နေပြည်တော်သိမ်းအောင် - ရှင်းလင်းတိကျရန် လိုအပ်သည့် သတင်းမီဒီယာ မေးမြန်းဖြေကြားမှုများ
နေပြည်တော်သိမ်းအောင် - ရှင်းလင်းတိကျရန် လိုအပ်သည့် သတင်းမီဒီယာ မေးမြန်းဖြေကြားမှုများ
မိုးမခ ၊ ဇန်နဝါရီ ၃ ၊ ၂၀၂၆
ဒီရက်ပိုင်းထဲ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)ရဲ့ ‘ပြည်သူများကို အချက်အလက်မှန် ရှင်းလင်းစေရန် တင်ပြခြင်း’ ဆိုတဲ့ ထုတ် ပြန်ချက်တခုကို သတိထားမိတယ်။ NRA ဥက္ကဋ္ဌရဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ YouTube အင်တာဗျူးမှာ NRAနဲ့ ပတ်သက်နေတဲ့အဖွဲ့ဆိုတဲ့ ခေါင်းစဉ်ထဲ ‘ကလလတ’ကို ထည့် သွင်း ဖြေဆိုသွားခဲ့မှုကြောင့် ‘NRAနှင့် မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း’ ပြန်ရှင်းပြခဲ့တာဖြစ်တယ်။ ဒီဇင်ဘာ ၂၂ ရက် နေ့ စွဲနဲ့ စာထုတ်ထားတဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နွေဦးတော်လှန်ရေးတလျှောက်မှာ နေ့နေ့ညည သူပြောကိုယ်ပြော မှန်းဆချက်၊ စွပ်စွဲချက်ပေါင်းများစွာ ရှိပါတယ်။ သို့လော သို့လော ဖြစ်စရာ စကားတွေအတွက် သက်ဆိုင်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပြန်ဖြေရှင်းလေ့ရှိကြတာ နိုင်ငံရေးလောကမှာ အထူးအဆန်း မဟုတ်ပါဘူး။ ပြန်မရှင်းမှသာ ထူးဆန်းတယ်လို့ ပြောရမှာပါ။
အဲဒီ ယူကေအခြေစိုက် မေးမြန်းသူနဲ့ပဲ ပြုလုပ်ခဲ့တဲ့ NRA ဥက္ကဋ္ဌရဲ့ နိုဝင်ဘာလ ၃ ရက် နေ့ အင်တာဗျူးမှာလည်း NUG ကို ရည်ညွှန်းပြီး ‘သူ ပြောတဲ့အတိုင်း နာခံတဲ့ တပ်ရင်းက (၁၀) ရင်းတောင် မရှိဘူး၊ နောက်တခုက အဲဒီတပ်ရင်းတွေကလည်း ပိုက်ဆံရမှ စစ်တိုက်မယ့် အဖွဲ့တွေ ဖြစ်တယ်’လို့ ဖြေခဲ့တယ်။ PDF တပ်ရင်း (၃၆၀) ရင်း လို့ သိနားလည်ထားရတဲ့အထဲက အမိန့်နာခံတဲ့ တပ်ရင်းက (၁၀) ရင်းတောင်မရှိဘူးဆိုတာကတော့ ဘယ်အချက်အလက်ကို ကိုင်စွဲပြောခဲ့သလဲ မသိပါဘူး။ စိတ်မကောင်းပိုဖြစ်စရာက ‘ပိုက်ဆံရမှစစ်တိုက်မယ့် အဖွဲ့တွေ’ ဆိုတဲ့ စကားပါ။ မိမိပြောစကားအတွက်တော့ ပြောကြားသူမှာ တာဝန် ရှိသလို၊ သတင်းမီဒီယာသမားများ အနေနဲ့လည်း တာဝန်ကင်းတယ်လို့တော့ မဆိုနိုင်ပါဘူး။
အချက်အလက် မတိကျတာ၊ မှားယွင်းတာမျိုး ရှိရင် ထောက်ပြတတ်တာက သတင်းသမားတွေရဲ့ အရည်အချင်းတခုပါ။ အခုတော့ ပြောချင်ရာပြော ဆိုပြီး လွှတ်ထားပေးလိုက်တာလား၊ အိမ်စာလုပ်မထားလို့ မသိခဲ့ကြတာလား ဆိုတာ စဉ်းစားစရာပါ။
တနေရာမှာ ပြောချင်သလို ပြောပြီးရင် ပြီးပြီးပျောက်ပျောက်လို့ပဲ သဘောထားကြလေသလားလို့လည်း တွေးမိပါသေးတယ်။ တခြား သတင်းမီဒီယာတွေနဲ့ အင်တာဗျူးတဲ့အခါမှာလည်း ဘယ်ဂျာနယ်လစ်ကမှ အထက်က စကားရပ်အတွက် ထပ်မေးမြန်းပေးခဲ့တာကို သတိမထားမိခဲ့ပါဘူး။
နိုင်ငံတကာမှာတော့ ဝမ်းစာပြည့်ဝတဲ့ သတင်းသမားများက မှားယွင်းတဲ့ စွပ်စွဲမှု၊ အငြင်းပွားစရာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာပဲ ပြောခဲ့ပြောခဲ့ မလွတ်တမ်း ပြန်မေးမြန်းကြ၊ ကိုယ်ပြောတဲ့စကား ကိုယ် တာဝန် ပြန်ယူကြစေပါတယ်။ သူတို့က နားထောင်သူ ပရိသတ်ကို သတင်းအချက်အလက် မှန်မှန်ကန်ကန် ရစေချင်တဲ့ စေတနာလည်း ပိုထားရှိကြဟန်တူပါတယ်။
အခုဆောင်းပါးရေးနေတုန်းမှာ ‘ကလလတ’လိုပဲ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance- SRA)အနေနဲ့ ထွက်ရှင်းတာများ ရှိလေမလားဆိုပြီး စောင့်မျှော်နေမိတာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အထက်က အလွတ်တန်း ဂျာနယ်လစ်ကပဲ BNRA စစ်ဦးစီးချုပ်နဲ့ သီးသန့်မေးမြန်းခန်းတခု မကြာမီက ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ BNRA စစ်ဦးစီးချုပ်က ‘SRA နဲ့ပတ်သက်ပြီး စကားပြောကြတဲ့အချိန်မှာတောင်မှ NUG က BNRA ကိုမထည့်ဖို့ ပြောတယ်’ ဆိုတဲ့ကိစ္စ၊ ‘လက်ရှိ ဦးဆောင်မှုရဲ့ စိုးရိမ်စရာ အခြေအနေတွေကို အရန်သင့်ပြင်ဆင်အစားထိုးနိုင်ဖို့ ဆိုတဲ့ အခြေအနေတွေလည်း ကျနော်တို့ ခံစားမိတာရှိတယ်၊ နားလည်မိတာ ရှိတယ်’ ဆိုတဲ့ ပြောစကားတွေက လေးလေးနက်နက် ထားရမဲ့ အချက်တွေ ဖြစ်တယ်။ အဓိပ္ပာယ်ကောက်လွဲစေနိုင်တဲ့ စကားတွေ ဖြစ်တဲ့အတွက်ပါ။
NUG ဘက်က ပြောခဲ့၊ မပြောခဲ့နဲ့ပတ်သက်ပြီး SRA က အတည်ပြုပေးသင့်သလို၊ NUG အနေနဲ့ကလည်း လိုအပ်သလို ပြန်ဖြေရှင်းပေးရပါလိမ့်မယ်။ SRA ကို ‘အရန်သင့်ပြင်ဆင် အစားထိုးနိုင်ဖို့’ ဆိုပြီး ဖွဲ့စည်းခဲ့တာလို့ BNRA စစ်ဦးစီးချုပ် ခံစားနားလည်မိသွားလေအောင် ဘာတွေများ ပြောဆိုခဲ့ကြသလဲ (သို့မဟုတ်) ဘာတွေမှ မပြောခဲ့ကြပါဘူး ဆိုတာမျိုးကိုလည်း SRA ဘက်က ပြန်ဖြေရှင်းပေးသင့်ပါတယ်။
SRA တပ်ပေါင်းစုဖွဲ့မှုကို စိုးရိမ်သူများ ရှိသလို၊ အကောင်းမြင်ကြတာကိုလည်း တွေ့ရပါတယ်။ NUG မစုစည်းပေးနိုင်ခဲ့တဲ့ မြေပြင်အင်အားစုတွေကို စုစည်းလိုက်နိုင်တာက ကြိုဆိုစရာပါ။ KNDF, BPLA, CB တို့အပါအဝင် မြေပြင်မှာ လူသိများတဲ့ တော်လှန်ရေးအဖွဲ့တွေ ဖြစ်တဲ့အတွက် စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ SRA ရဲ့ ပြောရေးဆိုခွင့် ရှိသူများကလည်း ရှေ့က တပ်ပေါင်းစု ဖွဲ့သွားသူများလို၊ NUG အပေါ် အတိုက်အခိုက် စကားလုံးတွေ ရှောင်ကြဉ်ပြီး ညီညွတ်ရေးရှေးရှု ရှင်းလင်းဖြေကြားကြတဲ့အတွက်၊ အပေါင်းလက္ခဏာဆောင်တဲ့ စုစည်းမှုအဖြစ် စိတ်အားတက် ကြပါတယ်။
SRA ဟာ စင်ပြိုင်ဖွဲ့တာမျိုး မဟုတ်ဘူးလို့ပဲ ဖြေကြားထားချက်တွေအရ နားလည်ထားပါတယ်။ ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိမှာ မုချ ဖြစ်ပေမဲ့၊ ‘အရန်သင့်ပြင်ဆင်အစားထိုးနိုင်ဖို့’ ဆိုတဲ့စကားလုံးကတော့ စုစည်းညီညွတ်စေလိုသူများအတွက် ပူပင်စရာဖြစ်စေပါတယ်။ ဒါကြောင့် SRA အနေနဲ့ ရှင်းပြသင့်တာတွေကို ခပ်မြန်မြန်ပဲ ရှင်းလင်းပေးသင့်တယ်လို့ မြင်မိပါတယ်။
SRA ဖွဲ့စည်းမှုဟာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တဲ့ ကွက်လပ်တခုကို ဖြည့်ဆည်း ပေးခဲ့တာလို့ ယူဆနိုင်ပါတယ်။ ဒီSRA ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်မှာ NUG ရဲ့ MOD၊ တချို့သော EROs များနဲ့ ABSDF တို့က အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးပေးခဲ့တာကိုလည်း သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ EROs၊ MODနဲ့ SRA လို တပ်ပေါင်းစုတွေကြား စစ်ရေးအရ ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို NUG အနေနဲ့ မျှော်လင့်ထားတယ်လို့ အတိအလင်း ပြောကြားထားမှုတွေကလည်း၊ ပွတ်တိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် အားထုတ်ကြပြီး ဘုံရန်သူအပေါ် ပူးတွဲ စစ်ဆင်ရေး ပြုလုပ်ဖို့ စဉ်းစားထားကြတယ်လို့ အကောင်းဘက်က ရှုမြင်နိုင်ပါတယ်။
အချုပ်အားဖြင့်တော့ တာထွက်ကောင်းခဲ့တယ်လို့ဆိုရမယ့် ဒီစုဖွဲ့မှုအပေါ် ပြည်သူက ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့၊ အမေးအဖြေ ပြုလုပ်မှုတွေကို မေးမြန်းသူ ဖြေ ကြားသူတွေအနေနဲ့ သတိကြီးကြီး ထားသင့်ပါတယ်။
၂၀၂၆ ခုနှစ်သစ် ရောက်ရှိတဲ့အခါမှာတော့ တော်လှန်ရေးခရီးလမ်းကို အထောက်အကူပြုစေနိုင်ရန်အတွက်၊ သတင်းမီဒီယာသမားများဘက်ကလည်း မိမိတို့အခန်းကဏ္ဍမှာ ကုန်လွန်ခဲ့တဲ့ နှစ်များထက် ပိုပြီးသတိရှိရှိ၊ တာဝန်သိသိ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar