နှင်းခါးမိုး - "မရေးတော့ဘူးဆိုပြီးမှရေးဖြစ်တဲ့ နှစ်ကူးကဗျာ"
Art- Than Htay Maung
"မရေးတော့ဘူးဆိုပြီးမှရေးဖြစ်တဲ့ နှစ်ကူးကဗျာ"
နှင်းခါးမိုး
(မိုးမခ) ဇန်နဝါရီ ၂၀၂၆
တော်တော်ဆိုးတဲ့နှစ်ပါ
ပြန်မပြောချင်လောက်အောင်ဆိုးပါတယ်။
ဘယ်သူကြိုသိမလဲ
တိုက်ကြီးပြိုကျမယ်လို့
မြေကြီးဟာနှစ်ခြမ်းကွဲသွားမယ်လို့
ရေတွေခေါင်မိုးပေါ်အထိရောက်လာမယ်လို့
ရွာဦးကျောင်းပါပြာကျသွားမယ်လို့
စာသင်ကျောင်းကကလေးတွေ ဆေးရုံပေါ်ကလူမမာတွေဟာ
ဖက်ဆစ်ဘီလူးရဲ့စပယ်ရှယ်မီနူးတွေဖြစ်လာလိမ့်မယ်လို့။
ငါကိုယ်တိုင်လည်းကြိုမသိခဲ့ဘူး
ကံကြမ္မာရဲ့ စနိုက်ပါစာမိမှာ
ညနေခင်းလေညှင်းခံထွက်တုန်း ဘရိတ်ပေါက်လာတဲ့ကားတစင်းဝင်တိုက်မှာ
တိမ်တွေကိုငေးကောင်းနေတုန်း အသေခံဒရုန်းစိုက်ဆင်းလာမှာ
ချစ်သူပြင်ထားတဲ့ညစာစားပွဲမှာ ဝိုင်ပုလင်းကိုဖောက်နေတုန်း ပေါင်ငါးရာဗုံးကြီးကျလာမှာ။
ကြိုသာမသိခဲ့တာ
ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကတော့ လက်ခံထားပြီးသားပဲမဟုတ်လား
အသက်ပေးပြီးသိမ်းထားတဲ့မြို့တွေကိုလည်း ပေါင်မုန့်နဲ့လဲစားချင်စားရမယ်
သေနတ်တလက်ထဲအတူပစ်ခဲ့တဲ့ကောင်တွေရဲ့ပြောင်းဝကနေလည်း ရန်သူ့ကျည်ထွက်ချင်ထွက်လာနိုင်တယ်
ငယ်ငယ်တုန်းကဗိုလ်ချုပ်အောင်ဆန်းတွေကလည်း ကြီးလာတော့ဂဠုန်ဦးစောဖြစ်သွားတာ ဘာဆန်းလို့လဲ။
ပွဲတွေမှာကဗျာရွတ်လိုက်
လိုင်းပေါ်တက်ဆဲလိုက်
တာဝန်ကျေတော်လှန်ရေးလေးလုပ်လိုက်နဲ့
ကိုယ့်သမိုင်းကိုယ်လေချဉ်တက်ကောင်းနေတုန်း
ဆေးရုံကုတင်ပေါ်ရောက်
ရောဂါဆိုးကြီးနဲ့နပမ်းသတ်
နာတာရှည်လူမမာကြီးလုံးလုံးဖြစ်ပြီး
ဘယ်သူမှအသုံးမလိုတော့တဲ့ပစ္စည်းတခုလို အထီးကျန်ထောင့်လေးထဲ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ပင့်ကူမျှင်တွေရစ်ပတ်လို့
ငါ့အတွက်တော့ တော်တော်ဆိုးတဲ့နှစ်ပါကွာ။
အဆိုးထဲကအကောင်းပေါ့တဲ့
သူငယ်ချင်းတယောက်ကအားပေးတယ်
ဘာတွေကောင်းလဲသာ မသိတာ
မင်းနဲ့အတူ တပါတည်းခေါ်မသွားသေးတာပဲ ကျေးဇူးတင်လှပါတယ်နှစ်ထောင့်နှစ်ဆယ့်ငါးရယ်
ဘာမှသာ ကြိုမသိနိုင်တာ
၂၀၂၆ ကိုတော့ သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းလိုက်ချင်ပါသေးရဲ့
ထွက်ပေါက်ရှာတဲ့ကောင်တွေ ထောင်ချောက်ထဲကားယားမိတာ ကြည့်လိုက်ချင်ပါသေးရဲ့၊
ဆိုးချင်သလောက်ဆိုးပါစေ
ပြန်မပြောချင်တာတွေကို ပြန်ပြောနိုင်သေးသရွေ့
ဘာမဆိုဖြစ်လာနိုင်တာပဲမဟုတ်လား။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
