မျိုးအောင်လင်း - ကမ္ဘာကျော် သတင်းဓာတ်ပုံတပုံကို ရိုက်ယူသူအမှန် ဇာတ်ကြောင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာ
မျိုးအောင်လင်း - ကမ္ဘာကျော် သတင်းဓာတ်ပုံတပုံကို ရိုက်ယူသူအမှန် ဇာတ်ကြောင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာ
မိုးမခ ၊ ဇန်နဝါရီ ၂ ၊ ၂၀၂၆
၁၉၇၂ ခုနှစ် ဇွန်လ မိုးရာသီ နေ့တနေ့ တောင်ဗီယက်နမ်နိုင်ငံ Trang Bang ကျေးရွာအနီးမှာ Viet Cong (မြောက်ဗီယက်နမ် တော်လှန်ရေးတပ်သား) တွေ ခိုအောင်းနေတယ်လို့ သံသယရှိတဲ့ နေရာကို အမေရိကန်အစိုးရ အားပေး ထောက်ခံထားတဲ့ တောင်ဗီယက်နမ် အစိုးရလေတပ်က လေယာဥ်တွေက မီးလောင်ဗုံး၊ ဖော့စ်ဖောရပ်ဗုံးတွေ ကြဲချခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ခပ်လှမ်းလှမ်းကနေ စောင့်ကြည့် သတင်းယူနေတဲ့ အမေရိကန် သတင်းဌာနတွေက သတင်းဓာတ်ပုံသမားတွေ နဲ့ ရုပ်သံသတင်းသမားတွေ စောင့်ကြည့်နေကြတာပါ။
ခပ်နိမ့်နိမ့်သာ ပျံလာတဲ့ လေယာဥ်က ကြဲလိုက်တဲ့ မီးလောင်ဗုံးတွေ မြေပြင်ပေါ်မှာ အဝါရောင် မီးတန်းတွေ၊ မီးလုံးတွေလို ဖြာထွက်သွားတဲ့ မြင်ကွင်းတွေကို သတင်းသမားတွေက သတင်းဓာတ်ပုံနဲ့ ရုပ်သံတွေ ရိုက်ယူနေကြတာပါ။ ဗုံးကြဲပြီး မိနစ်အနည်းငယ်အကြာမှာတော့ မီးလောင်ဗုံးဒဏ် ခံစားလိုက်ရတဲ့ ကလေးငယ်တွေနဲ့ လူကြီးတွေ သတင်းသမားတွေနဲ့ လုံခြုံရေးအစောင့်တွေ ရှိတဲ့ဘက်ကို ဦးတည် ထွက်ပြေးလာကြတာကို သတင်းသမားတွေနဲ့ တောင်ဗီယက်နမ် လုံခြုံရေးတပ်တွေ တွေ့မြင်လိုက်ကြရပါတယ်။ အသက် ၉ နှစ်၊ ၁၀ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်တဦး မီးလောင်ဗုံးဒဏ်ကြောင့် ကိုယ်ခန္ဓာမှာ အဝတ်တွေ မကပ်နိုင်တော့ပဲ အဝတ်မပါ ကျောပြင်မှာ မီးလောင်ဒဏ်ရာကြောင့် အရေပြားတွေ လန်နေပြီး အော်ငိုကာ ထွက်ပြေးလာတာကို သတင်းသမားတွေ တွေ့ကြရပါတယ်။
အမေရိကန် သတင်းဌာနတွေက ရုပ်သံသတင်းသမားတွေရော၊ ဓာတ်ပုံသတင်းသမားတွေပါ မီးလောင်ဗုံး ဒဏ်ခံစားရတဲ့ မိန်းကလေးငယ်ကို ဓာတ်ပုံ၊ ရုပ်သံရိုက်ယူကြပြီး မိနစ်ပိုင်းအကြာမှာ မိန်းကလေးငယ်ကို ဆေးရုံပို့ဖို့ လုပ်ဆောင်ပေးခဲ့ကြပါတယ်။
မီးလောင်ဗုံးဒဏ်ကြောင့် ကိုယ်ခန္ဓာ မီးလောင်ပြီး အဝတ်မပါနဲ့ လမ်းမတလျှောက် ငိုပြီးအကူအညီတောင်းဖို့ ပြေးလာနေတဲ့ မိန်းကလေးငယ်ရဲ့ သတင်းဓာတ်ပုံဟာ နောက်တနေ့နံနက် အမေရိကန်သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာ သတင်းစာတွေမှာ သတင်းဓာတ်ပုံအဖြစ် ဖော်ပြခဲ့ကြပါတယ်။ ဒီသတင်းဓာတ်ပုံက ဗီယက်နမ်နိုင်ငံတခုလုံး ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်မှာကို စိုးရိမ်တာကြောင့် ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုအောက်က လွတ်မြောက်လာတဲ့ ဗီယက်နမ်နိုင်ငံကို တောင်မြောက် ၂ ပိုင်းခွဲခြားကာ တောင်ဗီယက်နမ်ကို အမေရိကန်က စစ်တပ်၊ လက်နက်ခဲယမ်း၊ ဘဏ္ဍာငွေကြေး ထောက်ပံ့ပြီး မြောက်ဗီယက်နမ်နဲ့ စစ်ပွဲဆင်နွှဲလာခဲ့တဲ့ “ဗီယက်နမ်စစ်ပွဲ”ကို အမေရိကန် ပြည်တွင်းမှာ လူထုက ဆန့်ကျင်မှုတွေ အရှိန်မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းဓာတ်ပုံထဲက အဖြစ်မျိုးနဲ့ မလျော့တဲ့ အရပ်သား ထိခိုက်သေဆုံးမှု၊ ကလေးသူငယ်တွေ မချန် ပစ်သတ်တာတွေဟာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာ ဖြစ်ပေမယ့် အခု သတင်းဓာတ်ပုံက စစ်ပွဲရဲ့ ရက်စက်မှုတွေရဲ့ မျက်နှာစာတခုကို လှစ်ဟပြလိုက်သလို ဖြစ်စေပြီး အမေရိကန်လူထုက ဗီယက်နမ်စစ်ပွဲကို အင်တိုက်အားတိုက် ဆန့်ကျင်မှု ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
ဒီ သတင်းဓာတ်ပုံဟာ ဗီယက်နမ် စစ်ပွဲတလျှောက် ထင်ရှားတဲ့ သတင်းဓာတ်ပုံ အနည်းငယ်အနက်က တပုံ ဖြစ်ပါတယ်။ ဒီသတင်းဓာတ်ပုံကို ရိုက်သူ သတင်းဓာတ်ပုံသမားက ဗီယက်နမ်လူမျိုး Nick Ut ဖြစ်ပြီး AP လို့ အတိုကောက်ခေါ်တဲ့ Associated Press သတင်းဌာနက သတင်းဓာတ်ပုံသမား ဖြစ်ပါတယ်။ ဒီသတင်းဓာတ်ပုံကို ရုတ်တရက် တွေ့လိုက်တဲ့အခါ အဝတ်မပါရှိတဲ့ မိန်းကလေးငယ်ရဲ့ ပုံဖြစ်နေတာကြောင့် ကျင့်ဝတ်ရှုထောင့်အရ ဖော်ပြဖို့ သင့်ရဲ့လားဆိုတဲ့ အတွေးပထမဆုံး ပေါ်လာမှာ ဖြစ်ပေမယ့် သတင်းဓာတ်ပုံအယ်ဒီတာအနေနဲ့ တဖက်မှာလည်း စစ်ပွဲရဲ့ သရုပ်ကို ထင်ဟပ်စေတဲ့ သတင်းဓာတ်ပုံဖြစ်လိမ့်မယ်ဆိုတဲ့ အမြင်က လူအများသိအောင် ဖော်ပြဖို့တွန်းအားဖြစ်စေတာပါ။ ဒီအတွေးနဲ့ တောင်ဗီယက်နမ် ဆိုင်ဂုံမြို့မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ AP သတင်းဌာနရဲ့ တောင်ဗီယက်နမ်ရုံးက ဒီသတင်းဓာတ်ပုံကို တိုကျိုကတဆင့် AP ရုံးချုပ်ကို ပေးပို့လိုက်ပါတော့တယ်။
နောက်ရက်မှာတော့ ဒီသတင်းဓာတ်ပုံဟာ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ကြပြီး မှန်းဆထားတဲ့အတိုင်း ကမ္ဘာကျော် သတင်းဓါတ်ပုံတပုံ၊ ဗီယက်နမ်စစ်ရဲ့ ရက်စက်မှုတွေကို လှစ်ဟပြလိုက်တဲ့ သတင်းဓာတ်ပုံတပုံအဖြစ် အခုချိန်ထိ သမိုင်းထဲက သတင်းဓါတ်ပုံတပုံအဖြစ် လူအများက သိရှိခဲ့ကြတဲ့ ဓာတ်ပုံတပုံဖြစ်ခဲ့ပါတယ်။ ဒီသတင်းဓာတ်ပုံအတွက် သတင်းဓာတ်ပုံသမား Nick Ut ဟာ ၁၉၇၃ ခုနှစ်မှာ ကမ္ဘာ့သတင်းလောကမှာ အမြင့်ဆုံးအသိအမှတ်ပြုမှုဆုဖြစ်တဲ့ ပူလစ်ဇာဆုကို လက်ခံရရှိခဲ့ပါတယ်။
မကြာသေးခင် နှစ်တွေက ဒီသတင်းဓာတ်ပုံနဲ့ ပတ်သက်လို့ အမှန်တကယ် ရိုက်ကူးသူ၊ ဒီမြင်ကွင်းကို ကင်မရာရဲ့ viewfinder ကကြည့်ပြီး ကင်မရာရှပ်တာ ခလုတ်ကို အမှန်တကယ်နှိပ်သူက အများသိကြတဲ့ Nick Ut မဟုတ်ဘူးဆိုတဲ့ သမိုင်းကြောင်းကို ထိုစဥ်က ဆိုင်ဂုံမြို့ AP သတင်းရုံးခန်းထဲမှာ သတင်းဓာတ်ပုံ အယ်ဒီတာ တာဝန်ယူခဲ့သူ ကားလ်ရော်ဘင်ဆန်က ထုတ်ပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားတဲ့နေ့ သတင်းသွားယူပြီး ပြန်လာကြတဲ့နောက် သတင်းခန်းမှာ ရိုက်ကူးလာတဲ့ ဖလင်တွေကို ဖလင်ဆေးပြီးနောက် ဖလင်ရဲ့ ဘယ်အကွက်ကို ယူမယ်၊ ဘယ်လို စာသားရေးမယ် စသဖြင့် သတင်းခန်းရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ဖလင်ရဲ့ ဒီအကွက်ကိုတော့ ဒီဓာတ်ပုံ သတင်းထောက် နာမည်တပ်ပါလို့ ညွှန်ကြားသူက AP သတင်းဌာန ဆိုင်ဂုံရုံးခွဲရဲ့ တာဝန်ခံဖြစ်သူလို့ သတင်းဓာတ်ပုံ အယ်ဒီတာ ဖြစ်သူက နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
သူ့အနေနဲ့ ဒီသတင်းဓာတ်ပုံဟာ ဒီသတင်းဓာတ်ပုံကို အမှန်တကယ်ရိုက်သူဟာ အမည်တပ်ထားသူ မဟုတ်မှန်း သိနေတဲ့ အသိက အမှန်တရားတရပ်ကို ဖုံးကွယ်ထားသလို ခံစားချက်ကို နှစ်ပေါင်းများစွာ သယ်ဆောင်ထားပြီးနောက် အသက်မသေခင်မှာ ထုတ်ဖော်ပြောဆိုဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
ကမ္ဘာကျော် သတင်းဓာတ်ပုံတပုံရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ပြန်လည်စုံစမ်းစစ်ဆေးစရာ ကိစ္စတရပ်က နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပေါ်ပေါက်လာပါတယ်။ ဒီသတင်းဓာတ်ပုံရဲ့ မူရင်းရိုက်ကူးသူ အစစ်အမှန်ဟာ AP သတင်းဌာနရဲ့ ဝန်ထမ်းမဟုတ်တဲ့ Nguyen Thanh Nghe လို့ အမည်ရတဲ့ အလွတ်တန်း သတင်းဓာတ်ပုံသမားတဦး ဖြစ်တယ်လို့ Netflix မှာ ထုတ်လွှင့်တဲ့ The Stranger အမည်ရှိတဲ့ ရုပ်သံမှတ်တမ်းက ဆိုပါတယ်။ ကမ္ဘာကျော်ခဲ့တဲ့ ဒီသတင်းဓာတ်ပုံအတွက် ရိုက်ကူးသူအနေနဲ့ သတင်းဓာတ်ပုံခ ဒေါ်လာ ၂၀ လက်ခံရရှိပြီး ဓာတ်ပုံဖလင်ကို ကူးဆေးထားတဲ့ ဓာတ်ပုံတပုံကို လက်ခံရရှိတယ်လို့ မှတ်တမ်းရုပ်ရှင်က ဆိုပါတယ်။
ကမ္ဘာကျော် သတင်းဓာတ်ပုံရဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အငြင်းပွားကြတာမဟုတ်ဘဲ သတင်းဓာတ်ပုံကို ရိုက်ကူးသူရဲ့ အမည်ကို ဖုံးကွယ်နေတဲ့ အဖြစ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ငြင်းခုံစရာကိစ္စတရပ် နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီးနောက်မှာ ပေါ်ထွက်လာတဲ့ သဘောဖြစ်ပါတယ်။
AP လို ကမ္ဘာ့အကြီးဆုံး သတင်းအေဂျင်စီ အနေနဲ့ သတင်းဓာတ်ပုံဆိုင်ရာ ကျင့်ဝတ်၊ သတင်းခန်းလုပ်ထုံးလုပ်နည်း ကျင့်ဝတ်ဆိုင်ရာမှာ အမှားအယွင်းရှိခဲ့သလားဆိုတဲ့ မေးခွန်းပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက် AP သတင်းဌာနကလည်း တနှစ်ကြာ စုံစမ်းမေးမြန်းမှု၊ ပြန်လည်သုံးသပ်မှုလုပ်ပြီး အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာ အရ သတင်းဓာတ်ပုံ ရိုက်ကူးတဲ့ ကင်မရာ အမျိုးအစား၊ သတင်းဓာတ်ပုံ ရိုက်ကူးသူလို့ အများသိရှိသူ Nick Ut ရဲ့ တည်နေရာ စတဲ့အချက်တွေက သုံးသပ်စရာ ဖြစ်နေပေမယ့် Nick Ut ရိုက်တဲ့ ဓာတ်ပုံမဟုတ်ဘူးဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မတွေ့ရဘူးလို့ဆိုပြီး နှစ်ကာလတွေ ကြာသွားချိန်မှာ အဆိုပါအထောက်အထားတွေကို ရရှိဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်ကြောင်း ဖော်ပြထားသော်လည်း အဆိုပါ သတင်းဓာတ်ပုံ ရိုက်ကူးသူအဖြစ်နဲ့တော့ Nick Ut အမည်ကို ဆက်လက်ဖော်ပြထားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
သို့ပေမဲ့ သတင်းဓာတ်ပုံနဲ့ပတ်သက်လို့ ပညာသည်အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ World Press Photo အဖွဲ့ကလည်း ပြန်လည်သုံးသပ်မှု၊ လေ့လာစုံစမ်းမှုတွေ လုပ်ပြီး ဒီသတင်းဓာတ်ပုံကို ရိုက်ကူးသူ Nick Ut ရဲ့ အမည်ကို ဒီသတင်းဓာတ်ပုံနဲ့ တွဲဖက် ဖော်ပြမှာ မဟုတ်ကြောင်း၊ Nick Ut ကို ဒီသတင်းဓာတ်ပုံ ရိုက်ကူးသူအဖြစ် အသိအမှတ်ပြုမှုကို ဆိုင်းငံ့လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သတင်းဓာတ်ပုံပါ အကြောင်းအရာ သတင်းဓာတ်ပုံရဲ့ နောက်ခံအဖြစ်အပျက်၊ ဓာတ်ပုံရဲ့ စစ်မှန်မှုတွေက ဘာမှ အငြင်းပွားစရာ မရှိဘဲ သတင်းဓာတ်ပုံကို အမှန်တကယ် ဘယ်သူ ရိုက်ကူးသလဲ ဆိုတဲ့ အငြင်းပွားမှုကို လူအများက နားလည်ချင်မှ နားလည်ကြပါလိမ့်မယ်။ ဒီသတင်းဓာတ်ပုံရဲ့ အကျိုးသက်ရောက်မှုက သမိုင်းထဲမှာ မှတ်တမ်းတင်ခဲ့ကြပြီးပြီပဲ။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ ဘာကြောင့် ဘယ်သူက ဒီဓာတ်ပုံကို ရိုက်သူအမှန်လဲဆိုတဲ့ အငြင်းပွားမှုက အရေးကြီးသေးလားဆိုတဲ့ အတွေး တွေးကောင်းတွေးကြပါလိမ့်မယ်။
သတင်းမီဒီယာကျင့်ဝတ်၊ ပညာသည်ကျင့်ဝတ်၊ တရားမျှတမှု၊ ဖုံးကွယ်နေတဲ့ အမှန်တရား စတာတွေက အခုလို အငြင်းပွားမှု၊ နှစ် ၅၀ ကျော်ကြာ ဖွင့်မပြောဘဲ သိမ်းထားခဲ့တဲ့ ဓာတ်ပုံအယ်ဒီတာရဲ့ ခံစားချက် ဒီသတင်းဓါတ်ပုံရဲ့ ရိုက်သူ အဖြစ်နဲ့ ဘဝတလျှောက်လုံး အသိအမှတ်ပြုခံခဲ့ရသူရဲ့ ဂုဏ်သိက္ခာ စတာတွေကို The Stringer ဆိုတဲ့ ရုပ်သံမှတ်တမ်းက ပြန်လည် စုံစမ်းရှာဖွေစေဖို့ ဖြစ်လာခဲ့ပါတယ်။
သမိုင်းခေတ်တခေတ်မှာ စစ်ပွဲရဲ့ သရုပ်၊ အဖြစ်အပျက်တွေရဲ့ ပုံရိပ်၊ စစ်ပွဲဒဏ်ခံစားရသူတွေရဲ့ အဆုံးစွန်သောခံစားချက်တွေကို ဖော်ပြရင်း အမှန်တရားကို ရှာဖွေခြင်းဟာ သတင်းဓာတ်ပုံ အသက်မွေးဝမ်းကျောင်းရဲ့ ဖယ်ထုတ်လို့မရတဲ့ အသက်သွေးကြောဖြစ်တာနဲ့အညီ အမှန်တကယ် ဒီဓာတ်ပုံရိုက်သူက ဘယ်သူလဲ ဆိုတာလည်း အမှန်တရားတရပ် ဖြစ်နေတာကြောင့် တတ်နိုင်သရွေ့ သဲလွန်စ၊ နောက်ကြောင်းပြန် စုံစမ်းရှာဖွေဖို့ လုံလောက်တဲ့ စေ့ဆော်မှုတရပ် ဖြစ်နေတာလို့ ဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar