Breaking News

မောင်လူမွှေး - ပက်ပက်စက်စက်ဘဝတွေအတွက် ရောင်နီ

မောင်လူမွှေး - ပက်ပက်စက်စက်ဘဝတွေအတွက် ရောင်နီ

မိုးမခ ၊ ဒီဇင်ဘာ ၁၀ ၊ ၂၀၂၅


မောင်လူမွှေးတစ်ယောက် ဇာတိရွာကလေးကို တစ်ညအိပ် ရောက်ဖြစ်တယ်။ မနက်စောစောထ လမ်းလျှောက်ပါတယ်။ ရွာရဲ့အရှေ့ တောလမ်းကလေးအတိုင်း ဆောင်းမှိုင်းဝေဝေကြားမှာ ငယ်ဘဝကို ပြန်တွေးရင်း တစ်ယောက်တည်း လမ်းလျှောက်ရတာ အရသာရှိပါတယ်။ ပဲခင်းတွေက စိမ်းလို့။ နေကြာခင်းတွေက ဝါလို့။ နှင်းစက်တွေ တွဲလောင်းခိုနေတဲ့ မြက်ပင်တွေကိုလည်း တွေ့ရ။  ဆရဇော်ဂျီရဲ့ မြက်ရိတ်သမား ကဗျာ စိတ်ထဲ ပေါ်လာတာနဲ့ တိုးတိုးလေး ရွတ်ဆိုမိတယ်။


နေစာလှုံ၍

လူ့ဘုံလောက၊ နိုးခါစတည့်

ချိုးက သံရှည်၊ တောဘွဲ့သီ၍

ဤမှာ မြင်ပြင်၊ မြစိမ်းဆင်လျက်

ကောင်းကင်မိုးဝယ်၊ နီလာခြယ်နှင့်

အိုဘယ်လူသား၊ နှစ်ရောင်ကြားဝယ်

ခံ့ညားပေစွ၊ ခံ့ပေစွ။


လူသားဝါဒ။ လောကမှာ လူဟာ အခံ့ဆုံး၊ အလှဆုံးအဖြစ် ဆရာကြီးဇော်ဂျီက ရေးဖွဲ့ခဲ့တာ ဖြစ်တယ်။ ခုနေအချိန်ခါမှာတော့ မောင်လူမွှေးတို့ နိုင်ငံက လူတွေရဲ့ ဘဝဟာ မလှပနိုင်ကြဘူး။ မခံ့ညားနိုင်ကြဘူး။ 

ရွာနဲ့ ခပ်လှမ်းလှမ်းကိုရောက်တော့ ရွာကလေးကနေ အဆိုတော်ကြီး ဟင်္သာထွန်းရင်ရဲ့ ကရုဏာသံနဲ့ အမေအကြောင်း သီးချင်းတစ်ပုဒ် ပြန့်လွင့်လာတယ်။ မောင်လူမွှေးရဲ့ ဇာတိ ရွာကလေးမှာ လာပြီး စစ်ရှောင်နေကြတဲ့ မိသားစုထဲက အမေတစ်ယောက် လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ပြီ။ မောင်လူမွှေးလည်း အဲဒီစစ်ရှောင်အသုဘကို လမ်းလျှောက်ပြန်တာနဲ့ သွားမှာဖြစ်တယ်။

သေဆုံးတဲ့ စစ်ရှောင်အမျိုးသမီးကြီးဟာ သူတို့ကျေးရွာကို ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက် သူ့အမျိုးတွေရှိတဲ့ မောင်လူမွှေး ဇာတိ  ရွာကလေးကို မိသားစုလိုက်လာပြီး စစ်လာရှောင်နေတာဖြစ်တယ်။ ရွာလေးမှာ သူတို့ရွာကနေ ထွက်ပြေးလာကြရတဲ့ မိသားစု ခုနစ်စု၊ ရှစ်စုလောက် ရှိမယ်။ သူတို့ရွာက လူတော်တော်များများကတော့ စစ်ရှောင်စခန်း ဆောက်ပြီး နေကြတယ်။ သူတို့ရွာကနေ ထွက်ပြေးလာပြီးနောက် သူတို့ရွာက လူတွေဟာ တောင်းထဲ ထည့်ထားတဲ့ ပဲစေ့တွေ မြေပြင်ကို မှောက်သွန်လိုက်သလိုပဲ။ နေရာစုံကို မိသားစုလိုက်  လိမ့်ထွက်၊ လွင့်စဥ်ခဲ့ကြတာ ဖြစ်တယ်။ စစ်ရှောင်စခန်းတွေဆီ။ ကျေးရွာတွေဆီ။ တောတောင်ထဲက တဲတွေဆီ။ ဪ... သူတို့ရွာက ရွာသား ဆယ်ယောက်ကျော်ကို ပျူစောထီးတွေ သတ်ဖြတ်တာလည်း နှစ်နှစ်ပြည့်ခဲ့ပြီ။ သူတို့ရွာကနေ ထွက်လာရတာလည်း နှစ်နှစ်ရှိပြီ။

အသုဘကိုဝင်ပြီး မောင်လူမွှေး ပိုက်ဆံဝင်ကူရင်း ခဏမတ်တတ်ရပ် ဟိုကြည့် သည်ကြည့် လုပ်နေမိတယ်။ နေရာအနှံ့မှာ ရောက်နေတဲ့ သူတို့ရွာက စစ်ရှောင်တွေ တဖွဲဖွဲ။ ဘယ်လိုပင် အခက်အခဲတွေ ရင်ဆိုင်နေကြရပေမယ့် သူတို့ရွာက မိသားစုဝင်တစ်ဦးကို နောက်ဆုံးအချိန် အဝေးကနေ လာနှုတ်ဆက်ကြတယ်။ ကျန်ရစ်သူမိသားစုကို တတ်နိုင်သမျှ ကူကြတယ်။ မလာနိုင်တဲ့သူတွေကလည်း ကူငွေတွေ ပါးလိုက်ကြတာ တွေ့ရတယ်။ ငွေစာရင်း ရေးပေးနေတဲ့ CDM ဆရာမလေးဟာလည်း သူတို့ရွာကပါပဲ။

"ကျနော်တို့ စိတ်ဒဏ်ရာတွေရော ပါတာပေါ့ဗျာ။ ရွာကနေ ထွက်လာတဲ့နောက် တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း ကျနော်တို့ရွာသူ၊ ရွာသား သုံးဆယ်ကျော် သေသွားပြီ" လို့ စစ်ရှောင်စခန်းကနေ အသုဘကို လာတဲ့ စစ်ရှောင်စခန်း တာဝန်ခံက မောင်လူမွှေးကို ပြောပါတယ်။ သူကိုယ်တိုင်ရော၊ ဘေးနားမှာ သူနဲ့အတူ အသုဘလာကြတဲ့ စစ်ရှောင်စခန်းက လူတွေရော မျက်နှာတွေ မကောင်းကြပါဘူး။ အသုဘ လိုက်ပို့ပြီးနောက် သူတို့နဲ့ မောင်လူမွှေးဟာ အသုဘအိမ်အနီးက စစ်ရှောင်အိမ်ကလေးတစ်အိမ်မှာ ရေနွေးအတူသောက်ရင်း စကားပြောနေကြတာပါ။

 မောင်လူမွှေးလည်း သူတို့ဘဝတွေကို စာနာကြောင်း၊ သူတို့စစ်ရှောင်စခန်းကို လာမယ့်နှစ်ပညာရေးမှာ ဆက်လက်အကူအညီပေးမှာဖြစ်ကြောင်း၊ တတ်နိုင်သလောက် ကြိုးစားမှာဖြစ်ကြောင်း ပြောဆိုပြီး စိတ်မကောင်းစွာဘဲ ထပြန်ခဲ့ရပါတယ်။ ဒီနှစ် နှစ်ကုန်ပိုင်းမှာမှ မောင်လူမွှေးတစ်ယောက် သူတို့ စစ်ရှောင်ကျောင်းကို ရောက်ပြီး တတ်နိုင်သမျှ ကူညီပေးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ စစ်ရှောင်စခန်းဝန်းကျင် ကောင်းကင်ပေါ်မှာ စစ်တပ်ရဲ့ လူသတ်လေယာဥ်တွေ ဝဲနေလို့ ကျောင်းကို ပိတ်ထားရကြောင်း တာဝန်ခံက မောင်လူမွှေးကို ပြောပါတယ်။

 မောင်လူမွှေးအပြန် ရွာကလေးအထွက်မှာ လူသေကို မီးရှို့တဲ့ ညှော်နှံ့ဟာ ထောင်းထောင်းထနေပါတယ်။ အိမ်ခြေတစ်ရာ့ခုနစ်ဆယ်ဝန်းကျင်ရှိတဲ့ ရွာကလေးကနေ စစ်ရှောင်လာကြတဲ့ သူတွေထဲက လူ သုံးဆယ်ကျော် သေပြီးပြီတဲ့။ ခု မီးလောင်နေတဲ့ အလောင်းဟာ သုံးဆယ့်နှစ်ယောက်မြောက်ထင်ရဲ့။ နှစ်နှစ်အတွင်း မိသားစုငါးစုမှာ လူတစ်ယောက်နှုန်း သေတာပါလား။ ဆရာအောင်ချိမ့်ရဲ့ မောင်ချောနွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာထဲက "ငိုမယ်ဆို ငိုစရာတွေ မဆံ့မပြဲနဲ့ ငါတို့ရဲ့ ပက်ပက်စက်စက်ဘဝတွေမှာ" ဆိုတဲ့ ကဗျာစာသားကို သတိရမိတယ်။

လူဆိုတာ ခံစားတတ်တယ်။ ဒါပေမဲ့ ခံစားနေရုံနဲ့လည်း မပြီးသေးဘူးဆိုတော့ မောင်လူမွှေးတစ်ယောက် အဲဒီနေ့အဖို့ ချိန်းထားတဲ့ စစ်ရှောင်စခန်းတစ်ခုက ကျောင်းကလေးကို သွားရတယ်။ ဆရာ၊ဆရာမလေးတွေကို အားပေးရမယ်။ ကျောင်းကော်မတီအစည်းအဝေးလုပ်ဖို့ ချိန်းဆိုရမယ်။ လုပ်စရာရှိတာ ဆက်လုပ်ကြရဦးမယ်။ ပက်ပက်စက်စက်  ဘဝတွေကနေ လွတ်မြောက်ဖို့ လုပ်စရာရှိတာ ဆက်လုပ်ကြရဦးမယ်။ အမှောင်ထဲက ရုန်းထွက်နိုင်အောင် တစိုက်မတ်မတ် ကြိုးစားကြရဦးမယ်။

"ရှည်လျားလှတဲ့

လမိုက်ညကို အရုဏ်နီဟာ

ဘယ်အခါကများ နောက်ဆုတ်ပေးဖူးလို့လဲ။" 

ဆရာအောင်ချိမ့်ရဲ့ 'နာရီ' ဆို တဲ့ ကဗျာထဲက ကဗျာစာသားတွေ စိတ်ထဲမှာ ပေါ်လာတယ်။ နောက်စိတ်ထဲမှာ ဆက်တိုက်ပေါ်လာတာက ဆရာဇော်ဂျီရဲ့ "မျှော်လင့်ချက်" ဆိုတဲ့ ကဗျာ။


နောက်တလွှားသို့

ဝင်သွားလေပြီ၊ နေနီနီအား

ဇော်ဂျီမျှောတ၊ ဝမ်းနည်းရလည်း

အလှသစ်ဖန်၊ မနက်ဖြန်ဝယ်

ရောင်လျှံရွှေခဲ၊ ညီလာပွဲနှင့်

သူပဲ ပေါ်လာဦးမည်တကား။


မြစ်ရေဟာ တသွင်သွင် စီးလို့။ မြစ်နံဘေး မြေသားလမ်းပေါ်မှာ မောင်လူမွှေးရဲ့ ဆိုင်ကယ်ဟာ  တိုင်းပြည်အနာဂတ်ရဲ့ တေးသံတွေရှိရာ၊ တိုင်းပြည်ရဲ့ မျှော်လင့်ချက်တွေရှိရာ စစ်ရှောင်ကျောင်းကလေးဆီကို ဖုန်တထောင်းထောင်းနဲ့ ပြေးနေပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar