မောင်လူမွှေး - သနပ်ခါး ပါးကွက်လေးနဲ့
မောင်လူမွှေး - သနပ်ခါး ပါးကွက်လေးနဲ့
မိုးမခ ၊ အောက်တိုဘာ ၁၉ ၊ ၂၀၂၆
ဒဏ်ရာရတဲ့ ခေါင်းကို ပတ်တီးအဖြူရောင် စီးထားတယ်။ အရှေ့တန်းမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို ခံခဲ့ရတဲ့ ကိုယ်ခန္ဓာကို စောင်ပါးပါးနဲ့ ခြုံပေးထားတယ်။ နေရောင်ဒဏ် ခံခဲ့ရတဲ့ မျက်နှာကို သနပ်ခါး ပါးကွက်ကြား လိမ်းထားတယ်။ ရာသီဥတုဒဏ်၊ အနေအစားဆင်းရဲမှုဒဏ်နဲ့ လက်နက်အန္တရာယ်တွေကြားမှာ ပင်ပန်းခဲ့တဲ့ လူငယ်လေးဟာ အအေးခေါင်းထဲမှာ လဲလျောင်းနေပြီ။ အသက်နှစ်ဆယ့်တစ်နှစ်ဆိုပေမယ့် ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်နဲ့ ပိုတူတယ်။ အသက်မဲ့နေတာတောင် မျက်နှာက အားတင်းပြီး ပြုံးနေသယောင်။ ဖြူစင်မှု အရိပ်အယောင်တွေကို သူ့မျက်ဝန်းမှာ မြင်ရပါတယ်။
"သူက လွတ်ပြီထင်ပြီး ကတုတ်ကျင်းထဲကနေ ထလိုက်တာမှာ ခေါင်းကို အစ ထိသွားတာဗျာ။ အမြဲ ဦးထုပ်ဆောင်းထားလေ့ရှိပေမယ့် အခုဖြစ်မယ့်ဖြစ်တော့ ဦးထုပ်ဆောင်းမထားတဲ့အခါ ဖြစ်နေတယ်" လို့ သူ့အရာရှိက ပြောပါတယ်။
ရဲဘော်ရုပ်အလောင်းကို ထားတဲ့နေရာနားမှာ အမျိုးသမီးကြီးတွေ ဝိုင်းထိုင်နေကြတယ်။ တကယ်တော့ လောကဓံကို ခံကြရပြီတဲ့ဟေ့ ဆိုရင် အမျိုးသမီးတွေက ထိပ်ဆုံးကပါပဲ။ ရဲဘော်တွေကျရင် ကျဆုံးရဲဘော်ရဲ့အနားမှာ သင်္ဂြိုဟ်လို့ မပြီးမချင်း နေကြတာဟာ အမျိုးသမီးတွေပဲဖြစ်တယ်။ အမျိုးသားတွေကျတော့ ကျဆုံးရဲဘော်ရဲ့အနားမှာ အချိန်အကြာကြီးနေပြီး ကြေကွဲမှုကို ရင်ဆိုင်နိုင်စွမ်း မရှိကြပါ။
"အဖေဖြစ်တဲ့သူကလည်း ပြီးခဲ့တဲ့နှစ်က ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဆုံးသွားတာ" လို့ ရဲဘော်ရဲ့ အရာရှိက ဆက်ပြောပြတယ်။ ဒါဆိုရင် ရဲဘော်ရဲ့မိခင်ဟာ မုဆိုးမပေါ့။ ပြီးခဲ့တဲ့နှစ်က ယောကျ်ား။ ဒီနှစ်တော့ သားဖြစ်သူကို ဆုံးရှုံးရပြီပေါ့။ ရဲဘော်အလောင်း ထားတဲ့နေရာကနေ အမျိုးသမီးကြီးတစ်ယောက်ရဲ့ ငိုသံတွေ ထွက်လာတယ်။ တစ်အိမ်လုံး ခဏတာ စကားသံတွေ တိတ်သွားကြတယ်။ ရှိုက်သံသဲ့သဲ့ဟာ မောင်လူမွှေးတို့ ရင်ကို နာကျင်အောင်ထိ ရိုက်ခတ်လာတယ်။
ကျဆုံးရဲဘော်မိသားစုရဲ့ အိမ်ဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိပေမယ့် လက်စမသတ်ရသေးတာ၊ မပြီးသေးတာကို သတိထားမိတယ်။ အိမ်မပြီးခင် အိမ်ထောင်ဦးစီးနဲ့ သားဖြစ်သူတို့ ထွက်ခွာသွားကြပြီ။ ဒီအိမ် ဘယ်တော့မှ အပြီးဆောက်နိုင်မယ်၊ အချောသတ်နိုင်မယ်ဆိုတာ မသေချာ။ သေချာတာကတော့ သူတို့မိသားစုတွေ ပြန်မဆုံနိုင်ကြတော့တာသာ ဖြစ်တယ်။
"သူ ဆယ်တန်းတက်နေတုန်း ကျောင်းပြီးအောင် မတက်ဘဲ တော်လှန်ရေးတပ်ထဲကို ဝင်သွားတာဗျ" လို့ ရွာခံအမျိုးသားတစ်ယောက်က ပြောတယ်။ စစ်သင်တန်းကွင်း၊ တောတောင်တွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေကို စာသင်ခန်းအဖြစ် သူ ရွေးချယ်ခဲ့တယ်။ စစ်အာဏာရှင်ကို မုန်းလို့ သူ ဒီလိုရွေးချယ်ခဲ့တယ်။ ပြည်သူတွေကို ချစ်လို့ သူ ဒီလိုရွေးချယ်ခဲ့တယ်။ ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် သူ ဒီလိုရွေးချယ်ခဲ့တယ်။
လူငယ်တစ်ယောက် တက္ကသိုလ်မှာ လေးနှစ်တက်ရင် ဘွဲ့တစ်ခု ရတယ်။ အခု သူ တော်လှန်ရေးဆိုတဲ့ မြေပြင်တက္ကသိုလ်မှာ အန္တရာယ်အများဆုံး၊ အဆင်းရဲဆုံး တိုက်ခိုက်ရေးဘာသာရပ်ကို သူ ရွေးချယ်တက်ရောက်ခဲ့တယ်။ အခု သူရဲကောင်းဘွဲ့ကိုယူပြီး တော်လှန်ကျောင်းတော်ကြီးကနေ ထွက်ခွာသွားပြီ။
ညနေ မိုးချုပ်စပြုပြီ။ မောင်လူမွှေး ခုနစ်မိုင်လောက်ခရီးကို ဆိုင်ကယ်စီးပြီး ပြန်ရဦးမယ်။ နာရေးအိမ်မှာ အတူထိုင်နေတဲ့ ရဲဘော်ရဲဘက် မိတ်ဆွေတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ အခုခေတ်ကာလကြီးဟာ လူတော်လူကောင်းလေးတွေ မိုးချုပ်နေဝင်နေကြရတဲ့ ကာလကြီး။ ဆိုင်ကယ်စီးရင်း ဝမ်းနည်းလာတယ်။
ည အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်လေးနဲ့ မောင်လူမွှေး ပညာရေးအကြောင်း ဆွေးနွေးကြတယ်။ နိုးလာတော့ သနပ်ခါးပါးကွက်လေးနဲ့ ရဲဘော်လေးရဲ့မျက်နှာကို ပြန်မြင်ယောင်လာတယ်။
"လက်မလျှော့ကြနဲ့၊ လုပ်စရာရှိတာ ဆက်လုပ်ကြ" လို့ လာသတိပေးသလို မောင်လူမွှေး ခံစားရပါတယ် ခင်ဗျာ....။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar