Breaking News

ဖလော်ဒါဟန် - ဒီဇင်ဘာဆောင်းနဲ့ မမိုးရင်

ဖလော်ဒါဟန် - ဒီဇင်ဘာဆောင်းနဲ့ မမိုးရင်

မိုးမခ ၊ ဒီဇင်ဘာ ၁၈ ၊ ၂၀၂၅


ဒီဇင်ဘာလ မမိုးရင်တို့ ကျေးရွာလေးတဝိုက်မှာ ငလျင်ဒဏ်နဲ့အတူ ဆောင်းဒဏ်ကလည်း စိမ့်စိမ့်လေး အေးနေတယ်။

မမိုးရင်လည်း ဆောင်းရဲ့အငွေ့အသက်နဲ့အတူ ‌တပတ်တာရဲ့ စနေနေ့တရက် မနက်အစောစာလေးရောင်းနိုင်ဖို့ မလင်းတလင်းအချိန်မှာပဲ ဈေးခြင်းတောင်းလေး ဆွဲထွက်လာခဲ့တယ်။

လမ်းတလျှောက်မှာ မီးလာချိန်ဆိုတော့ မီးအလင်းရောင်တချို့အား‌ကြောင့် လမ်းမီးလေး မြင်ခဲ့ရတယ်။ မမိုးရင်အတွက် လိုရာခရီးကို ဦးဆောင်ပေးနေတယ်လို့‌ ပြောမလားဘဲ။

အခုအချိန်မှာ မမိုးရင်ရဲ့ လက်ထဲမှာ‌တော့ ခြင်းတောင်းလေးရယ် တုတ်သေးလေးတချောင်းရယ်က အဖော်အဖြစ် မမိုးရင် စိတ်လုံခြုံရေးအဖြစ် ကာကွယ်ပေးနေတယ်။

မမိုးရင်တို့ ငယ်ငယ်ကဆို ဒီလမ်း ဒီခရီးကို သွားဖို့ဆိုတာ တွေးတောင်မတွေးမိပါဘူး။

လှည်းလမ်းလေးရယ်၊ လက်ပံပင်ကြီးရယ်၊ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေရယ်၊ ခြင်္သေ့ကြီးနှစ်ကောင်ရယ် အတော်ကို စိတ်ချောက်ချားဖွယ်‌‌ကောင်း‌သော တောလမ်းလေးပါ။

အခုတော့ စက်ရက်ကန်းသံ ညံမစဲနဲ့ လူနေမှုဘဝတွေ တိုးတက်လာခြင်းနဲ့အပြိုင် လူအများရဲ့စိတ်နေစိတ်ထားများသည် လောကအကျိုး ဆိုသည်ထက် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဆီကို ဦးတည်လာကြတယ်။

ပညာထက် ငွေနောက်ကို လိုက်လာကြတယ်။

အသိလည်းကင်း ပညာလည်း ဖျင်းလာကြတယ်။

မမိုးရင် အတွေးနဲ့ စက်ရက်ကန်းရုံကြီးများကို ငေးမောရင်း လက်ဖက်ရည်ဆိုင်လေးဆီ ရောက်လာခဲ့တယ်။

ဝေလီဝေလင်းအချိန်မှာတောင် သူ့ထက်ငါအပြိုင် မုန့်ဝယ်နေသူတွေ ပြည့်နေတော့ မမိုးရင်အတွက် မုန့်ရောင်းချိန် နောက်ကျလေမလားဆိုပြီး အတွေးက ဝင်လာခဲ့သေးတယ်။

အိမ်ထောင်စု ၃၀ လောက်ရှိတဲ့ရွာကို ဘယ်လိုမုန့်မျိုးဖြင့် မိမိအတွက် ရောင်းဖို့ အဆင်ပြေမလဲ၊ အရေအတွက် ဘယ်လောက်ဆို ကုန်နိုင်မလဲ၊ ဘယ်အစားအစာကို ကြိုက်တတ်လဲ စသည့် အတွေးတွေကို ရပ်ပြီး မ‌မိုးရင် အကြော်ဆရာကို အီကြာ‌ကွေး ၁၀ ချောင်း၊ ပလာတာ ၅ ခု၊ ထပ်တရာ ၅ ခု၊ တခုကို ၅၀၀ ကျပ်နှုန်းနဲ့ ၁၀၀၀၀ ကျပ်၊ နောက်ဆက်တွဲအနေနဲ့ စမူဆာလေးလည်း မမိုးရင် ရောင်းဖို့ ထည့်လိုက်တယ်။

၁၀ ခု ၃၀၀၀ ကျပ်နဲ့။ 

မမိုးရင် ခြင်းတောင်လေးထဲ အစီအရီ ထည့်ပြီး လမ်းမထက်ကို တက်လိုက်တယ်။

ဆရာဇော် ကျေးဇူးကြောင့် ကွန်ကရစ်လမ်းလေးက ဖြူးလို့ပါပဲ။

လမ်းဘေး အကြော်ဆိုင်ထဲ ဝင်လိုက်ချိန် မုန့်ပြားသလက် ၁၀ ခု၊ အကြော် အခု ၂၀ ကို ယူလိုက်ပါတယ်။

တခုကို ၁၀၀ ကျပ်နှုန်းပါပဲ။ အပိုကတော့ အကြော်လေး ၃ ခုကို အ‌ကြော်သည်‌ ဒေါ်ကြီးက ထည့်ပေးလိုက်တယ်။

မမိုးရင်လည်း ခြင်းတောင်းလေးဆွဲပြီး မနက်အစော သတ်မှတ်ချိန်အရောက် ရွာထဲ လှည့်နိုင်ဖို့ခြေလှမ်းလေးကို သွက်လိုက်တယ်။

လက်ထဲက တုတ်သေးသေးလေးကိုလည်း လွှတ်မထားရဲဘူး။

ခွေးအန္တရာယ်က ရှိသေးတယ်လေ။

တကယ်ဆို မမိုးရင် ဒါတွေ မလုပ်ဘဲ ဆောင်းရာသီ အအေးဒဏ်ကို စောင်ပုံထဲ နွေးနွေးထွေးထွေး နေလို့ရတဲ့အနေအထားပါ။

နို့ ဘာလို့ မမိုးရင် အခုလို ပြည်သူတွေနဲ့ ဘာလို့ ထိတွေ့ချင်တာလဲ။

ပြည်သူတွေရဲ့ လူနေမှုဘဝ၊ နေထိုင်မှု စားစရိတ်ပါ မကျန် မမိုးရင်ကိုယ်တိုင် ကိုယ်ချင်းစာနိုင်ဖို့၊ လူသားအချင်းချင်း လူသားဆန်ဆန် ဆက်ဆံနိုင်ဖို့၊ ပျက်စီးယိုယွင်းခဲ့ရတဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်ထဲကို ရောက်ခဲ့ရတဲ့ လူငယ်များရဲ့ အသိပညာအတွေးအခေါ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများပါ မကျန် ထဲထဲဝင်ဝင် သိချင်လို့ပါ။

မမိုးရင် တို့ နေထိုင်ရာ မြန်မာပြည်ကြီးမှာ အစစအရာရာ ကျရှုံးနေတဲ့ အချိန်ကာလမှာ ကွင်းကွင်းကွက်ကွက်လေး လသာနေသူ‌တွေအဖို့ ပညာမတတ်၊ စာမတတ်ခြင်းရဲ့ အကျိုးဆက်တွေကပတ်ဝန်းကျင် လူနေမှုဘဝတွေကို အများကြီး ရိုက်ခတ်လာပါပြီ။

လက်ဖက်ရည်ဆိုင်မှာ လာရောက်တန်းစီနေသူတွေ အတော်များများက ရက်ကန်းသမတွေလည်း ပါပါတယ်။ မနက် မလင်းသေးပါဘူး။ အရုဏ်မတက်ခင် လင်းကြက်တွန်ချိန်မှာတောင် လုပ်ငန်းတွေ စတင်နေကြပါပြီ။

ရပ်ရွာထဲမှာ တားမြစ်သူမရှိ။ စက်မှုဇုန် မဟုတ်တဲ့ နယ်မြေမှာ ကျေးလက်ရဲ့ အလှတရားတွေ ပျက်စီးခဲ့ရပါပြီ။

မမိုးရင်တို့လို ပညာကို ခေါင်းပေါ်ရွက်လို့ "ပညာရမယ် ပညာရမယ်"လို့ ရောင်းဖို့ မပြောပါနဲ့၊ အလကားပေးတာတောင် လက်ခံမည့်သူက ခပ်ရှားရှားရယ်ပါ။

ဈေးခြင်းတောင်းထဲ မနက်စာ အပြည့်နဲ့ ရွာထဲကို တအိမ်ဝင် တအိမ်ထွက်ပြီး စားကုန်ပစ္စည်းများ‌ ရောင်းရင်‌တော့ မဖြစ်မနေ ဝယ်ကြပါသေးတယ်။

ပညာကိုတော့ အလကားပေးတာ‌တောင် မလိုချင်ကြတော့တဲ့ အနေအထားပါ။

ပညာရေးဟူသည် ယနေ့ခေတ်မှာ လူနေမှုဘဝ၏ ရုပ်ပြသာသာရှိ‌နေကြတဲ့ အခုလို ကျေးလက်ဒေသတွေ အများကြီးရှိနေဦးမှာပါ။

မမိုးရင်အတွက် တရက် တမနက်စာ ခရီးက အတွေ့အကြုံ သင်ခန်းစာတွေ အများကြီးရခဲ့သလို လူနေမှုဘဝ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်နိုင်မှသာ အနာဂတ်မှာ ပညာတတ်တွေ အများကြီး မွေးထုတ်နိုင်မယ် ဆိုတာ‌လေးကို မျှ‌ဝေရင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar