ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆေးဖြန့် ကျားဖြန့်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆေးဖြန့် ကျားဖြန့်
မိုးမခ၊ ဒီဇင်ဘာ ၃ ၊ ၂၀၂၅
မင်းလက်ပံက ကျားဖြန့်တွေတော့ သောင်ရင်းမြစ်သောင်ပြင်မှာ ဂယောင်ဂယင်နဲ့ မီးလှုံနေကြရပြီ။ မေဒီကန်ကလည်း ဗလာ၊ ထိုင်းကလည်း ငချာ၊ ဆိုင်ရာနိုင်ငံကလည်း မလာဘူးကိုး။ မလာဆို ကိုယ်အ ရင် အ-လို့ အလိမ်ခံရပြီး သူများကို ဆက်လိမ်ငွေညှစ် အခွန်ကျလည်း မဖြစ်ညစ်ကျယ်တောင်ပြန်မရ သိက္ခာပါကျအုံးမယ် ဆိုတော့ ဆိုင်ရာ ဘယ်အစိုးရကမှလည်း စောက်ဖက်လုပ်ချင်ပုံမရ၊ မိသားစုကလဲ မေ့၊ ပြီးရင် ကျားဖြန့်မျိုးစေ့က ပါလာအုံးမှာ။
အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကတဲ့။ အဲနား လာအိုကတောင် လာမခေါ်၊ မခေါ်ဆို သူ့နိုင်ငံထဲလဲ ကျားဖြန့်ခြင်း ခြေချင်းလိမ်နေတာလေ။ ဟို ကျားဖြန့်ဂေါင်သီး တရုတ်ကြီးက KNUဆီ တိုက်ရိုက်လာမခေါ်ဘဲ ထိုင်းကတဆင့် လက်ခံတာကတော့ စိတ်ဝင်စားစရာ။ ကျားဖြန့်ဒိုင် မအလ တို့အုပ်စုကတော့ ဒီကောင်တွေ ထွက်ပြေးအောင် လေယာဉ်နဲ့ ဗုံးကြဲ ချောက်ထုတ်နေလေရဲ့။ မှန်အောင် မကြဲရဲမှန်းလဲည်း လူတိုင်းသိနေကြတော့ သိပ်ဂရုမစိုက်ပါဘူး။ နိုင်ငံခြားသားတွေဆိုတော့လည်း မသတ်ရဲ၊ ကျားဖြန့်တွေ ဆိုတော့လဲ သက်သေဖျောက်တာ ပေါ်မယ်ဆိုတော့ကာ ဖြဲကြည့်တာ၊ ဘယ်သူမှလဲ ပြဲပုံမရ လေယာဉ်ဆီဈေးက ကြီးသနဲ့။
ဒီရက်ပိုင်း မိုးရော မြေရော လေထဲရော ရေထဲပါ မီးလောင်တာကတော့ ဒီမိုကရေစီကို အကျိုးပြုမယ့်ဆိုတဲ့ ကရင့်တပ်မတော်ဘဲ။ DKBAဟာ တရားမဝင် နိုင်ငံခြားသားများကို နှိမ်နင်းမယ့် ရိုးရိုးသားသား ဖိုးသခွားပါလို့ ကြေညာချက် ထုတ်ပြန်ပြီးချိန်မှ လျှို့ဝှက်ကျားဖြန့်ရုံတွေ ဟောတရုံ ဟောတရုံအပြင် ဆေးပြားထုတ်လုပ်တဲ့စက်ရုံတွေပါ ဖွားခနဲ ဖွားခနဲ ပေါ်လာပါရောလား။ အဲဒါနဲ့ပဲ သွေးရူးသွေးတန်း ငါ့နယ်ထဲမှာ ဘယ်ကောင်မှ သေနတ်ထမ်းမဝင်ရဆိုပြီး ထကြမ်းပါလေရော။ ပြဿနာက မင်းအောင်လှိုင်တပ်ပါ ရောထုတ်မိပြီးသားဖြစ်နေလို့ အပြောနဲ့အလုပ် ဟုတ်၊ မဟုတ်စောင့်ကြည့်နေကြလေရဲ့။
သူ့ကျားဖြန့်ဝင်းထဲက ကောင်တကောင် မူးကြောင်ရူးကြောင် သေနတ်ထဖောက်ရာကနေ KNU နဲ့ ပူးပေါင်းတပ်တွေက ဝင်ကြိတ်လိုက်တဲ့အခါ DKBA ရဲ့ အင်နိုးဆင့်စောက်ခွက်ဟာ ကြောက်မက်ဖွယ်ကျားဘီလူးပုံ ထွက်လာပါလေရော။ အဲသမှာ ကျားဖြန့်နှိမ်နင်းမယ်ပြောပြီး နှိမ်နင်းသူကို ရန်စွယ်ငေါငေါ ဒေါသအမျက်ချောင်းချောင်းထွက်၊ မင်းတို့ဆက်ပြီး ကျားဖြန့်နှိမ်နင်းမယ်မကြံနဲ့လုပ်ရတော့တာပေါ့လေ။
ကရင့်လွတ်မြောက်ရေး ဆိုပြီး တော်လှန်ရေးလုပ်ခဲ့ရာက လူကုန်ကူးဂိုဏ်းစောင့်၊ ငွေလိမ်ဂိုဏ်းကြံရာပါ၊ နိုင်ငံတကာရာဇဝတ်သားဖြစ်၊ တော်လှန်ရေးကြီးပါ နွံနစ်၊ ဒီမိုကရေစီအကျိုးပြုအဖွဲ့ကြီးလိုက် ကမ္ဘာ့ရာဇဝတ်ခုံရုံးကို ဆိုက်ရောက်တော့မယ့်အခြေ နီးလာပလေ။ ဖအေအရင်း KNUနဲ့ပေါင်း သက်သာရာသက်သာကြောင်းရှာ ပထွေး မအလနဲ့ ပေါင်းလို့ကတော့ တဆုံးထောင်းခံရတော့မှာ။
သူ့ပထွေးက ခုကို နိုင်ငံခြားသား ကျားဖြန့်ပေါင်း ၂၀၀၀ ရှိတဲ့DKBA ဆိုက်တခုကို KNU က ထိန်းသိမ်းထားပြီး အဆောက်အဦ၊ ပစ္စည်းသက်သေ အထောက်တွေ မဖျက်ဆီးဘဲ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနဲ့ စစ်ဆေးဖော်ထုတ်သွားမယ်ဆိုကာရှိသေး စစ်ကြောင်းထိုးရတာနဲ့ လက်နက်ကြီး လှမ်းထုရတာနဲ့ ဗုံးကြဲရတာနဲ့ သက်သေဖျောက်ဖို့ လုပ်ပလေ။ သူတို့ ရွှေကုက္ကိုနဲ့ KK Parkမှာ ဝင်စီးချင်ယောင်ဆောင် မိုင်းခွဲ သက်သေဖျောင်ထားတာတွေ အကုန်ပေါ်ကုန်မှာ မဟုတ်လား။ ပြီးတော့ နိုင်မောင်ဇော်ကို နှစ်ထောင်လောက်ရှိတာလို့ အော်ခိုင်းထားတာ မဟုတ်လား။ ခု ဒီမင်းလက်ပံ တဆိုက်တင် နှစ်ထောင်ရှိနေပြီ။ မအလတို့ကတော့ သေလူမို့ မထူးဇာတ်ခင်းတာ၊ အဲဒါကို DKBAက ရောင်တောင်တောင်နဲ့ ကိုယ့်လူကို ဝရမ်းထုတ်လို့ထုတ်၊ ကရင်ချင်းဗျင်းမယ်ဆိုတဲ့အထာနဲ့ လက်နက်ကိုင်မဝင်ရ စာထုတ်လို့ထုတ် လျှောက်လုပ်နေတယ်။
ကရင်ပြည်နယ် ကျားဖြန့် နှိမ်နင်းရေးကို KNU က ထိုင်း၊ အမေရိကန်နဲ့ ပေါင်းလုပ်တော့မှာနော်။ ခု မင်းလက်ပံ တဆိုက်စီးပြီးဘီ၊ လာမယ်၊ မကြာဘူး။ အရူးချေးပန်း ပြောမနေတော့နဲ့။ ကရင်ချင်းပေါင်း လမ်းကြောင်းရှာ စစ်တပ်ကို ခွာတော့။ စစ်တပ်ဆိုတာ ညစ်ပတ်တဲ့နေရာ ငါ ဆရာ ဆိုတာ သိတယ်မဟုတ်လား။ BGFနဲ့ DKBA ဟာ လှုပ်လေ မြုပ်လေ ဖြစ်တော့မှာ။ စစ်တပ်ကလည်း နင်တို့ကို တရုတ် အပ်မလား၊ အမေရိကန် အပ်မလားဘဲ။ နင်တို့က မပြေးသော် ကန်ရာရှိ၊ ဒီဆိုက်တွေက နင်တို့နယ်မြေနဲ့ နင်တို့လက်ထဲပဲ ရှိတာလေ။ စစ်တပ်က ကျားဖြန့်ပြဿနာဟာ နိုင်ငံတကာနဲ့ သူ ကိုင်ကစားရမယ့်ဖဲမှန်းသိပြီးသား။ မသိသားဆိုးရွားနေတာက နင်တို့။
ဒီ မင်းလက်ပံဆိုရင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရတဲ့ DKBA ခေါင်းဆောင် ၄ ဦးထဲက ဗိုလ်မှူးချုပ် စိုင်းကျော်လှရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိတဲ့ဟာ။ အဲဒီထဲမှာ ကွန်ကရစ်အဆောက်အအုံ ၂၀၊ ဆေးရုံနဲ့ လူနေဆောင်တွေအပြင် ၄ ထပ်တိုက် ၂ လုံးမှာ ငွေလိမ်လုပ်ငန်းတွေ အပြည့်အဝလည်ပတ်နေတာကို တွေ့ခဲ့ရတယ်လို့ KNU က ပြောထားတယ်နော်။
ကွန်ပျူတာအလုံးရေ ၂,၀၀၀ ခန့်နဲ့ မိုဘိုင်းဖုန်း ၁၀,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်။ ဒါ တရုံတဆိုက်နော်။ ဟိုကောင်တွေ ဆိုက်အများကြီးဝင်ပြီး မတောက်တခေါက်လေး အဖျက်ပြတာ အကွက်မလှနေဘူးနော်။ ပြီးတော့ ညှဉ်းပန်းနှိပ်စက်တဲ့ အခန်းငယ်တွေ၊ လုပ်သားတချို့က သေစေနိုင်တဲ့လက်နက်တွေ ကိုင်ဆောင်ထားတာတွေလည်း တွေ့ရှိရတယ်ဆိုတော့ တကယ့်လူမဆန်တဲ့အချက်တွေလဲ ထွက်လာအုံးမှာ။
အေး အချုပ်ခန်းတွေက DKBAဆေးပြားထုတ်တဲ့စက်ရုံတွေမှာလဲတွေ့ရသတဲ့။ အဲဒီမှာလဲ ဗမာတွေ ကရင်တွေတင်မက ထိုင်းတွေလဲ ပါတယ်တဲ့။ နိုင်ငံတကာကလူတွေပါ ပါနိုင်တယ်။ ဖမ်းဆီးနှိပ်စက်ပြီးခိုင်းခဲ့တာ၊ သတ်ထားတာတွေလဲ ရှိ၊ အစုလိုက် အပြုံလိုက်မြုပ်ထားတာတွေလဲ ရှိဆိုဘဲ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှ ပေါ်တာဆိုတော့ စစ်တပ်နဲ့ ပေါင်းလုပ်တာတွေပေါ့။ သေချာတာက စစ်တပ်မပါဘဲလည်း ဒီလောက်ထိမလုပ်ရဲဘူးလေ။ ထိုင်းဘက်မှာ မိနေသမျှ ဆေးပြားသန်းချီတွေဟာ ရှမ်းပြည်က လာနေတာတွေ မဟုတ်တော့ဘူးလေ။ ကရင်မြေလည်း ရှမ်းပြည်လို မူးယစ်ဆေးဝါးတွေ လွှမ်းနေပြီပေါ့။ ဒါ တိုင်းရင်းသားတွေကို ထိန်းချုပ်ဖို့ စစ်တပ် လုပ်နေကျနည်းတွေပါဘဲ။ စစ်တပ်က မင်းတို့ကို လက်စတုံးဖျောက်ဖို့တော့ သေချာနေပြီ။ ဒါတွေကို သေချာသက်သေအခိုင်အမာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖွင့်ချနိုင်ရင် သက်သာရာ ရှာလို့ရမယ်။
အေး တခုရှိတာက ခေါင်းဆောင်ပိုင်းတွေ ဝါးတားတားလုပ်နေရင် အောက်တဆင့်တွေက ကရင့်ဂုဏ်သိက္ခာနဲ့ ကိုယ့်လွတ်မြောက်ရာအတွက် ၂၅ သန်းတန်မှန်သမျှ သမပြီး အမေရိကန်လက်အပ် ခွေးငတ်တွေဝင်မဆွဲခင် သူဌေးဇာတ်ခင်းကြတော့။ မင်းတို့က ကရင့်ကယ်တင်ရှင် ကရင့်သူရဲကောင်းပါ ဖြစ်ကြမှာ။ ဖြစ်အောင်လည်း လုပ်ရတော့မှာ။ ဒီခေါင်းဆောင် မစွံလို့ ကရင် ဆိုတာ ကျားဖြန့်ရာဇာ မဟာဆေးပြား ကမ္ဘာလုံးချီ ရာဇဝတ်သားဖြစ်နေကြပြီလေ။
မူးယစ်ဆေးစက်ရုံက သုံး လေးရုံတောင်ဆိုတော့ ဘယ်လောက်ထုတ် ဘယ်လောက်ဖြန့်ချိ၊ ဘယ်လောက်သုံး၊ ဘယ်လောက်သေနေမှန်းလဲ မသိနိုင်တော့ပါဘူး။ ဘိန်း၊ WY၊ ICE၊ ပြီးတော့ ဆေးခြောက် အကုန်ထုတ်ဆိုပဲ။ ဘိန်းစိုက်ခင်း၊ ဆေးခြောက်စိုက်ခင်း အကုန်ရှိတယ်တဲ့။ ပြီးတော့ စက်ရုံတွေရှိတဲ့ သဲဖြူချောင်းလမ်းကို ကွန်ကရစ်ခင်းထားသတဲ့။ လူသူအရောက်အပေါက်နည်းတဲ့ တောထဲမှာ ဖောက်ထားတာနော်။ ကွန်တိန်နာကားတွေ ၁၀ ဘီး ကားတွေ သွားတာတဲ့ဗျ။
မတ်လ ၂၁ ရက်နေ့တုန်းကတောင် မြဝတီတဖက်ခြမ်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က ကုန်တင်ကားနဲ့ သယ်လာတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သန်းနဲ့ ICE အမျိုးစား မူးယစ်ဆေးဝါး ၇၅၀ ကီလိုဂရမ်၊ Ketamine ၃၀၀ ကီလိုဂရမ်ကို နခွန်စဝမ်မြို့အဝေးပြေးလမ်းမကြီးပေါ်မှာ ထိုင်းတွေက ဖမ်းဆီးရရှိခဲ့သေးသတဲ့။ တခေါက်တခေါက်တွက်သာကြည့်။
အဲဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်နဲ့ အမှတ် (၁) စစ်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုင်းကျော်လှတို့နဲ့ ပတ်သတ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြရေးသားခဲ့ဖူးသတဲ့။ ထိုင်းကလည်း ဆေးပြားရော ကျားဖြန့်ရော ဘယ်သူတွေလုပ်နေတယ်ဆိုတာ အကုန်သိပါတယ်။ သူတို့ဘက်က အရာရှိကြီးတွေ ဝန်ကြီးတွေထိ ပတ်သက်နေတော့ လုပ်ရကိုင်ရခက်နေကြတာပါ။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ကမ်းကူးဂိတ် ၄၈ ဂိတ်ကတဆင့် ဝင်သယ်ဆောင်လာတယ်လို့ ထိုင်းအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားသေးသတဲ့။
ကမ်းကူးဂိတ် ၄၈ ဂိတ်ဆိုတာ မြဝတီမြို့တောင်ဘက်ခြမ်းရှိ အင်ကြင်းမြိုင်ကျေးရွာနဲ့ ခု ကမ္ဘာကျော်မင်းလက်ပံကျေးရွာကြားရှိ ကမ်းကူးဂိတ်တဲ့။ အဲဒီကမ်းကူးဂိတ်ကို BGFနဲ့ DKBA တပ်ဖွဲ့တို့ ထိန်းချုပ်ထားတာတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ အဲ ဒါပါပဲဆိုမှ မေ ၁၇ ရက်နေ့တုန်းက မော်လမြိုင်မြို့က DKBA အမှတ် (၂) စစ်ကွပ်ကဲရေး ကုန်သွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီးစောသိန်းနိုင်ရဲ့ နေအိမ်ကို စစ်တပ်က ဝင်မွှေတာ ဆေးပြားထုတ်ရာမှာသုံးတဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနများမှာလဲ ဖော်ပြခဲ့ဖူးသတဲ့။ သူတို့ချင်း အပေးအယူမတည့်ကြတုန်းကပေါ့။ အဲဒီဘက်မှာ တော်လှန်ရေးအစပိုင်းက ဦးဆေကိန်ရဲ့ လက်ဝဲရံ လက်ျာရံ နှစ်ယောက်လဲ ဆွမ်းခံရင်း ငှက်သင့်သလို မူးယစ်ဆေးပြားတွေ ဓမ္မဒူတ ဟင်းသီးဟင်းရွက်အလှူတော်ကားကြီးနဲ့ မိဘူးသလေ။ ကရင်ကနေ ပီဒက်တွေ သင်တန်းအပြန် အငိုက်ဖမ်းတာ ဆေးပြားကားမိရော။ သူတို့ချင်းသူတို့ ညှိညှက်ပြီး ပြန်ထွက်လာကြတာတောင် ကြာပေါ့။
အေး မမေ့ဘို့က BGF/DKBA ခေါင်းဆောင်ပိုင်းတွေ ဝါးတားတားလုပ်နေရင် အောက်တဆင့်တွေက ကရင့်ဂုဏ်သိက္ခာနဲ့ ကိုယ့်လွတ်မြောက်ရာအတွက် ၂၅ သန်းတန်မှန်သမျှ အကုန်သမပြီး အမေရိကန်လက်အပ် သူဌေးဇာတ်ခင်းကြတော့။ ခွေးငတ်တွေ ဝက်မဆွဲငင်နော်၊ မဟုတ်ရင် မင်းတို့ပါ ထောင်ထဲဝင်သွားရမယ်။ မင်းတို့တွေ ကရင့်ကယ်တင်ရှင်၊ ကရင့်သူရဲကောင်းပါဖြစ်ကြမှ ဇွဲကပင်မြေ ဖားစည်သံတွေဝေ ဒုံးယိမ်းတွေ လှနေတော့မှာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar