ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ မန္တလေးတိုင်း တို့က စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၃ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ မန္တလေးတိုင်း တို့က စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေ
၂၀၂၄ ခုနှစ်ထဲမှာ MDY PDF တပ်တွေ တိုက်ခိုက်ပြီး ထိန်းချုပ်ထားခဲ့တဲ့ မတ္တရာ၊ သပိတ်ကျဥ်း နဲ့ စဥ့်ကူးမြို့နယ်တွေထဲက နယ်မြေတွေ တစတစနဲ့ ပြန်လက်လွှတ်ရတဲ့ အခြေအနေ ဆုတ်ခွာရတဲ့ အခြေအနေတွေနဲ့ မကြာသေးတဲ့ လအနည်းငယ်နဲ့ သီတင်းပတ်တွေ မှာ ကြုံတွေ့လာနေရတဲ့အကြောင်း သတင်းဖော်ပြမှုတွေမှာ တွေ့လာကြရပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက သပိတ်ကျဥ်းမြို့ကို အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် တစတစနဲ့ မန္တလေးတိုင်းထဲက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တလျှောက် မန္တလေး-မိုးကုတ်ကားလမ်းပေါ်က ရွှေတွင်းတွေရှိတဲ့ နယ်မြေတွေကို သိမ်းယူနိုင်ဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း စဥ့်ကူးမြို့ အရှေ့တောင်ဘက် ညောင်ဝန်းရွာကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးတနယ်လုံးကို ရဖို့အတွက် စစ်တပ်က အရပ်မျက်နှာ ၃ ခု ကနေ စစ်ကြောင်းထိုးလာနေတယ်လို့လည်း သတင်းဖေါ်ပြချက်တွေ အရ သိရှိရပါတယ်။ စဥ့်ကူးမြို့ နဲ့ ၁၀ မိုင်၊ ၁၅ မိုင်ဝန်းကျင် အကွာအဝေးမှာ ရှိတဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး အချို့ရွာတွေကို စစ်တပ်ဘက်က ထိန်းချုပ်လာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မန္တလေး -မိုးကုတ် ကားလမ်းပေါ်မှာ ရှိတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်း အစရှိတဲ့နယ်မြေတွေက မန္တလေးတိုင်းထဲ ပါဝင်ပြီး ရွှေတွင်းတွေ အများအပြားရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ MDY PDF လို့ အမည်ပေးထားတဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အများစုသော နယ်မြေတွေကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပြီး TNLA နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ TNLA နဲ့ နောင်ချို၊ တောင်းခမ်း၊ မိုးကုတ်တို့လို့ မြို့သိမ်း စစ်ဆင်ရေးတွေ မှာ အတူပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ အဖွဲ့လည်း ဖြစ်ပြီး TNLA နဲ့ စစ်တပ်တို့ အပစ်ရပ် သဘောတူညီမှု ရယူခဲ့တဲ့နောက်မှာ MDY PDF ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ဘက်က ပိုမို ထိုးစစ်ဆင်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ နဲ့ အပစ်ရပ် သဘောတူညီမှု ရခဲ့ခြင်းက စစ်တပ်အဖို့ အဆိုပါ နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ပိုမိုအားစိုက်ပြီး ထိုးစစ်ဆင်လာနိုင်ဖို့ အခွင့်အလမ်း ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။
MDY PDF အပါအဝင် စစ်ကိုင်းတိုင်းထဲက PDF တပ်ဖွဲ့တွေ အနေနဲ့ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစပိုင်းတွေမှာ အရှုံးများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဏာသိမ်း စစ်တပ်အနေနဲ့ အဆိုပါ စစ်ဆင်ရေးကာလတွေမှာ ဆုံးရှုံးခဲ့ရတဲ့ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက နယ်မြေတွေကို ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဒီဒေသတွေကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဒီအကြောင်းအချက်တွေအပြင် အခြားအဓိက ကျတဲ့ အကြောင်းအချက်တွေလည်း ရှိနေပါသေးတယ်။ ဒီဒေသတွေက ရွှေထွက်ရှိတဲ့ ဒေသဖြစ်သလို သစ်ထုတ်လုပ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ပခုက္ကူ၊ ယော၊ ဆော၊ ဂန့်ဂေါတို့လို ဒေသတွေ၊ အနောက်ပိုင်း ဖြစ်တဲ့ ချင်း၊ ကလေး၊ ကဘော်လွင်ပြင်တို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း တခုဖြစ်သလို မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်လို မြောက်ပိုင်းဒေသတွေကို မြေပြင်က ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ် အနောက်ဘက် နဲ့ အရှေ့ဘက် ကားလမ်းတွေကလည်း ဒီဒေသကို ဖြတ်သန်းသွားတာ ဖြစ်တာကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာ ရှိတာကြောင့်လည်း စစ်ရေးအရ၊ ကုန်သွယ်ရေးအရ၊ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတွေ ဖြစ်နေတာကြောင့် ဦးစားပေး ထိုးစစ်ဆင်လာတာ လို့ဆိုရင် မှားမယ် မထင်ပါဘူး။
တော်လှန်ရေး တပ်ဖွဲ့တွေ အင်အားစုတွေ အနေနဲ့တော့ အခုလို မန္တလေးကနေ ကချင်ပြည်နယ်ထိ ဆက်သွယ်နေတဲ့ ဧရာဝတီမြစ် ရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ်က တစတစ ပြန်စိုးမိုးသွားနိုင်ခဲ့ရင် လှုပ်ရှားရ ခက်ခဲလာနိုင်တဲ့ အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။
မန္တလေးတိုင်းက ဖွဲ့စည်း ပေါက်ဖွားလာတဲ့ MDY PDF အနေနဲ့ အဖွဲ့အစည်းတွင်းမှာ ငွေကြေးအလွဲသုံးစားပြုမှု ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် အချို့ကို အရေးယူထိန်းသိမ်းထားတဲ့ အဖြစ်အပျက်တွေလည်း မကြာသေးတဲ့ သီတင်းပတ်တွေက ဖြစ်ပွားခဲ့သလို နီးစပ်စွာလက်တွဲ တိုက်ခိုက်ခဲ့တဲ့ TNLA တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အပစ်ရပ် သဘောတူညီမှု ရယူလိုက်ကြရတဲ့ အနေအထားမှာ ဒီဒေသမှာ အထီးတည်း ကျန်ခဲ့တဲ့ အနေအထားရောက်ရှိ လာရတာပါ။
စစ်ကိုင်းတိုင်းအတွင်းမှာ လှုပ်ရှားနေကြတဲ့ NUG လက်အောက်က တပ်ဖွဲ့တွေ၊ NUG လက်အောက်က မဟုတ်တဲ့ တပ်ဖွဲ့တွေနဲ့ ဧရာဝတီ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို ကာကွယ်နိုင်ကြမလား ဆိုတာတော့ လောလောဆယ်မှာ အတိအကျ မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar