ဇင်လင်း - ထိုင်ဝမ်အရေးကြောင့် စစ်ရိပ်စစ်ငွေ့သန်းလာတဲ့ အင်ဒို-ပစိဖိတ်ဒေသ
ဇင်လင်း - ထိုင်ဝမ်အရေးကြောင့် စစ်ရိပ်စစ်ငွေ့သန်းလာတဲ့ အင်ဒို-ပစိဖိတ်ဒေသ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၅တရုတ်-ဂျပန် သံခင်းတမန်ခင်း တင်းမာနေ
အင်ဒို-ပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့ပြိုင်ဆိုင်မှုတွေ တနေ့တခြား များပြားလာနေချိန်မှာ တရုတ်နဲ့ ဂျပန် နိုင်ငံတို့အကြား “ထိုင်ဝမ်ပြဿနာ” ကြောင့် ပိုပြီး တင်းမာလာနေတာ တွေ့ရတယ်။ ‘ဆန်ကာကူကျွန်းစု’ ပြဿနာနဲ့ တရုတ်-ဂျပန်ဆက်ဆံရေး ပြန်လည်တင်းမာလာချိန်မှာ ‘ထိုင်ဝမ်’ ပြဿနာ ထပ်ဆင့် ပေါ်လာတာဖြစ်တယ်။ ဒီမိုကရေစီနည်းနာ ရွေးကောက်ပွဲစနစ် ကျင့်သုံးတဲ့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ခဲ့မယ်ဆိုရင် တိုကျိုအနေနဲ့ စစ်ရေးအရ တုံ့ပြန်မှု လုပ်လာ နိုင်တယ်လို့ ပြီးခဲ့တဲ့လက ဂျပန်ဝန်ကြီးချုပ် ‘တာကာအိချီ’ က ပြောကြားခဲ့တယ်။ အဲဒီနောက် တရုတ်နဲ့ ဂျပန်အကြား သံခင်းတမန်ခင်း တင်းမာမှု ဖြစ်ပေါ်ခဲ့တယ်။ အဲဒီနောက်မှာ အင်ဒို-ပစိဖိတ် ဒေသအတွင်း တရုတ်ရေတပ် သင်္ဘောတွေ လှုပ်ရှားမှု တိုးတက်များပြားလာခဲ့တယ်။
တချိန်တည်းမှာ ဗီယက်နမ်ကလည်း တရုတ်နဲ့ မသင့်မမြတ်ဖြစ်နေတဲ့အလျောက် ဂျပန်နဲ့ မိတ်ဖက်ဆက်ဆံရေး ထူထောင်လာတာတွ့ရတယ်။ ‘တောင်တရုတ်ပင်လယ်’ နဲ့ ‘အရှေ့တရုတ်ပင်လယ်’ တို့မှာ တရုတ်ဩဇာလွှမ်းမိုးမှု ပိုမို မြင့်တက် လာတဲ့အတွက် ဂျပန်နဲ့ ဗီယက်နမ်တို့အနေနဲ့လည်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ပုံဖော်လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၄ ရက် ကြာသပတေးနေ့က အဆင့်မြင့် ဆွေးနွေးပွဲအတွင်း သဘောတူခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့တယ်။
ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး ဥပဒေ ‘သမ္မတ ထရမ့်’ လက်မှတ်ရေးထိုး
တချိန်တည်းမှာ ထိုင်ဝမ်ပြဿနာကို မီးလောင်ရာလေပင့်တဲ့ ကိစ္စတခု ပေါ်လာပြန်တယ်။ ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ပုံမှန်သုံးသပ်ပြီး ဖြည့်စွက်ပေးမယ့် ဥပဒေတရပ်ကို ‘သမ္မတ ထရမ့်’ က လက်မှတ်ရေးထိုးလိုက်ကြောင်း ရိုက်တာသတင်းကဖော်ပြတယ်။ အဲဒီ ဥပဒေအတွက် ထိုင်ဝမ်က ဒီဇင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့) မှာ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။ အဲဒီ ဥပဒေကို ‘သမ္မတ ထရမ့်’ က လက်မှတ်ရေးထိုး ခဲ့မှုအတွက် တရုတ်နိုင်ငံကတော့ မကျေမနပ်ဖြစ်နေကြောင်း သတင်းအရ သိရတယ်။
အမေရိကန်အနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ် ထိုင်ဝမ်ရှင်သန်ရပ်တည်ရေးအတွက် အဓိကအရေးအပါဆုံး ကျောထောက်နောက်ခံပေးသူအဖြစ် နိုင်ငံတကာက သိရှိနေကြတယ်။ တရုတ်က ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ထိုငင်ဝမ်ကျွန်းကို သူ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သဘောထားနေတဲ့အတွက် တရုတ်-အမေရိကန် ဆက်ဆံရေးမှာ “ထိုင်ဝမ်အရေး” က အစဉ်အမြဲ အဖုအထစ် အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နေကြောင်း တွေ့ရတယ်။
ထိုင်ဝမ်အရေးနဲ့ ဂျပန်လုံခြုံရေး ဆက်နွယ်မှု
နိုဝင်ဘာလ ၇ ရက်က ဂျပန်ပါလီမန်မှာ အကယ်၍ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဘယ်လိုတုံ့ပြန်မလဲလို့ မေးခွန်းမေးသူတဦးက မေးခဲ့တဲ့အခါ ဝန်ကြီးချုပ် တာကာအီချီက “တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာခဲ့ပါက အဲဒီ တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်လို့ ဂျပန်အနေနဲ့ စစ်ရေးအရ ပါဝင်တိုက်ခိုက်ရပါလိမ့်မယ်” လို့ ဖြေကြားခဲ့ကြောင်း သိရတယ်။
ထိုင်ဝမ်နဲ့ ဂျပန်ဟာ ကီလိုမီတာ ၁၁၀ (၆၈ မိုင်ခွဲကျော်) သာ ဝေးကွာပါတယ်။ ဒါကြောင့် တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်ခဲ့မယ်ဆိုရင် ဒါဟာ ဂျပန်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ‘တာကာအီချီ’ က ယူဆတယ်။ နိုဝင်ဘာလအလယ်က ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ခဲ့မယ်ဆိုရင် ဂျပန်အနေနဲ့ သူ့တပ်ဖွဲ့တွေနဲ့ တုန့်ပြန်ကောင်း တုန့်ပြန် ရလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ‘ဆနာအဲ တာကာအိချိ’ (Takaichi Sanae) က အရိပ်အမြွက်ပြောသွားခဲ့ရာကနေ တရုတ်နဲ့ ဂျပန်အကြား အပြန်အလှန် စကားစစ်ထိုးမှုတွေ အခုသီတင်းပတ်အတွင်း အရှိန်မြင့်လာခဲ့တယ်။
ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ် ‘တာကာအိချိ’ ပြောခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံရဲ့ ပြောဆိုချက်ကို ငြင်းပယ်ထားတဲ့ စာကို ဂျပန်နိုင်ငံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ‘အန်တိုနီယို ဂူတာရက်စ်’ (Antonio Guterres) ဆီ ဒုတိယအကြိမ် ပေးပို့ခဲ့ကြောင်း သိရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က မစ္စတာ ‘ဂူတာရက်စ်’ ကို ဒုတိယအကြိမ် စာပေးပို့ခဲ့တဲ့အတွက် ဂျပန်ဘက်ကလည်း အလားတူ ထပ်မံ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဖူဆုန် က ကုလအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်ထံ စာရေးသားပေးပို့ရာမှာ “ဂျပန်ဟာ ထိုင်ဝမ်အရေးကို လက်နက်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်” လို့ တိုင်တန်းခဲ့တယ်။ ဂျပန်အနေနဲ့ စစ်ရေးအရ စွက်ဖက်လာရင် အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်လို့ လည်း တရုတ်သံအမတ်ရဲ့ စာထဲမှာ ဖော်ပြထားတယ်။
“ထိုင်ဝမ်ရေလက်ကြား အခြေအနေကို ဂျပန်က စစ်ရေးအရ စွက်ဖက်ပါဝင်လာရင် ဒါကို ကျူးကျော်စစ်လို့ သတ်မှတ်ရပါလိမ့်မယ်” လို့ တရုတ်သံအမတ်ကြီး မစ္စတာ ဖူဆုန်က ကုလသမဂ္ဂကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားတယ်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ရဲ့ တောင်းဆိုချက်
ထိုင်ဝမ်အရေးမှာ တရုတ်နိုင်ငံက အင်အားအသုံးပြုလိုတဲ့သဘော ထွက်ပေါ်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ ရှင်သန်မှု ကို ခြိမ်းခြောက်တဲ့ သဘောအဖြစ် ယူဆနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ‘တာကာအိချိ’ က နိုဝင်ဘာလတုန်းက လွှတ်တော်မှာ ပြောကြားခဲ့တယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ‘အန်တိုနီယို ဂူတာရက်စ်’ ထံ စာရေး သားပေးပို့တိုင်ကြားခဲ့ကြောင်း သိရတယ်။
အဲဒီစာထဲမှာ ဂျပန်ဝန်ကြီးချုပ် ‘တာကာအိချိ’ အနေနဲ့ မှတ်ချက်စကားကို ပြန်ရုပ် သိမ်းဖို့ တောင်းဆိုထားတယ်။ တရုတ်သံအမတ် ပထမအကြိမ် ပေးပို့ခဲ့တဲ့ အဲဒီစာထဲက ပြောဆိုချက်တွေကို ဂျပန်နိုင်ငံက ငြင်းဆိုထားတဲ့ စာကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ‘မစ္စတာ ဂူတာရက်စ်’ ဆီ ပေးပို့ခဲ့ကြောင်း သိရတယ်။ တရုတ်ဘက်က ဒုတိယအကြိမ် စာပေးပို့ခဲ့တဲ့ စာထဲမှာ ဂျပန်ဟာ အပြစ်ကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပြီး ဂျပန်ဝန်ကြီးချုပ် ‘တာကာအိချိ’ အနေနဲ့ သူ့မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းဖို့ ထပ်မံတောင်းဆိုထားကြောင်း သိရတယ်။
ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ် ‘ယာမာဇာကီ ကာဇူယူကီ’ (Yamazaki Kazuyuki) က တရုတ်ရဲ့ တောင်းဆိုချက်ကို ငြင်းဆိုထားတဲ့ ဒုတိယစာကို ကြာသပတေးနေ့မှာ တင်ပြခဲ့တယ်။ အဲဒီစာထဲမှာ "နိုဝင်ဘာလ ၂၁ ရက်လို့ ရက်စွဲတပ်ထားတဲ့ တရုတ်ရဲ့ စာကလည်း ပထမစာလိုပဲ အချက်အလက်တွေဟာ ဖြစ်ရပ်မှန်နဲ့ ကွဲလွဲပြီး အထောက်အထား မခိုင်လုံတဲ့အပြင် လုံးဝ လက်ခံနိုင်ဖွယ် မရှိဘူး" လို့ ဖော်ပြထားတယ်။
ဂျပန်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက် အကျိုးပြုမှာ ဖြစ်တယ်လို့လည်း အဲဒီစာမှာ ဖော်ပြထားတယ်။ ဂျပန်အနေနဲ့ "ဆွေးနွေးမှုတွေကတစ်ဆင့် တည်ငြိမ်စွာ ဆက်လက်တုံ့ပြန် သွားမှာ ဖြစ်တယ်" လို့လည်း အဲဒီစာထဲမှာ ဖော်ပြထားတယ်။
အဲဒီ ပြဿနာအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အချင်းချင်းအကြား အပြန်အလှန် ကန့်ကွက်စာတွေ ပို့ခဲ့ကြတယ်လို့လည်း သိရ တယ်။ တရုတ်သံတမန် တစ်ဦးကလည်း ကန့်ကွက်ပြောဆိုခဲ့ရာမှာ ဂျပန်ဝန်ကြီးချုပ် ‘ဆနာအဲ’ ကို ခေါင်းဖြတ်ပစ်မယ် ဆိုတဲ့ သဘောမျိုးပါတဲ့ ခြိမ်းခြောက်ပြောဆိုမှု ပါဝင်ကြောင်း သိရတယ်။ ဒီအငြင်းပွားမှုဟာ တရုတ်နဲ့ ဂျပန်အကြား သမိုင်းနဲ့ချီ ကြာမြင့်ခဲ့တဲ့ ရန်လိုမှုနဲ့ရော၊ ကိုယ့်ဆန္ဒနဲ့ကိုယ် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ပါ ဆက်စပ်နေ တာဖြစ်တယ်လို့ ဆိုကြတယ်။
“ဆန်ဖရန်စစ္စကိုစာချုပ်” “ကိုင်ရိုကြေညာစာတမ်း”နဲ့ “ပို့စ်ဒမ်ကြေညာစာတမ်း”
ဒီအတောအတွင်း အင်ဒို-ပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့ပြိုင်ဆိုင်မှုတွေ တနေ့တခြား များပြားလာနေ တယ်။ ဘေဂျင်းနဲ့ တိုကျို အစိုးရတို့အကြား ဂျပန်နိုင်ငံက Senkaku လို့ ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား နေတဲ့ နယ်မြေပိုင်ဆိုင်ရေး ကိစ္စဟာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်တယ်။ ယနေ့ထက်ထိလည်း ဆက်လက် အငြင်းပွားနေဆဲဖြစ်တယ်။
ဂျပန်အစိုးရက ‘ဆန်ကာကူကျွန်းစု’ ကို ၁၈၉၅ ဇန်နဝါရီလ ကတည်းက ဂျပန်ပိုင်နယ်မြေအဖြစ် နိုင်ငံတကာ တရား ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ထားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားတယ်။ ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှု အောက်မှာရှိတယ်ဆိုတဲ့ အချက်ကို တရုတ်နိုင်ငံ က ကန့်ကွက်ပြောဆိုမှု မလုပ်ခဲ့တာ ဆယ်စုနှစ် ၇-ခု ကျော် ရှိပြီလို့ ဆိုတယ်။
၁၉၇၀ ခုနှစ်တွေအတွင်း ကျွန်းစု ပတ်ဝန်းကျင်နဲ့ အရှေ့တရုတ် ပင်လယ်ပြင်အောက်မှာ ရေနံသိုက်တွေရှိတယ်လို့ သိရှိခဲ့ပြီးတဲ့နောက် အခြေအနေ အပြောင်းအလဲ ဖြစ်ပေါ်လာခဲ့တယ်။ “ဆန်ဖရန်စစ္စကိုစာချုပ်” မှာ ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုအောက်မှာရှိကြောင်း သဘောတူခဲ့ပြီးဖြစ်တယ်လို့ ဆိုထားတယ်။ တရုတ်ကွန်မြူနစ် ပါတီရဲ့ စာစောင်တွေနဲ့ တရုတ်အစိုးရရဲ့ မြေပုံတွေပေါ်မှာ ‘ဆန်ကာကူကျွန်းစု’ ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိကြောင်း အသိအမှတ်ပြု ဖော်ပြထားခဲ့ပြီး ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ဆိုထားတယ်။ ဒါပေမယ့်လည်း အခု အခါ တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ ကျွန်းစုတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုချဲ့လုပ်လာနေတယ်လို့ ဂျပန်က ဆိုတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‘ကိုကျာခွန်’ က ဂျပန်နိုင်ငံဝန်ကြီးချုပ် အနေနဲ့ “တရုတ်-ဂျပန်ပူးတွဲကြေညာ စာတမ်း”၊ “တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့် ချစ်ကြည် ရေး စာချုပ်” ကဲ့သို့ နှစ်နိုင်ငံအကြား စာရွက်စာတမ်းတွေမှာ ရှင်းရှင်း လင်းလင်း ဖော်ပြထားတဲ့ “ကိုင်ရိုကြေညာစာတမ်း”နဲ့ “ပို့စ်ဒမ်ကြေညာစာတမ်း” တို့ကို ရှောင်ရှားပြီး တရားမဝင် အတည် မဖြစ်တဲ့ “ဆန်ဖရန်စစ္စကိုသဘောတူ စာချုပ်” ကို အလေးထားပြောကြားခဲ့တယ်လို့ ဝေဖန်ပြောကြားသွားခဲ့တယ်။
ဂျပန် နိုင်ငံအနေနဲ့ မှားယွင်းမှုတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ကာ မှားယွင်းတဲ့ ပြောဆို ချက်တွေကို ပြန်ရုပ်သိမ်း သင့်တယ်။ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ တရုတ်နိုင်ငံအပေါ် ကတိပြုချက်တွေကို အကောင်အထည်ဖော်ပြီး လက်တွေ့ လုပ်ဆောင်ချက်ဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန် ဝတ္တရားတွေကို ကျေကျေပွန်ပွန် ထမ်းဆောင်သင့်တယ်လို့ တရုတ်နိုင်ငံအနေနဲ့ ထပ်မံတိုက်တွန်း လိုကြောင်း ‘ကိုကျာခွန်’ က ပြောကြားခဲ့တယ်။
ဂျပန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ကျယ်ပြန့်တဲ့ အမြင်နဲ့ “နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး မဟာ ဗျူဟာ ဆက်ဆံရေး”ကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုတယ်။ ‘ဆန်ကာကူကျွန်းစု’ အပါအဝင် မြေပုံ ပေါ်မှာ တစ်တန်းတည်း ဖော်ပြထားတဲ့ ကျွန်းစုတွေကို စီမံအုပ်ချုပ်ပိုင်ခွင့်ဟာ ဂျပန်နိုင်ငံမှာ ရှိကြောင်း “အိုကီနာဝါကျွန်း ပြန်လည်လွှဲအပ်မှု သဘောတူစာချုပ်” (Okinawa Reversion Agreement) မှာလည်း ဖော်ပြထားတယ်လို့ ဆိုတယ်။ ဒါကြောင့် ‘ဆန်ကာကူကျွန်းစု’ဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာပိုင်နက်မှာ အပါအဝင်ဖြစ်မှုအတွက် အငြင်းပွား စရာမရှိပါ လို့ ဂျပန် နိုင်ငံခြားရေးဌာနက ဆိုတယ်။
ထိုင်ဝမ်အနီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု ဘာအတွက်ဖြစ်မလဲ
တရုတ်ဟာ လက်ရှိအချိန်အထိ အကြီးမားဆုံး ပင်လယ်ရေကြောင်း အင်အားပြသမှု လုပ်ဆေင်လာတာတွ့ရတယ်။ အရှေ့အာရှပင်လယ်အတွင်း ရေတပ်နဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ ရေယာဉ်သင်္ဘောအစီးရေ အများအပြား တပ်ဖြန့်စေလွှတ်နေ ကြောင်း ထောက်လှမ်းရေးအစီရင်ခံစာနဲ့ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တယ်။ တခါတရံ မှာ တရုတ်ရေတပ်က သင်္ဘောစင်းရေ ၁၀၀ ကျော် ထိ ဖြန့်ချထားတာမျိုး ရှိခဲ့တယ်လို့ ဆိုတယ်။
ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကန့်ကွက်ဖို့ ဂျပန်သံအမတ်ကို နိုဝင်ဘာ ၁၄ ရက်နေ့က ဆင့်ခေါ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ဘေဂျင်းဟာ အရှေ့အာရှဒေသပင်လယ်အတွင်း ပုံမှန်ထက် ပိုများပြားတဲ့ ရေတပ်သင်္ဘော တွေကို စတင် တပ်ဖြန့်ခဲ့တယ်လို့ အမည်မဖော်တဲ့ အရာရှိတဦးက ပြောခဲ့တယ်။ သင်္ဘောအရေအတွက်က တရုတ်ရဲ့ အမျိုးသား ကာကွယ်ရေး လိုအပ်ချက်ထက် သိသိသာသာ ပိုတာနေတာကြောင့် အဘက်ဘက်ကနေ ဘေးအန္တရာယ်တွေ ဖန်တီးဖြစ်ပေါ်စေနိုင်တယ်လို့လည်း ၎င်းက ဆိုတယ်။ သူ့အမြင်အရ တရုတ်အစိုးရဟာ ထူးထူးကဲကဲ စစ်အင်အား ဖြန့်ထား မှုနဲ့အတူ ဒေသအတွင်းရှိ နိုင်ငံတွေရဲ့ တုံံ့ပြန်မှုကို စမ်းသပ်လိုတဲ့ သဘောဖြစ်ပုံရတယ်လို့ ဆိုတယ်။
တရုတ်က “Strait Thunder-2025” လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတခုကို ဧပြီလက ထိုင်ဝမ်အနီးမှာ လုပ်ဆောင်ခဲ့တယ်။ တရုတ်ရဲ့ ယခင်နှစ် ဒီဇင်ဘာရေတပ်လှုပ်ရှားမှုအတွင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပေမယ့် တရားဝင် အတည်ပြုချက်ပေးတာမျိုး မရှိခဲ့ဘူးလို့ သိရတယ်။
တရုတ်အစိုးရဟာ အထူးသဖြင့် ထိုင်ဝမ်နဲ့ ပတ်သက်လို့ အထိမခံ ဖြစ်နေတာတွေ့ရတယ်။ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်နဲ့ ရပ်တည်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ လက်အောက်ခံ ဖြစ်တယ်လို့ တရုတ်အစိုးရက ထပ်တလဲလဲ ပြောနေတယ်။ ထိုင်ဝမ်ကို ရဖို့ အင်အားသုံး တိုက်ခိုက်တာမျိုး ထည့်မတွက်ပဲ နေမှာ မဟုတ်ဘူးလို့ တရုတ်က ပြောထား သေးတယ်။ ဒီရပ်တည်ချက်ကြောင့် ထိုင်ဝမ်အစိုးရနဲ့ ဒေသတွင်းက သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို စိတ်ရှုပ်ထွေး ပူပန်မှုတွေ ဖြစ်လာစေခဲ့တယ်။
တရုတ်တစ်ပြည်တည်း မူဝါဒ ပြဿနာ
နိုဝင်ဘာလအစောပိုင်းတုန်းက တောင်ကိုရီးယားမှာ ကျင်းပတဲ့ အေပက်ခ် ထိပ်သီးညီလာခံရဲ့ သီးခြား ဆွေးနွေးပွဲ မှာ ထိုင်ဝမ်ထိပ်တန်း အရာရှိတစ်ဦးနဲ့ တွေ့ဆုံနေပုံတွေကို ဂျပန်ဝန်ကြီးချုပ် ‘ဆာနာအဲ တာကာအိချီ’ က ပို့စ်တင်ခဲ့အပြီးမှာ တရုတ်အစိုးရက ‘တာကာအိချီ’ ဟာ တရုတ်အစိုးရရဲ့ တရုတ်တစ်ပြည် ပေါ်လစီကို ချိုးဖောက်ဖို့ လုပ်နေတယ်လို့ စွပ်စွဲ ပြောကြားခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ပြီခေတ် သမိုင်းအရ ဂျပန်ဟာ အမေရိကန်နဲ့အတူ ထိုင်ဝမ်အတွက် အရေးပါတဲ့ ဒေသ ဆိုင်ရာ မဟာမိတ်နိုင်ငံတွေအနက် တခုဖြစ်တဲ့အတွက် ထိုင်ဝမ်အနေနဲ့ ဂျပန်နိုင်ငံရဲ့ ထောက်ခံမှုဟာ အလွန်အရေးပါတဲ့ ကိစ္စ ဖြစ်နေတယ်။ ဂျပန်နဲ့ အမေရိကန်ရဲ့ ဝန်းရံပေးမှု မရခဲ့ရင် ထိုင်ဝမ်ကို ကွန်မြူနစ်တရုတ်ပြည်က အလွယ်တကူ သိမ်းယူတာ ခံရမှာ ဖြစ်တယ်။
တခြားတဖက်က သမိုင်းကို ကြည့်ရင်လည်း ထိုင်ဝမ်ကျွန်းဟာ တရုတ် ချင်မင်းဆက် လက်ထက် ၁၈၉၅ ခုနှစ် ကတည်းက ဂျပန်လက်အောက်ကို ကျရောက်ခဲ့တယ်။ ပထမ တရုတ်-ဂျပန် စစ်ပွဲမှာ တရုတ်က စစ်ရှုံးပြီး ရှီမိုနိုဆဲကီ စာချုပ်အရ ဂျပန်ကို ပေးလိုက်ရတာဖြစ်တယ်။ ထိုင်ဝမ်ဟာ ဂျပန်လက်အောက်မှာ ၁၈၉၅ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နေခဲ့ရတယ်။ ဘလွန်းဘာ့ဂ် စီးပွားရေးဖိုရမ်မှာ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လောရင့်စ် ဝေါင်းက တရုတ်နဲ့ ဂျပန်မှာ ရှုပ်ထွေးတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့သလိုပဲ ဂျပန်နဲ့ အရှေ့တောင်အာရှမှာလည်း အတိတ်သမိုင်းကြောင်း တွေ ရှိခဲ့ကြောင်း၊ ဒါပေမယ့် နှစ်တွေကြာပြီး မျိုးဆက်တွေ တခုပြီးတခုပြောင်းသွားတဲ့အခါ ခံစားချက်တွေလည်း ပြောင်း သွားကြောင်း၊ အခု အရှေ့တောင်အာရှမှာ စစ်တမ်းတွေ တခုပြီးတခု ကောက်ကြည့်တဲ့အခါ ဂျပန်ဟာ အရှေ့တောင်အာရှရဲ့ အယုံကြည်ရဆုံး နံပါတ် ၁ မိတ်ဆွေဖြစ်နေတာ တွေ့ရကြောင်း ပြောသွားခဲ့တယ်။
တရုတ်၊ ရုရှား မြောက်ကိုးရီးယား တို့ရဲ့ ခြိမ်းခြောက်မှုနဲ့ အမေရိကန်သဘောထား?
လက်ရှိ ထိုင်ဝမ်ပြဿနာနဲ့ ဆန်ကာကူကျွန်းစု အငြင်းပွားမှုတို့ကတဆင့် တရုတ်နဲ့ မြောက်ကိုးရီးယား တို့က ဂျပန်ကို အလစ်အငိုက်တိုက်ခိုက်လာခဲ့ရင် အမေရိကန်က တကယ်ရော ဂျပန်ဘက်က ကူတိုက်မှာလား ဆိုတဲ့ မေးခွန်း လည်း ဂျပန်နိုင်ငံအတွင်းမှာ ပေါ်ထွက်လာတယ်။ တချိန်ထဲမှာ ဂျပန်နဲ့ ရုရှားအကြားမှာလည်း နယ်မြေအငြင်းပွားမှု ရှိနေ တယ်။ ဒါကြောင့် တရုတ်၊ ရုရှားနဲ့ မြောက်ကိုးရီးယား တို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တာနိုင်ဖို့ဆိုရင် မသေချာ မရေရာတဲ့ အမေရိကန်ရဲ့ ညူကလီးယား လက်နက် ထီးရိပ်ကိုချည်း ယုံကြည်မှီခိုနေလို့မရနိုင်တော့ဘူးလို့ ဂျပန်က မြင်လာနေတယ်။
အမေရိကန်ရဲ့ ကာကွယ်ရေးထီးရိပ်အောက်မှာပဲ မှီခိုနေခြင်းထက် ဂျပန်အနေနဲ့ ကိုယ်ပိုင် ကာကွယ်ရေးအင်အားနဲ့ ကိုယ်ပိုင်အဏုမြူလက်နက် ရှိနေမှသာ တရုတ်-မြောက်ကိုးရီးယား-ရုရှားတို့ရဲ့ ခြမ်းခြောက်မှုကို ဟန့်တားနိုင်မှာဖြစ်တယ်လို့ မြင်လာကြတယ်။ တနည်းအားဖြင့် အင်အားချိန်ခွင်လျှာညှိထားနိုင်တဲ့ နည်းဗျူဟာ ဖြစ်တယ်လို့ စဉ်းစာမှုတွေ ဖြစ်ပေါ်နေ တယ်။ တချိန်တည်းမှာ အရှေ့အာရှဒေသရဲ့ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုတွေက ဆက်လက်ဖြစ်ပွားနေ တဲ့အလျောက် ဂျပန်နိုင်ငံသား အများစုကြားမှာ အမေရိကန်-ဂျပန် မဟာမိတ်စာချုပ်ကို ယုံကြည် အားထားသင့်/မသင့် သံသယတွေရှိ လာတယ်။
စစ်တမ်းကောက်ယူမှုရလဒ် နဲ့ မြေပြင်ပေါ်က လက်တွေ့ လူထုသဘောထားတွေကလည်း အတော်ကွာဟလာနေ တယ်။ ‘ဟီရိုရှီးမား’ နဲ့ ‘နာဂါဆာကီ’ အတွေ့ အကြုံကြောင့် တချိန်က ဂျပန်လူထုက အဏုမြူလက်နက်ပိုင်ဆိုင်ရေးကို ဆန့်ကျင်ခဲ့ကြပေမယ့် လက်ရှိလူငယ်မျိုးဆက်တွေရဲ့ အမြင်ကတော့ ပြောင်းသွားပြီလို့ ဆိုတယ်။ ဒီကနေ့ မျိုးဆက်သစ် ဂျပန်တွေရဲ့ အမြင်တွေက “ညူကလီးယား ဂျပန်” ဖြစ်ရေးကို လိုလားထောက်ခံနေကြပြီလို့ဆိုတယ်။ အဏုမြူ လက်နက် အကြောင်း ဆွေးနွေးပြောဆိုတာကို ကန့်သတ်ဟန့်တားတာမျိုး မရှိတော့ဘူး။ “ဂျပန်နိုင်ငံဟာ ညူကလီးယား လက်နက် ပိုင်ဆိုင်ထားမှ လုံခြုံမှုရှိမယ်လို့ ယုံကြည်လက်ခံလာနေကြပြီ” လို့ ဆိုတယ်။
ဂျပန်ပြည်သူတွေရဲ့ ဖော်ပြပါ အယူအဆဟာ ဂျပန်နိုင်ငံလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက်လို့ ဆိုနိုင်ပေမယ့်၊ လက်ရှိ ထိုင်ဝမ်အရေး/ဆန်ကာကူကျွန်းစုအရေးတွေ ဖြစ်ပေါ်နေချိန်မှာ မမျှော်တဲ့ တရုတ်-ဂျပန်ထိပ်တိုက်တွေ့တာမျိုး ဖြစ်မလာနိုင် လို့လည်း မဆိုနိုင်ဘူး။ ကမ္ဘာ့သမိုင်းဟာ တဆစ်ချိုးပြောင်းလဲဖို့ တာစူနေပြီလို့ ဆိုနိုင်တယ်။
References -
China reacts sharply to new US law on contacts with Taiwan, NHK World 4 Dec 2025
Japan, Vietnam agree to advance security cooperation amid China's rise, 4 Dec 2025: Kyodo News, Bangkok Post
ထိုင်ဝမ်အရေး တရုတ်နဲ့ ဂျပန် သမိုင်းကြွေးဆိုင်ရာ တကျော့ပြန် တင်းမာမှု အလားအလာ (နွေနေ ရဲ့ ၂၇ နိုဝင်ဘာ ၂၀၂၅ ဧရာဝတီဆောင်းပါး)
တရုတ်နိုင်ငံသားတွေ ဂျပန်မသွားဖို့ တရုတ်အစိုးရ တိုက်တွန်း၊ ဘီဘီစီ ၁၅ နိုဝင်ဘာ ၂၀၂၅။
https://www.mofa.go.jp/fp/nsp/page1we_000077.html
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
