ဇင်လင်း - တရုတ်-ဂျပန် ထိပ်တိုက်တွေ့မှု - အမှိုက်ကစ ပြာသာဒ် မီးလောင်နိုင်မည်လား
တရုတ်-ဂျပန် ထိပ်တိုက်တွေ့မှု - အမှိုက်ကစ ပြာသာဒ် မီးလောင်နိုင်မည်လား
ဇင်လင်း
မိုးမခ ၊ ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီ ဂျပန် လွှတ်တော်မှာ ပြောသွားတဲ့ စကားတစ်ခွန်းကို အထအန ကောက်ပြီး တရုတ်ဘက်က မကျေနိုင်မချမ်းနိုင် ရန်လုပ်နေတဲ့ ပြဿနာကြောင့် ဂျပန်နဲ့ တရုတ်နိုင်ငံတို့အကြား သံခင်းတမန်ခင်း အလွန်တင်းမာနေတယ်။ နိုဝင်ဘာလ ၇ ရက်က ဂျပန်ပါလီမန်မှာ “အကယ်၍ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဘယ်လို တုံ့ပြန်မလဲ” လို့ မေးခွန်းမေးသူတဦးက မေးခဲ့တယ်။ ဒီမေးခွန်းကို ဝန်ကြီးချုပ် တာကာအီချီက “တရုတ်က ထိုင်ဝမ် ကို တိုက်ခိုက်လာခဲ့ရင် အဲဒီ တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်လို့ ဂျပန်အနေနဲ့ စစ်ရေးအရ ပါဝင် တိုက်ခိုက်ရပါလိမ့်မယ်” လို့ ဖြေကြားခဲ့တယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဖူဆုန် က ကုလအတွင်း ရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်ထံ စာရေးသားပေးပို့ရာမှာ “ဂျပန်ဟာ ထိုင်ဝမ်အရေးကို လက်နက်နဲ့ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်” လို့ တိုင်တန်းခဲ့တယ်။ ဂျပန်အနေနဲ့ စစ်ရေးအရ စွက်ဖက်လာရင် အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်” လို့ ဖော်ပြထားတယ်။ အဲဒီလို ရန်လိုမှု မြင့်နေခိုက် ၂၀၂၅ ဒီဇင်ဘာလ ၆ ရက် (စနေနေ့)က တရုတ်စစ်တပ်ရဲ့ J-15 လေယာဉ်ဟာ ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (ASDF)ရဲ့ F-15)တိုက်လေယာဉ်တွေကို နှစ်ကြိမ်တိုင်တိုင် ရေဒါနဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ကန့်ကွက်ပြောဆိုခဲ့ကြောင်း NHK သတင်းက ဆိုတယ်။ အဲဒီ ဖြစ်ရပ်ဟာ အိုကီနာဝါခရိုင် (Okinawa) ပင်မ ကျွန်းရဲ့ အရှေ့တောင်ဘက် ရေပြင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဂျပန်ဘက်က ကန့်ကွက်ပြောကြားကြောင်း သတင်းက ဆိုတယ်။
တရုတ် လေယာဉ်တင်သင်္ဘော Liaoning ပေါ်က J-15 တိုက်လေယာဉ်တစ်စင်း ပျံတက်လာခဲ့ပြီး ရေဒါနဲ့ ချိန်ရွယ် ခဲ့တာဖြစ်လို့ တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိ ရှင်ဂျီရို (Koizumi Shinjiro) က ဒီဇင်ဘာ (၇)ရက် (တနင်္ဂနွေနေ့) အစောပိုင်းမှာ သတင်းထောက်တွေကိုပြောကြားခဲ့ကြောင်း သတင်းအရ သိရတယ်။ ဂျပန်လေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်လာမှုကို တုံ့ပြန်ဖို့အတွက် အရေးပေါ်ပျံတက်ခဲ့တဲ့ ASDF ရဲ့ F-15 တိုက်လေယာဉ်ကို တရုတ်စစ်တပ်ရဲ့ J-15 လေယာဉ်က ရေဒါနဲ့ ချိန်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ မစ္စတာ Koizumi က ဆိုတယ်။
ပထမအကြိမ်ချိန်ရွယ်မှုဟာ ဒီဇင်ဘာလ(၆)ရက် မွန်းလွဲပိုင်း ၄ နာရီ ၃၂ မိနစ်ကနေ ၄ နာရီ ၃၅ မိနစ်အတွင်း ဖြစ်ပွားခဲ့ပြီး၊ အဲဒီနေ့ ညနေ ၆ နာရီ ၃၇ မိနစ်နဲ့ ၇ နာရီ ၈ မိနစ်အတွင်း နောက်ထပ် F-15 လေ ယာဉ်တစ်စင်းဟာလည်း အလားတူ ချိန်ရွယ်တာ ခံခဲ့ရတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောတယ်။ ဂျပန်လေယာဉ် ထိခိုက်ပျက်စီးမှု ဒါမှမဟုတ် လေယာဉ် အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရမှု နဲ့ ပတ်သက်ပြီး အစီရင်ခံတင်ပြမှု မရှိသေးဘူးလို့ သိရတယ်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တိုက်လေယာဉ်တွေကို တရုတ်စစ်တပ် လေယာဉ်တွေက ရေဒါနဲ့ ချိန်ရွယ်မှုနဲ့ ပတ်သက်ပြီး အခုအကြိမ်ဟာ ပထမဆုံး တရားဝင်ကြေညာပြောဆိုတာ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြောင်း သတင်းက ဆိုတယ်။
လေယာဉ်တင်သင်္ဘော Liaoning ပါဝင်တဲ့ တရုတ်တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ လေယာဉ်တင်သင်္ဘောပေါ်က တိုက်လေယာဉ်တွေရဲ့ ပျံသန်းလေ့ကျင့်ရေးမှုကို မကြာသေးမီက ပြုလုပ်ခဲ့တယ်လို့ တရုတ်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်နေ့ မှာ ပြောကြားခဲ့တယ်။ တရုတ် လေယာဉ်က ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်လေယာဉ်ကို ရေဒါနဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြောင်း တရုတ်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုတယ်။
တရုတ်တိုက်လေယာဉ်တွေရဲ့ ပျံသန်းလေ့ကျင့်ရေးမှုကို ဂျပန်က နှောင့်ယှက်ခဲ့တယ်လို့ တရုတ်အစိုးရက တုံ့ပြန် ပြောဆိုခဲ့တယ်။ ဂျပန်လေတပ် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေယာဉ်ဟာ လေယာဉ်တင်သင်္ဘော Liaoning ပါဝင်တဲ့ တရုတ်ရေတပ်ရဲ့ လေ့ကျင့်မှုပျံသန်းမှုတွေကို နှောင့်ယှက်ဖို့အတွက် လေ့ကျင့်ရေးပြုလုပ်တဲ့ လေပိုင်နက်နဲ့ ပင်လယ်ပြင်အနီး ထပ်ခါတလဲလဲ ချဉ်းကပ်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုတယ်။ ဂျပန်ဘက်က တရုတ်ရဲ့ ပုံမှန်လေ့ကျင့်ရေးလှုပ်ရှားမှုတွေကို အကြီးအကျယ် နှောင့်ယှက်ခဲ့ရုံမက၊ လေယာဉ် လေ့ကျင့်ပျံသန်းမှု ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခဲ့တယ်လို့ တရုတ်ဘက်က တုံ့ပြန်ပြောဆိုခဲ့ကြောင်း NHK သတင်းက ဖော်ပြတယ်။
ဂျပန်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့အချက်အလက်တွေနဲ့ ကွဲလွဲနေပြီး ဂျပန်အနေနဲ့ မှားယွင်း ပုတ်ခတ်ပြောဆိုနေမှု ကို အမြန်ဆုံး ရပ်တန့်ဖို့ တရုတ်ဘက်က အလေးအနက် တောင်းဆိုကြောင်း တရုတ်အရာရှိက ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြတယ်။
ဂျပန်ဘက်က အဆိုအရ တရုတ်စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လေယာဉ်ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရေးအတွက်လိုအပ်တဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ အန္တရာယ်ပြုမှု ဖြစ်တယ်လို့ ဂျပန်ကာ ကွယ်ရေးဝန်ကြီး ‘ကိုအိဇုမိ ရှင်ဂျီရို’ က ပြောကြားခဲ့တယ်။ အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တဲ့အပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်မိတယ်လို့ သူက ဆိုတယ်။ ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အပြုအမူအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် စီမံ ဆောင်ရွက်ဖို့ တောင်းဆိုထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ကြောင်း NHK သတင်းက ဖော်ပြတယ်။
တရုတ်ဟာ ဂျပန်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ အကြီးမားဆုံး ပင်လယ်ရေကြောင်း စစ်ရေးအင်အားပြသမှုတွေ တိုးပြီး လုပ်လာနေတယ်။ တောင်တရုတ်ပင်လယ်အတွင်း ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အစီးရေ အများအပြား တပ်ဖြန့်စေလွှတ်နေတယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာနဲ့ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တယ်။ တခါတရံမှာ တရုတ်ရေတပ်က သင်္ဘောစင်းရေ တစ်ရာကျော် ဖြန့်ချထားတာမျိုး ရှိခဲ့တယ်လို့ သိရတယ်။
ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကန့်ကွက်ဖို့ ဂျပန်သံအမတ်ကို နိုဝင်ဘာ ၁၄ ရက်နေ့က ဆင့်ခေါ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ဘေဂျင်းဟာ အရှေ့အာရှဒေသပင်လယ်အတွင်း ပုံမှန်ထက် ပိုများပြားတဲ့ ရေတပ်သင်္ဘော တွေကို စတင် တပ်ဖြန့်ခဲ့တယ်လို့ အမည်မဖော်တဲ့ အရာရှိတဦးက ပြောခဲ့တယ်။ သင်္ဘောအရေအတွက်က တရုတ်ရဲ့ အမျိုးသား ကာကွယ်ရေး လိုအပ်ချက်ထက် သိသိသာသာ ပိုတာနေတာကြောင့် အဘက်ဘက်ကနေ ဘေးအန္တရာယ်တွေ ဖန်တီးဖြစ်ပေါ်စေနိုင်တယ်လို့လည်း ၎င်းအရာရှိက ဆိုတယ်။ သူ့အမြင်အရ တရုတ်အစိုးရဟာ ထူးထူးကဲကဲ စစ်အင်အား ဖြန့်ထားမှုနဲ့အတူ ဒေသအတွင်းရှိ နိုင်ငံတွေရဲ့ တုံံ့ပြန်မှုကို စမ်းသပ်မှု လုပ်နေတဲ့ သဘောဖြစ်တယ်လို့ ဆိုတယ်။
တဖက်မှာလည်း ဂျပန်နိုင်ငံ ပြည်သူလထုအကြား စစ်အင်အားတိုးချဲ့သင့်ပြီလို့ မြင်လာကြကြောင်း လေ့လာမှု စစ်တမ်းတွေမှာ ဖော်ပြလာတယ်။ အဏုမြူဗုံး ပိုင်ဆိုင်ရေး ပြန်လုပ်ကြဖို့အထိ ဂျပန်လူငယ်တွေအကြား ထင်မြင်ယူဆလာကြတယ်။ အကြောင်းရင်းကတော့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုးရီးယား တို့ရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် ဂျပန်ဟာ ကိုယ့်အားကိုယ်ကိုးရမယ်။ မသေချာ မရေရာတဲ့ အမေရိကန်ရဲ့ အကာအကွယ်ပေးမှု ထီးရိပ်ကို ယုံကြည် မှီခိုနေလို့ မရနိုင်တော့ဘူးလို့ ဂျပန်ပြည်သူတွေ မြင်လာနေတယ်။
တချိန်က ဂျပန်လူထုက အဏုမြူလက်နက်ပိုင်ဆိုင်ရေးကို ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိခေတ် ဂျပန် လူငယ်မျိုးဆက်တွေရဲ့ အမြင်က ပြောင်းပြန်ဖြစ်သွားပြီလို့ ဆိုတယ်။ ဒီကနေ့ မျိုးဆက်သစ် ဂျပန်တွေရဲ့ အမြင်တွေမှာ တရုတ်၊ ရုရှားနဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ဖို့ ဂျပန်ဟာ အဏုမြူလက်နက်ပိုင်ဆိုင်မှ ဖြစ်မယ်လို့ တင်းမာတဲ့ သဘောထားအရှိန် မြင့်တက်လာနေကြောင်း သတင်းတွေ ကြားသိနေရတယ်။
References:
- Japan Defense Ministry: China military aircraft locked radar onto ASDF jets, NHK Dec. 7, 2025.
- China navy says Japan disrupted flight training, Dec. 7, 2025
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar