ပြည်တွင်းပြဿနာသက်သက်ဟု ရှုမြင်၍ မရတော့သော ရွှေတြိဂံတွင်းမှ မြန်မာနိုင်ငံ

သီအိုဇော် - ပြည်တွင်းပြဿနာသက်သက်ဟု ရှုမြင်၍ မရတော့သော ရွှေတြိဂံတွင်းမှ မြန်မာနိုင်ငံ

မိုးမခ ၊ အောက်တိုဘာ ၂၃ ၊ ၂၀၂၅


‘ရွှေတြိဂံ’ဆိုတာကတော့ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ နာမည်ဆိုးထွက်ပြီးသား ဒေသပါ။ ဒါပေမဲ့ အခုနောက်ပိုင်း ဒီရှိရင်းစွဲပြဿနာအပေါ်  ထပ်လောင်း အားဖြည့်လာတာကတော့ ဒေသတွင်း နယ်စပ်ဖြတ်ကျော်မှုခင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို အုံနဲ့ကျင်းနဲ့ စီစဉ်တကျ လှည့်ဖျား လုပ်ဆောင်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေလို့ ဆိုရပါလိမ့်မယ်။ ကျားဖြန့်အလုပ်တွေဟာ လူအင်အားများစွာ အသုံးပြုပြီး လည်ပတ်ရတဲ့အတွက်၊ လူကုန်ကူးမှု ပြဿနာတွေနဲ့လည်း ပတ်သက်လာပါတယ်။  

UN Human Rights Office နဲ့ Royal Thai Police တို့ရဲ့ အချက်အလက်အရဆိုရင် ရွှေတြိဂံ ဒေသတွင်းက မြန်မာနိုင်ငံနဲ့  ကမ္ဘောဒီးယား ၂ နိုင်ငံထဲမှာကို အဆောက်အဦတွေထဲ ကျားဖြန့်လုပ်ငန်း အတင်းအကျပ်ခိုင်းစေခံရတဲ့သူ အရေအတွက် ၂ သိန်းကျော်ရှိတယ်လို့ သိရှိရပါတယ်။ ဒီအချက်ဟာ United States Institute of Peace (USIP) ရဲ့  ၂၀၂၄ (မေ) အစီရင်ခံစာပါ မြန်မာ ၁၂၀,၀၀၀၊ ကမ္ဘောဒီးယား ၁၀၀,၀၀၀ ဆိုတဲ့ ဖော်ပြထားချက်နဲ့လည်း သွားပြီးတော့ ကိုက်ညီနေပါတယ်။

အဲဒီစာရင်းထဲမှာ လာအို ၈၅,၀၀၀ ဆိုပြီး ထပ်ဖေါ်ပြထားတဲ့အတွက် ရွှေတြိဂံဒေသတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ် ကိုင်နေသူ ၃သိန်ကျော် အနည်းဆုံး ရှိနေတာကို တွေ့ရပါတယ်။ ဖိလစ်ပိုင် ၁၅,၀၀၀ ဆို တဲ့ အရေအတွက်ကိုပါ ထည့်စဉ်းစားရရင်၊ တကမ္ဘာလုံး ခန့် မှန်းဦးရေ သန်းဝက်ခန့် ကျားဖြန့်လုပ်ကိုင်နေကြသူတွေအနက်၊ အာဆီယံ ၄ နိုင်ငံထဲမှာပဲ (၆၄)ရာခိုင်နှုန်း ဝန်းကျင် ရှိတယ်လို့ ဆိုရပါလိမ့်မယ်။ 

ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်နေရသူ အများစုဟာ အတင်းအဓမ္မ ဥပဒေမဲ့ ခိုင်းစေခံရသူ အများစုဖြစ်ပြီး၊ နိုင်ငံပေါင်း ၆၀လောက်က နိုင်ငံသားတွေလို့ ဒီအစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။  USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာတဦးအဖြစ် ထမ်း ဆောင်ခဲ့ပြီး အခုတော့ Global Initiative Against Transnational Organized Crime (GI-TOC)က အကြီးတန်းကျွမ်းကျင်သူဖြစ်သူ ‘ဂျေဆင်တာဝါ’ (Jason Tower)ရဲ့ နောက်ပိုင်းပြောကြားချက်အရ၊ အွန်လိုင်းငွေကြေး လိမ်လည်ခံရသူတွေ ဟာ နိုင်ငံပေါင်း (၁၁၀) ကျော်မှာ ရှိတယ်လို့လည်း သိရပါတယ်။ ဒီလိုဆိုရင်  ကျားဖြန့်လုပ်ငန်းရဲ့ ဆိုးကျိုးသက်ရောက်မှုဟာ ဒေသတွင်း နေရာကွက်ကွက်လေးနဲ့ပဲ သက် ဆိုင်နေတာ မဟုတ်ဘူးဆိုတာ ပိုလို့ထင်ရှားပါတယ်။

တကမ္ဘာလုံး အနေနဲ့ ဆုံးရှုံးရတဲ့ ငွေကြေးတွေက ဒေါ်လာ ၆၃.၉ ဘီလီယံ (၂၀၂၃) ရှိတယ်လို့လည်း USIPက ဖေါ်ပြထားပြီး၊ အမှန်တကယ်က ဒီခန့်မှန်းချက်ထက် ပိုနိုင် တယ်လို့ ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ဆုံးရှုံးသွားရတဲ့ ငွေကြေးပမာဏကိုသာ ကိုယ်စားပြုပါလိမ့်မယ်။  ဒီလိုလိမ်လည်ခံရမှုကြောင့် မိသားစု ဘဝတွေ အနာဂတ်တွေ  ပျက်စီးကြရ၊ ရာဇဝတ်မှုခင်းတွေ ကျူးလွန်မိကြရ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်တွက်ချက်ရင်တော့၊ ထိခိုက်ပျက်စီးသွားရတဲ့ လူမှုဘဝများစွာကို တွေ့ရပါလိမ့်မယ်။ ဒါတွေက ငွေကြေးနဲ့ ပြန်အစားထိုးပေးလို့ မရတဲ့ ဆုံးရှုံးမှုများဖြစ်ပါတယ်။

ဖော်ပြပါ အချက်တွေကိုကြည့်ရင် အာဆီယံအဖွဲ့ကြီး အနေနဲ့လည်း မိမိဒေသတွင်းကို ဗဟိုပြုပြီး၊ ကမ္ဘာအနှံ့ အန္တရာယ်ပေးနေတဲ့ ဒီကျားဖြန့်လုပ်ငန်းကို ဘယ်လိုထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးကြရမယ် ဆိုတာကို အလေးအနက် စဉ်းစားရပါတော့မယ်။ ပြဿနာရဲ့ ရေသောက်မြစ်က တရားမဝင်လုပ်ငန်းများကို တရားဝင်လုပ်ငန်း သဏ္ဌာန်ယူ လုပ်ဆောင်ခွင့်ပေးထားတဲ့ သက်ဆိုင်ရာ အစိုးရတွေ ဖြစ်တာကိုလည်း လျစ်လျူရှုလို့ မရနိုင်ပါဘူး။ 

မြန်မာနိုင်ငံအတွက်ဆိုရင်တော့ နောက်ကွယ်မှာ စစ်အာဏာပိုင် အဆင့်ဆင့်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ထည့်စဉ်းစားရမှာပါ။  အခုအချိန်မှာ အာဆီယံရဲ့ တရားဝင် အသိအမှတ်ပြုမှုကို လိုချင်နေတဲ့ စစ်ကော်မရှင်ဟာ မြန်မာနိုင်ငံတွင်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ခွဲထုတ်စဉ်းစားလို့မရတာ ပေါ်လွင်နေပါပြီ။ ဒီအတွက် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေခြင်းဟာ အာဆီယံဒေသတွင်းအတွက်သာမက နိုင်ငံတကာအတွက် ဆိုးကျိုးတွေကို ဆက်လက် ဖြစ်ပေါ်နေစေမယ်လို့ နားလည်ထားကြရမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင်နဲ့ ကျားဖြန့်လုပ်ငန်း ဆက်နွှယ်နေမှုအကြောင်း ဖော်ထုတ်ချက်တခုကအောက်တို ဘာလ (၁၅) ရက်နေ့ တရုတ်အစိုးရ ရုပ်သံ CCTVမှာ ကျားဖြန့်လုပ်ငန်းနဲ့ ရာဇဝတ်မှု့များအတွက်၊ တရုတ်နိုင်ငံမှာ ဖမ်းဆီးထားတဲ့  ကိုးကန့် နယ်ခြားစောင့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း ( Wei San @ Wei Huairen)ရဲ့ ထွက်ဆိုချက်ပါ။ အမည်တိုက်ရိုက်တပ် မပြောပေမဲ့၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများက သက်ဆိုင်ရာ အစိုးရအာဏာပိုင်များရဲ့ ခွင့်ပြုချက်အရလို့ ဆိုလိုက်ခြင်းက မြန်မာစစ်ခေါင်းဆောင်များရဲ့ ပါဝင်နေမှုကို လက်ညှိုးထိုးပြသလိုက်ခြင်း ဖြစ်ပါတယ်။ အကျိုးအမြတ် ကြီးမားစွာရရှိတဲ့ လုပ်ငန်းမှန်သမျှ စစ်အာဏာပိုင် အဆင့်ဆင့်နဲ့  တနည်းမဟုတ် တနည်းနဲ့ ပတ်သက်ကြတယ် ဆိုတဲ့အချက်က မြန်မာပြည်သူများအတွက် အထူးအဆန်းကိစ္စတော့ မဟုတ်ပါဘူး။

ရွှေတြိဂံဒေသတွင်းမှာ အတင်းအကြပ် ခိုင်းစေထားတဲ့ ကျားဖြန့်လုပ်သားတွေကို ခြိမ်းခြောက် စောင့်ကြပ်ထားနိုင်ဖို့အတွက် လက်နက်ကိုင်ဆောင်သူများကို အသုံးပြုကြပါတယ်။ ဒီတာဝန်ယူကြသူတို့ကို လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းများလို့သာ သတ်မှတ်ရေးသားကြပါတယ်။

အခုနှစ် ဧပြီလ  ၂၂ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ယူအက်စ်-အာဆီယံ ဒိုင်ယာလော့ခ်)နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ထရမ့်ရဲ့ အမေရိကန်နိုင်ငံသားများအတွက် ‘အန္တရာယ် ကင်းစင်ရေး၊ လုံခြုံရေး၊ ကြွယ်ဝချမ်းသာရေး’ ဦးစားပေးမူတွေကို ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံဘက်က မူးယစ်ဆေးဝါး၊ ဆိုင်ဘာငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချ တားမြစ်ပိတ်ပင်မှု လုပ်ဆောင်​နေတာတွေကလည်း ဒီအချက်နဲ့ ကိုက်ညီမှု ရှိနေပါတယ်။ ဒီလိုဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေဆီက ဒီလိုပြစ်မှုမျိုးတွေနဲ့ ပတ်သက်ပြီး ပိုတင်းကျပ်တဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ အာဆီယံနဲ့ တိုးပြီး လုပ်ဆောင်လာမလား ဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။

ဒီကာလတွေမှာ ခေါင်းကြီးသတင်း ဖြစ်နေတဲ့ နိုင်ငံတကာ သတင်းများကြောင့် သတင်းစက်ဝိုင်းထဲ မြန်မာနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေ လျော့နည်းလာခဲ့မှာကို စိုးရိမ်မှု ရှိကြပါတယ်။ တဘက်က ပြန်စဉ်းစားကြည့်တဲ့အခါ အမေရိကန်နိုင််ငံဘက်က အလေးအနက်ထားတဲ့ မူးယစ်နဲ့ အွန်လိုင်းလိမ်လည်မှုတွေက အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအနေနဲ့ ထိပ်ဆုံးတန်းက ရှိနေလေတော့ အမေရိကန်ရဲ့ အာရုံ စိုက်မှု ဆက်ရှိနေနိုင်ပါတယ်။ ဒါ့အပြင် မြေရှားသတ္တုပေါများတဲ့ အချက်ကလည်း အမေရိကန်ပြည်ထောင်စုအတွက် ထည့်သွင်းစဉ်းစားစရာ အချက် ဖြစ်နေမှာပါ။ 

အဓိကပြိုင်ဘက် တရုတ်ရဲ့ BRI စီမံကိန်းတွေကို အမေရိကန်အစိုးရ အဆက်ဆက်က ဆန့်ကျင်ပါတယ်။ ထရမ့်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပနားမားနိုင်ငံက BRI စီမံ ကိန်းကနေနှုတ် ထွက်သွားတာလည်း မကြာသေးပါဘူး။ ဒါ့ကြောင့် BRI အတွက် အရေးကြီးတဲ့ စီမံကိန်းတွေမှာ လိုက်လျောလွန်းတဲ့ စစ်ကော်မရှင်အပေါ်  အမေရိကန်အစိုးရက တနည်းနည်းနဲ့ ဖိအားပေး ဆက်ဆံလာခဲ့ရင်လည်း အံ့အားသင့်စရာ မရှိပါဘူး။

တရုတ်၊ ရုရှား အာဏာရှင်တွေရဲ့ နောက်မြီးဆွဲ ဘဝကို သာယာနေတဲ့ စစ်ခေါင်းဆောင်ဟာ ကမ္ဘာက အာရုံစိုက်မိစရာ နျူကလီးယား စကားလုံးကို အခွင့်သင့်သလို ပြောလေ့ရှိသူပါ။ အခုလည်း ပြင်ဦးလွင် ကပစ-၂၄မှာ မြောက်ကိုရီးယားထံမှ ဝယ်ယူထားတဲ့  ဒုံးကျည်လက်နက် ထုတ်လုပ်ရေးကို ဆောင်ရွက်ဖို့ ပြင်နေတယ်လို့ သတင်း ထွက်လာပါတယ်။ U.S. Treasury Department အနေနဲ့  အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေတဲ့ ဥပဒေမဲ့ လက်နက်ထုတ်လုပ်ရေး အစီအစဉ်အတွက် အထောက်အကူဖြစ်စေတဲ့ ငွေကြေးကွန်ယက်တွေကို ဖျက်ဆီးပစ်မယ် ဆိုတဲ့ အကြောင်း အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် ‘ဂျွန်ဟာလီ’(John K. Hurley)က အတိအလင်း ပြောကြားထားပါတယ်။ 

မြန်မာနိုင်ငံက မြောက်ကိုရီးယားဆီကနေ လက်နက်ဝယ်ယူခြင်းဟာလည်း ဒီခေါင်းစဉ်အောက်မှာ အကျုံးဝင်သွားတဲ့အတွက်၊ လက်နက်ပစ္စည်းဝယ်ခဲ့တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားအချို့ကို စက်တင်ဘာလ ၂၅ ရက်နေ့က ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာပါ။ ဒါ့ကြောင့် လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ကြံစည်လုပ်ဆောင်နေမှုများဟာ အမေရိကန်နိုင်ငံဘက်က အာရုံမစိုက်စိုက်အောင် ကြိုးစားပေးနေသလိုတောင် ဖြစ်နေပါတယ်။

ခန့်မှန်းရခက်တဲ့ သမ္မတလက်ထက်မှာ မြန်မာ့အရေးအပေါ် ဘယ်လိုရှုမြင်မလဲ၊ ဘယ်လို ချဉ်းကပ်ဆောင်ရွက်မလဲ ဆိုတာ ပြောဆို အတိအကျ ခန့်မှန်းနိုင်ဖို့ ခက်ပါ လိမ့်မယ်။  ‘အမေရိကန်ပထမ’ မူဝါဒ ကိုင်စွဲထားတဲ့ ထရမ့်ဟာ ယူအဲန်ကျွမ်းကျင်သူ တချို့ ထောက်ပြတဲ့ကြားက ဗင်နီဇွဲလား မူးယစ်မှောင်ခိုကူးမှု ပြဿနာကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေပါတယ်။ မြန်မာနိုင်ငံဟာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်တယ်လို့ စက်တင်ဘာ ၁၅ရက်နေ့က အမေရိကန်သမ္မတ သတ်မှတ် ကြေညာထားတဲ့ ၅ နိုင်ငံထဲမှာ ဗင်နီဇွဲလားနဲ့အတူ ပါဝင်ထားပါတယ်။

ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ဘစ်ကွိုင် ဆိုင်ဘာငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး မကြာသေးမီကပဲ တရုတ်နိုင်ငံဖွား ကမ္ဘောဒီးယား နိုင်ငံသား ချန်ဇီ (Chen Zhi)ကို အမေရိကန်နိုင်ငံက ဒဏ် ခတ်အရေးယူလိုက်ပါတယ်။ စစ်ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ BGF/KNA ထိပ်ပိုင်းခေါင်းဆောင်များဟာလည်း၊ ကျားဖြန့်လုပ်ငန်းများနဲ့ ဆက်စပ်ပြီး အမေရိကန်၊ ဗြိတိန်၊ အီးယူတို့ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ခံထားကြရပါတယ်။

ရွှေတြိဂံဒေသတွင်းက ကျားဖြန့်လုပ်သားတွေထဲမှာ တရုတ်နိုင်ငံသားများ ပါဝင်မှုဟာ ရာခိုင်နှုန်း မြင့်မားပါတယ်။ တရုတ်နိုင်ငံ စိတ်မပျက်စေဖို့လား (သို့မဟုတ်)အမေရိကန်နိုင်ငံ စိတ်မကွက်စေဖို့လို့လား မှန်းဆနေကြတဲ့ K K Park ဇာတ်တိုက် စီးနင်းမှုဟာ၊ ဟန်ပြသက်သက်သာဖြစ်ကြောင်း အများက သဘောပေါက်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေ ဒီအဖြစ်အပျက်က မြန်မာနိုင်ငံတွင်းမှာ ကျားဖြန့်လုပ်ငန်း အုံနဲ့ကျင်းနဲ့ လုပ်ဆောင်နေဆဲဆိုတာကို ပိုသတိထားမိကြစေဖို့လည်း ဖြစ်သွားခဲ့ပါတယ်။

မြန်မာ့အရေးအပေါ် ထရမ့်အစိုးရရဲ့ စိတ်ဝင်စားမှု လျော့နည်းတာက အငြင်းပွါး စရာ မရှိပါဘူး။ ဒါပေမဲ့ ထရမ့်အတွက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်နေမှု၊ ကျားဖြန့်အွန်လိုင်း ငွေလိမ်မှု၊ မြောက်ကိုရီးယားမှ လက်နက်ဝယ်ယူမှု စတဲ့ မျက်စိဆံပင်မွေး စူးစရာတွေကလည်း အများအပြားပါ။ ခန့်မှန်းရခက်တဲ့ ထရမ့်ရဲ့ ဦးစားပေး အာဂျန်ဒါထဲ ပါဝင်လာနိုင်ဖို့၊ ချဉ်းကပ်အားထုတ်နေတာမျိုးတွေ ရှိနေမှာက သေချာပါတယ်။ ပါဝင်လာနိုင်ခြင်း ရှိ၊ မရှိ ဆိုတာကိုတော့ စိတ်ဝင်တစား ဆက်စောင့်ကြည့်ကြရပါဦးမယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar