Breaking News

အသံတိတ်သပိတ် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနဲ့ မီဒီယာတွေရဲ့ ဆန္ဒစွဲဖော်ပြမှု

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၁ ၊ ၂၀၂၅


အသံတိတ်သပိတ် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနဲ့ မီဒီယာတွေရဲ့ ဆန္ဒစွဲဖော်ပြမှု

နိုင်ငံတကာ လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ထားကြတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲကြဖို့ မန္တလေးသပိတ်ခေါင်းဆောင်၊ ရန်ကုန်သပိတ်ခေါင်းဆောင်နဲ့ စစ်ကိုင်းတိုင်းက သပိတ်ခေါင်းဆောင်တို့က မကြာသေးခင် ရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်မှာ လျှပ်တပြက်ဆန္ဒပြရင်း လှုံ့ဆော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချဖို့ စစ်ရေးနည်းလမ်းနဲ့ ကြိုးစားနေကြတဲ့ အခြေအနေမျိုးမှာ မြို့တွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကို အသံတိတ် ဆန္ဒပြမှုမှာ ပါဝင်ကြဖို့ နှိုးဆော်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးခါစ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေတုန်းကလည်း အလားတူ အသံတိတ်သပိတ်ဆန္ဒပြမှုတွေ၊ သင်္ကြန်မှာ ပျော်ရွှင်မှုတွေ မလုပ်ကြဖို့ လှုံ့ဆော်ခဲ့ကြတာလည်း ရှိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ နည်းလမ်းကို စစ်ရေးနည်းလမ်းနဲ့အပြင် စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေနယ်တွေမှာ နေထိုင်သူတွေပါ အသံတိတ်သပိတ်မှာ ပါဝင်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်ကို ထောက်ခံခြင်း မပြုတာကို ထင်ရှားစေချင်တဲ့ ရည်ရွယ်ချက်၊ လူထုရဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံနေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကို ထင်ရှားစေဖို့ အခုလို အသံတိတ်သပိတ်ကို လှုံ့ဆော်ခဲ့ကြတာလို့ နားလည်ရပါတယ်။ 

နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူ၊ ထောက်ခံသူ အချို့ကတော့ လက်နက်ကိုင်လမ်းစဥ်၊ နည်းလမ်းနဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ သပိတ်မှောက်တဲ့ နည်းလမ်းက လိုအပ်သေးသလားဆိုတဲ့ အယူအဆ၊ အတွေးလည်း ရှိကြတာ ကြားသိကြရမှာ ဖြစ်ပါတယ်။ စစ်ရေးအောင်မြင်မှု ရဖို့သာ အဓိကအာရုံစိုက် လုပ်ဆောင်စေလိုပြီး အာဏာသိမ်းစစ်တပ်၊ နိုင်ငံရဲ့ ၅ ပုံ ၁ ပုံနီးပါးရှိတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အခြေအနေအောက်မှာ ဆန္ဒပြတဲ့နည်းလမ်းတွေ လုပ်ဖို့ လိုအပ်သေးသလားဆိုတဲ့ ယုတ္တိစဥ်းစားမှုနဲ့ ပြောဆိုကြတာလည်း ဖြစ်ပါတယ်။ 

အသံတိတ် သပိတ်၊ သို့မဟုတ် အခြားသောနည်းလမ်းတွေနဲ့ ဆန္ဒပြဖို့ လှုံ့ဆော်ကြသူတွေကတော့ လက်နက်ကိုင်နည်းလမ်းနဲ့ လုပ်ဆောင်နေသည့်တိုင် ပန်းတိုင်ရောက်ဖို့ရာ လူထုလှုပ်ရှားမှု နည်းလမ်းကိုလည်း ပေါင်းစပ်ဖို့ လိုအပ်တယ်လို့ ခံယူထားကြတဲ့ သဘောလို့ နားလည်ရပါတယ်။ 

အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုက စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ အာဏာကို မလိုလားကြောင်း၊ မထောက်ခံကြောင်း ပြသဖို့ အခုလို အသံတိတ် သပိတ်ကို လှုံ့ဆော်ကြတာလည်း ဖြစ်ပါတယ်။ 

စစ်တပ်ကို ဆန့်ကျင်တယ်ဆိုတာ ပြသဖို့ အခုလို အသံတိတ်သပိတ် လှုံ့ဆော်မှုဟာ အခု ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ခုတကြိမ်ဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ နံနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီအကြား အပြင်မထွက်ကြဖို့ နှိုးဆော်ထားတာ ဖြစ်လို့ ရုံးသွား၊ ကျောင်းသွား၊ အလုပ်သွားချိန်ပြီးနောက် နေ့ခင်းအချိန်ကို မထွက်ဖို့ ရည်ရွယ်လှုံ့ဆော်ထားကြတာ ဖြစ်ပါတယ်။ 

ခု ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အသံတိတ်သပိတ်ကို ဘယ်လို လူထုက တုံ့ပြန်သလဲလို့ လေ့လာကြည့်တဲ့အခါ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေတုန်းက အသံတိတ်သပိတ်လို မြို့တွေမှာ အပြင်ထွက်သူ မရှိသလောက် အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ လူမှုကွန်ရက်တွေမှာ ရေးသားမှုတွေ အရ ကောက်ချက်ချနိုင်ပါတယ်။ ပြည်ပမှာ အခြေစိုက်ကြတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြကြတာတွေကတော့ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ တီးတိန်၊ လားရှိုး စတဲ့မြို့တွေမှာ လူသူကင်းမဲ့နေတဲ့ လမ်းတွေရဲ့ သတင်းဓာတ်ပုံတွေ နဲ့ အသံတိတ်သပိတ်ဆင်နွှဲနေကြတဲ့ အကြောင်း ဖော်ပြကြပါတယ်။ 

ရန်ကုန် မြို့ခံအချို့ကတော့ နံနက်ပိုင်း ၁၀ နာရီမထိုးခင် အသွားအလာများခဲ့ပြီး ပုံမှန်နေ့တွေနဲ့ မတူအောင် လမ်းတွေမှာ ယာဥ်ကြောကြပ်နေခဲ့တယ်လို့ ဆိုပါတယ်။ ၁၀ နာရီနောက်ပိုင်း အသွားအလာမရှိလောက်အောင် မဟုတ်ပေမယ့် ပုံမှန်နေ့တွေထက်တော့ နည်းပါးသွားတာ တွေ့ရတယ်လို့ ပြောဆိုကြပါတယ်။ မန္တလေးမြို့မှာတော့ ပုံမှန်အသွားအလာထက် ၃ ချိုး ၁ ချိုးလောက် လျော့နည်းတာကိုတွေ့ရတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုထားပြီး အချို့ကတော့ သိသိသာသာ သွားလာသူမရှိတဲ့ အနေအထားမဟုတ်ဘူးလို့လည်း ရေးသားကြတာ တွေ့ရပါတယ်။ 

ပြည်တွင်းမှာ နေထိုင်တဲ့ သတင်းသမားအချို့ကတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေရဲ့ အသံတိတ်သပိတ် အောင်မြင်တယ်ဆိုတဲ့ ကောက်ချက်ကို ဘဝင်မကျတဲ့ ပို့စ်တွေ ရေးသားကြတာလည်း တွေ့မြင်ကြရတာပါ။ ပြည်ပအခြေစိုက် သတင်းဌာနတွေ အနေနဲ့ အချက်အလက်မှန်နဲ့ သတင်းကို ဖော်ပြတာမျိုး မဟုတ်ဘဲ ကြိုတင်ကောက်ချက်ချထားတဲ့ ယူဆချက်နဲ့ သတင်းတွေကို ဖော်ပြကြတာကို ဘဝင်မကျတဲ့ သဘောမျိုး ဝေဖန်ရေးသားကြတာပါ။ 

အများစုသော လူထုအနေနဲ့ အာဏာသိမ်းစစ်တပ်ကို မထောက်ခံကြတာ အငြင်းပွားစရာ မရှိသော်လည်း အသံတိတ်သပိတ် ဆင်နွှဲဖို့ နှိုးဆော်မှုမှာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက လူထုအားလုံးက တက်တက်ကြွကြွပါဝင်ဆင်နွှဲကြတယ်လို့တော့ ကောက်ချက်ချတာမျိုးက ဆန္ဒစွဲ ကောက်ချက်ဖြစ်စေနိုင်တာကြောင့် သတင်းဌာနတွေ အနေနဲ့ အချက်အလက်ကို ရိုးရိုးသားသား ဖော်ပြသင့်တယ်လို့ ဝေဖန်ကြတာလည်း ဖြစ်ပါတယ်။ မြို့တွေမှာ နေထိုင်နေကြတဲ့သူတွေအဖို့ အများစုဟာ နေ့စဥ်စားဝတ်နေရေး အလျင်မီအောင် ရုန်းကန်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ အပြင်မထွက်ရင် သို့မဟုတ် နှိုးဆော်ထားတဲ့ နံနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီအကြား မထွက်ဖို့ အထိ ဝမ်းစာရှာရတဲ့ အခြေအနေတွေက ချောင်ချောင်လည်လည် ရှိမနေကြပါဘူး။ 

အခု အသံတိတ်သပိတ်မှာ ယခင်နှစ်တွေကလို မဆင်နွှဲနိုင်ကြဘူးဆိုရင် ပြည်သူလူထုအနေနဲ့ မပါဝင်လိုကြတာဆိုတာထက် ဝမ်းရေး၊ နေ့စဥ်ရှင်သန်ရေးအတွက် ပိုမိုခက်ခဲလာနေကြတာက အဓိက ဖြစ်ပါလိမ့်မယ်။ အခု လှုံ့ဆော်ကြတဲ့ မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၅ ပုံ ၁ပုံကနေ ၇ ပုံ ၁ ပုံလောက်ဟာ စစ်ပွဲဖြစ်တဲ့ ဒေသတွေကနေ တိမ်းရှောင်လာကြသူတွေ ဖြစ်တာလည်း သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်းတိုင်းတို့က စစ်ဘေးရှောင်သူတွေက မန္တလေးမြို့မှာ အများဆုံး နေထိုင်ကြသလို ရခိုင်၊ မကွေး၊ ကရင်၊ ပဲခူး၊ ရှမ်းပြည်နယ်၊ ချင်းနဲ့ စစ်ကိုင်း၊ မန္တလေးတို့က စစ်ဘေးရှောင်သူ အများအပြားဟာလည်း ရန်ကုန်မြို့မှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေရဲ့ ဒဏ်၊ နေအိမ်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ စွန့်လွှတ်ထားခဲ့ကြရတဲ့ စစ်ဘေးရှောင်သူတွေ အနေနဲ့ အနည်းစုကသာ ပိုင်ဆိုင်မှုတွေကို သုံးပြီး အလုပ်မလုပ်ကိုင်ဘဲ စားသောက်နေထိုင်နိုင်ကြပေမယ့် အများစုကတော့ ဒီမြို့ကြီးတွေမှာ အသက်ရှင်သန်နေထိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar