ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေလိမ်ရေးခိုလှုံခွင့်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငွေလိမ်ရေးခိုလှုံခွင့်
မိုးမခ ၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၂၅
တရုတ်နိုင်ငံသား ၉၀၀ လောက်က မင်းလက်ပံ ကျားဖြန့်စခန်းကို စွန့်ခွာဖို့ ငြင်းနေတယ်ဆိုတော့ သူတို့ဆီမှာဆို သေဒဏ်ကျခံရဖို့ သေချာသလောက် ရှိနေတယ်။ အေးလေ တယောက်မှလည်း ပန်းကုံးနဲ့ ကြိုခံရမှာမှ မဟုတ်ဘဲ။ သူများဘဝ ဖျက်ပြီးမှ ကိုယ့်ဘဝပျက်မှာ ကြောက်နေကြတယ်။
သူတို့စိတ်ကူးကတော့ မင်းအောင်လှိုင်ဆီ ငွေလိမ်ရေးခိုလှုံခွင့်ရရင် လိမ်ချင်သလောက် ဆက်လိမ် ဇိမ်ပဲ မဟုတ်လား။ ဘယ်ပြန်ချင်ပါ့မလဲ။ ခု DKBA နဲ့ စစ်တပ်က လာတိုက်တယ်ဆိုတော့ ဘယ်ဂလောက် ပျော်ရှာမယ် မသိ၊ ပြန်သိမ်းနိုင်ရင် တရုတ် ပြန်စရာမလို တကမ္ဘာလုံး ပိုက်ဆံထပ်လိမ် ဇိမ်ခံရချည်သေးရဲ့ဆိုပြီး လောလောဆယ်ဒုက္ခအတွက် KNU ကိုလည်း ငါကိုင်တုတ်နေလောက်တယ်။
မင်းအောင်လှိုင်အောက်မှာ ငွေလိမ်ရေးခိုလှုံခွင့်ယူပြီး အကျိုးတူ ဆက်လိမ် ဆေးချ၊ ဖာချ၊ သောက်လိုက် စားလိုက် ပျော်ပိုက်စရာဘဝကြီးမှာ ဆက်နေချင်ရှာမှာပေါ့။ ကိုယ့်လက်နက်နဲ့ကိုယ် ကိုယ်ထုတ်တဲ့ ပိုက်ဆံနဲ့ကိုယ် သီးခြားနိုင်ငံတခုလို နေခွင့်ရတာ ကမ္ဘာမှာ ကရင်ပဲ ရှိတာလေ။
အင်း ဒါတောင် KNU သိမ်းနိုင်တာ စခန်းတခုပဲ ရှိသေးတာ၊ စခန်းအကုန်သာဆို တရုတ်ပြည်ရှိလူလိမ်တဝက်လောက် ရောက်နေမလားဘဲ။ စခန်းက အဲလောက်များတာ။
ဆိုက်တွေ လိုက်ပိတ်လိုက်တာ ချိပ်တောင်ပြတ်တောက်သွားတဲ့ အဆင့်၊ ဖြိုလိုက်ဖို့ကလည်း ယန္တရားတွေ ကုမ္ပဏီလိုက် မှာရမယ့်အနေ။ ရစ်ချက်တာစကေး 12 လောက် လှုပ်ရင်တောင် အမြစ်မပြုတ်လောက်။
ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရန်ကုန်မြို့တော်ဝန် မောင်မောင်စိုး တို့၊ စောချစ်သူနဲ့ အခမ်းအနားတက်တဲ့ပုံတွေ စစ်အုပ်စုဘက်က တင်ပြလာကြတယ်။ ဒေါ်နန်းခင်ထွေးမြင့်က BGF ၉ နှစ်ပြည့် အခမ်းအနားဖိတ်လို့ ကရင်ဝန်ကြီးချုပ်အနေနဲ့ တက်လာတုန်း စောချစ်သူနဲ့ ရှိကျိကျန်က ကရင်ပြည် နယ်ဖွံ့ဖြိုးရေးဆိုပြီး ကျပ် သိန်းလေးရာ လှူရင်း ဓာတ်ပုံရိုက်ခဲ့တာ။
စောချစ်သူနဲ့ ရှိကျိကျန်တို့က ရွှေကုက္ကိုလ်မှာ အလုပ်တွေ စလုပ်ဖို့ ရန်ကုန်မှာ လက်မှတ်ထိုးပွဲလုပ်ပါတယ်။ ရန်ကုန်မှာ ထိုးတော့ မြို့တော်ဝန်ကို ဖိတ်ပြီး ဓာတ်ပုံရိုက်တာပေါ့လေ။ အဲဒါကလည်း ကြံဖွတ်အကောင်ကြီးတွေနဲ့ပေါင်းပြီး ဂွင်ဆင်ကြတာပါပဲ။
စောချစ်သူနဲ့ ရှိကျိကျန်တို့ စီးပွားရေးလုပ်ဖို့ သဘောတူကြပြီး ရွှေကုက္ကိုလ်စီးပွားရေးဇုန် လုပ်မယ်ဆိုပြီး ရထိုက်အနေနဲ့ ကြေညာခဲ့ပေမဲ့ NLD အစိုးရကို မတင်ပြခဲ့ဘူး။ နောက်မှ မအလက ညွှန်ကြားလို့ ချစ်သူက အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီ တင်ပြခဲ့တာ။ ဒါလည်း ဟန်သက်သက်၊ ခွင့်ပြုတာထက် အများကြီးပိုလုပ်ခဲ့၊ ခွင့်ပြုကာလထက် အများကြီး ဆက်လုပ်ခဲ့လို့ ၂၀၂၀ ဇူလိုင် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြဝတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးခွန်း မေးမြန်းခဲ့တယ်။ နိုင်ငံခြားစီးပွားဆက်သွယ် ဒုဝန်ကြီးက စုံစမ်းစစ်ဆေးရေးဖွဲ့ထားတာ ရှိတယ်၊ ကျော်လုပ်ရင် အရေးယူမယ်လို့ ဖြေခဲ့တယ်။ စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီးက အရေးမယူခဲ့ပါဘူး။
နောက်အချက်တခုကတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေအကြား မြို့သစ်စီမံကိန်းတွေနဲ့ ပတ်သက်ရင် ရွှေကုက္ကိုလ်စီမံကိန်းတခုပဲ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ထားခဲ့တာဖြစ်ပြီး KK PARK လို တခြားစီမံကိန်းတွေကို အစိုးရဆီက ခွင့်ပြုချက် တောင်းဖို့နေနေသာသာ သဘောထား တောင်းခံတာတောင် မရှိခဲ့ပါဘူးတဲ့။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
