BGF တပ်ဖွဲ့မှ KNA အဖြစ် နာမည်ပြောင်းလဲခြင်းနဲ့ အကျိုးသက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၆
BGF တပ်ဖွဲ့မှ KNA အဖြစ် နာမည်ပြောင်းလဲခြင်းနဲ့ အကျိုးသက်ရောက်နိုင်ခြေ
ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထဲက တပ်ရင်းတွေ Karen National Army ကရင်အမျိုးသား တပ်မတော် အမှတ်တံဆိပ်တွေ ပြောင်းလဲတပ်ဆင်နေကြပြီး အချို့သောတပ်ရင်းတွေကတော့ BGF အဖြစ်နဲ့ သာကျန်ရှိပြီး KNA အဖြစ် ပြောင်းလဲကြမှာမဟုတ်ဘူးလို့လည်း သတင်းအချို့မှာ ဖော်ပြထားကြပါတယ်။
၂၀၂၄ ခုနှစ် မတ်လ သင်္ဃန်းညီနောင်ကျေးရွာ အနီးက ဗျူဟာစခန်း၊ တပ်ရင်းအချို့၊ မြဝတီမြို့စောင့်တပ်တို့ကို သိမ်းယူတဲ့ ထိုးစစ်တွေ မစတင်မီ အဆိုပါနှစ်ရဲ့ ဇန်နဝါရီလမှာ KNA အဖြစ် အမည်ပြောင်းလဲမယ့် အကြောင်း စတင်ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတွေမှာ BGF တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ စောချစ်သူနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယ အာဏာရှိသူ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး BGF အနေနဲ့ KNA အမည်ပြောင်းပြီး စစ်ကောင်စီရဲ့ အထောက်အပံ့တွေ မယူတော့မယ့် အကြောင်းကိုလည်း ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း ကာလအခြေအနေဟာ ၁၀၂၇ စစ်ဆင်ရေးတွေ စတင်ပြီး ၂ လ ကျော် ၃ လ နီးပါးခန့်ရှိပြီး တော်လှန်ရေး လက်နက်ကိုင်တပ်တွေက ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ ရခိုင်၊ ချင်း စတဲ့ ဒေသအများအပြားမှာ စစ်ကောင်စီတပ်တွေကို အနိုင်ရနေတဲ့ ကာလဖြစ်ပြီး စစ်အာဏာရှင်တပ်တွေ အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့အနေနဲ့ စစ်ရေးအရ အသာစီးရလာနေတဲ့ တော်လှန်ရေးအင်အားစုတွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားဖို့နဲ့ တလျှောက်လုံး ရပ်တည်လာတဲ့ စစ်တပ်ရဲ့ အမိန့်ပေးမှုစနစ်အောက်က နယ်ခြားစောင့်တပ် အဖြစ်ကို အဆုံးသတ်ဖို့ တစိတ်တပိုင်း ပုံဖော်လာတဲ့ သဘောလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီကာလက BGF လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို လက်ခံ၊ အကာအကွယ်ပေးထားရာက ရရှိတဲ့ ဝင်ငွေလည်း ခိုင်ခိုင်မာမာရှိနေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ထောက်ပံ့မှုက အခြားသော ဝင်ငွေတွေနဲ့ ယှဥ်ကြည့်ရင် မက်စရာ ပမာဏ မရှိတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းတွေက သင်္ဃန်းညီနောင် ဗျူဟာစခန်း၊ အဆိုပါ စခန်းကိုကာကွယ်ပေးထားတဲ့ ခြေမြန်တပ်ရင်း ၃ ခု ဖြစ်တဲ့ ၃၅၅၊ ၃၅၆၊ ၃၅၇ တို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တုန်းက BGF တပ်ဖွဲ့အနေနဲ့ စစ်တပ်ဘက်ကလည်း တိတိလင်းလင်း ပါဝင်ကူညီတိုက်ခိုက်ခဲ့တာမျိုး မရှိသလို၊ KNLA နဲ့ပူးပေါင်းတပ်တွေကိုလည်း ကူညီခဲ့တာ မရှိပါဘူး။ မြဝတီမြို့ စောင့်တပ်လို့ နားလည်ကြတဲ့ ခလရ ၂၇၅ ကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူတဲ့အချိန်မှာ BGF တပ်ဖွဲ့တွေအနေနဲ့ ခလရ ၂၇၅ က စစ်ကောင်စီတပ်တွေ မြဝတီမြို့ နဲ့ ထိုင်းနယ်စပ်က ချစ်ကြည်ရေး တံတားအမှတ် ၂ ဘက် ဆုတ်ခွာနိုင်အောင် ကူညီပေးခဲ့တာတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် BGF တပ်ဖွဲ့တွေ အနေနဲ့ မြဝတီမြို့လုံခြုံရေးကို ယူထားပေးပြီး မြဝတီမြို့နဲ့ ထိုင်းနယ်စပ် မဲဆောက်မြို့အကြား နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ တာဝန်ယူနေကြတဲ့ စစ်ကောင်စီရဲ့ အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေကို အကာအကွယ်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် BGF အနေနဲ့ စစ်ကောင်စီတပ်တွေ ရင်ဆိုင်နေရတဲ့ အရှုံးကို သက်သာအောင် KNLA နဲ့ ပူးပေါင်းတပ်တွေနဲ့လည်း ရင်ဆိုင်တိုက်ခိုက်တာမျိုး မဖြစ်စေဘဲ နည်းလမ်းရှာ ကူညီခဲ့တာ ဖြစ်ပါတယ်။ KNLA နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ မြဝတီမြို့ကို ပိုင်နိုင်စွာ ထိန်းချုပ်သိမ်းယူဖို့ ကြိုးစားခဲ့ရင် BGF တပ်ဖွဲ့နဲ့ ပွတ်တိုက်မှုတွေ ဖြစ်နိုင်ခြေရှိတာကြောင့်လည်း မြဝတီကို ထိန်းချုပ်တဲ့အထိ မလုပ်ဆောင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကနေ ၂၀၂၅ ခုနှစ်ဆန်းမှာ BGF တပ်ဖွဲ့အနေနဲ့ ကျားဖြန့်ရာဇဝတ်လုပ်ငန်းတွေကို နိုင်ငံတကာက အာရုံစိုက်လာတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားလာပြီး ကျားဖြန့်နှိမ်နှင်းရေးကို အပြသဘောဖြစ်ဖြစ် လုပ်ပြရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ BGF တပ်ဖွဲ့တင်မကပဲ မြဝတီမြို့နယ်ထဲက ထိုင်းနယ်စပ်မှာ BGF လိုပဲ အကာအကွယ်ပေးထားတဲ့ အခြားကရင်လက်နက်ကိုင် တပ်ဖွဲ့ DKBA ကလိုထူးဘော အဖွဲ့အနေနဲ့လည်း ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို လက်ခံ၊ အကာအကွယ်ပေးထားတာကြောင့် ကျားဖြန့် နှိမ်နှင်းရေးကို အတိုင်းအတာတခုထိ လုပ်ပြခဲ့ရတာ ဖြစ်ပါတယ်။ ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေ ကို နိုင်ငံတကာ အစိုးရတွေက အာရုံစိုက်လာချိန်မှာ ကရင်ပြည်နယ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ အဓိက လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ BGF နဲ့ DKBA တို့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ အကူအညီရယူဖို့ ဖြစ်လာစေပါတော့တယ်။
ဒီလက်နက်ကိုင် ၂ ဖွဲ့က စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လုံခြုံရေး အကာအကွယ်ပေးဖို့ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ကြတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းပြရင်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပြန်ရယူဖို့ ကြိုးစားလာရာမှာ BGF ထိန်းချုပ်နယ်မြေထဲက ကျားဖြန့် အဆောက်အဦတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်လာသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ စစ်တပ်က ရွှေကုက္ကိုလ်ဒေသက နယ်မြေအချို့ကို BGFကို အသိပေးခြင်း မရှိဘဲ နေရာဝင်ယူခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တာပါ။ ဒီလတ်တလော အဖြစ်အပျက်တွေက BGF အနေနဲ့ KNA အမှတ်တံဆိပ် ပြောင်းလဲလိုက်တဲ့ အဖြစ်အပျက်နဲ့ တိုက်ရိုက်ဆက်စပ်ခြင်း ရှိ မရှိတော့ တထစ်ချ မပြောနိုင်ပါဘူး။
သို့ပေမယ့် BGF တပ်ဖွဲ့ထဲက အချို့သော တပ်ရင်းတွေက KNA အဖြစ်ပြောင်းလဲရာမှာ မပါဝင်ဘဲ BGF အဖြစ်သာဆက်လက် ရှိနေမယ်လို့လည်း သတင်းအချို့မှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ ဗိုလ်မုတ်သုန် ဦးစီးတဲ့ တပ်ရင်းအချို့က BGF အဖြစ်သာ ဆက်လက်ရှိနေမယ်လို့ အဆိုပါ သတင်းတွေမှာ ဖေါ်ပြထားကြပြီး အခုလို ပြောင်းလဲမယ့် တပ်ရင်းတွေနဲ့ မပြောင်းလဲဘဲ ဆက်လက် ရပ်တည်မယ့်အဖွဲ့တွေ အကြား လက်နက်ကိုင် ပဋိပက္ခလိုမျိုး ဖြစ်ပေါ်လာစရာ မရှိဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။
စောချစ်သူ ဦးဆောင်တဲ့ BGF အနေနဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းနှိမ်နှင်းမယ့် စစ်ဆင်ရေးတွေရဲ့ ဖိအား၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်ဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ စစ်ရေးရည်မှန်းချက်တွေ အကြား ၄င်းတို့အဖွဲ့ ရှင်သန်ရေးအတွက် ဗျူဟာတရပ် နဲ့ ရွေးချယ်စရာ နည်းလမ်းအသွယ်သွယ်ကို စဥ်းစား လုပ်ဆောင်နေတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အချင်းချင်း ရင်ဆိုင် တိုက်ခိုက်တာ ရှောင်လွှဲရေး သဘောထား၊ တဖက်မှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ တပ်ဖွဲ့တွေရဲ့ ရပ်တည်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေရဲ့ ငွေကြေးအကျိုးစီးပွားအတွက် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို လက်ခံ အကာအကွယ်ပေးတဲ့ အနေအထား စတဲ့ နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွား၊ စစ်ရေး ချိန်ခွင်လျှာ စတာတွေက ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသအချို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေ အခင်းအကျင်းတွေ ဖြစ်နေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar