နေသွင်ညိဏ်း - အချိန်ယန္တယား၊ အမှားသံသရာ
အချိန်ယန္တယား၊ အမှားသံသရာ
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၆
‘ အတိတ်မေ့ရောဂါစွဲနေတဲ့လူမျိုးဟာ အတိတ်အမှားထဲမှာ သေမိန့်ကျရမယ့် လူမျိုးဖြစ်တယ် '
ပါမောက္ခ ဂျော့ချ် စန်တာယာနာ ( ၁၈၆၃-၁၉၅၂)
နှစ်ကုန်ခါနီးတော့ အချိန် ယန္တယားအကြောင်းကို စဉ်းစားမိတယ်။ ပြီးတော့ သိပ္ပံရုပ်ရှင်တွေထဲကလို အချိန်ကို နောက်ပြန်လှည့်လို့ ရရင် ဘယ်ခုနှစ်အနားထိ ပြန်လှည့်သွားရင်ကောင်းမလဲ လို့ စိတ်ကူးကြည့်တယ်။
တာရာမင်းဝေရဲ့ နာမည်ကြီး ကျောင်းဖွင့်ချိန်ကဗျာမှာ ကိုအောင်ဆန်းတို့ မီးဒုတ်ကျောင်းသားတွေကို အသက်ပြန်သွင်းထားတယ်။ ဟစ်တလာဟာ သူ့ပါးစပ်ထဲကနေ ကျည်ဆံတွေထုတ် မြေဖြူခဲတွေလုပ်ပြီး ကျောင်းသင်ပုန်းမှာ ‘ကျောင်းဖွင့်ပြီ’ ဆိုတဲ့ စာသားကို ရေးတယ်။ ကိုအောင်ဆန်းတို့အုပ်စုတွေ ကျောင်းခန်းထဲကနေ တယောက်ပြီး တယောက် ဘွိုင်းကောက်ထွက်ခွါသွားကြတယ်။ ကဗျာထဲမှာ သမိုင်းထဲက သူရဲကောင်းတွေ အသက်ပြန်ရှင်နေတယ်။ အပြင်မှာ သူတို့ဝိညာဉ်တွေ ပြန်ရှင်သန်လာတယ်။
စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေမှာ သူရဲကောင်းတွေသေဆုံးသွားတဲ့အခါ မသေတဲ့သူရဲကောင်းတယောက်က သူ့ရဲဘော်တွေကို ကယ်ဖို့ အတိတ်ကို ပြန်သွားခဲ့တယ်။ တရားမျှတမှုနဲ့ လောကကြီးကို ကယ်ဖို့ သူ့ကိုယ့်သူစတေးတဲ့ နောက်ဆုံးနည်းလမ်းတခုပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ဟာ စိတ်ကူးယဉ်ရုပ်ရှင်ထဲကလို ဒီနည်းကို မသုံးနိုင်ကြပါဘူး။
ကျနော်ဆက်၍ရေးချင်သောဝတ္ထုများထဲမှာ စာရေးသူ (ဆရာမြသန်းတင့်) က သူနှစ်သက်တဲ့ ဇာတ်ကောင်တွေနဲ့စကားပြောခဲ့တယ်။ ဒါက အတိတ်ကို ပြန်သွားခြင်းတမျိုးပဲလို့ ကျနော်ထင်တယ်။ အနည်းဆုံးတော့ ကျနော်တို့ဟာ ကိုယ်ရဲ့ သူရဲကောင်းတွေရဲ့ စိတ်နေစိတ်ထားတွေနဲ့ မိမိကိုယ်က်ု ပြန်ပြီး အားသစ်စေနိုင်ကောင်းပါတယ်။ ‘ဓား’ ဝတ္ထုထဲက ဇာတ်ကောင်က သူဝသီအတိုင်း ‘ရန်သူကို လက်စားချေ’ လို့ ပြောပြီး အမှောင်ကြားထဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
ရှုပ်ထွေးတဲ့ ရူပဗေဒသဘောတရားတွေအရ အလင်းရဲ့အလျင်ထက်လျင်မြန်တဲ့နှုန်းနဲ့ ခရီးသွားနိုင်ရင် အတိတ်ပြန်ရောက်သွားနိုင်ပါတယ်တဲ့။ ဒီလိုဆိုရင် ကျနော်တို့ သာယာဝပြောတဲ့ပုဂံခေတ်ဆီကို ပြန်သွားမလား။ ဒါမှမဟုတ် ရှင်ဘုရင်အစ စာပေအနုပညာနဲ့ပျော်မွှေ့တဲ့ အင်းဝ၊ တောင်ငူခေတ်အထိ ပြန်သွားမလား။ ကံဆိုးလို့ သက္ကရာဇ် အနည်းငယ် လွဲချော်သွားခဲ့ရင်တော့ လူလူချင်း သတ်ဖြတ်ညှဉ်းဆဲ၊ ညီအစ်ကိုချင်းသတ်၊ သားက အဖေကိုသတ်တဲ့ ခုနှစ်တွေဆီလည်း ပြန်ရောက်သွားနိုင်ပါတယ်။ ဘာလို့ဆို မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းတဲ့ခေတ်ဆိုတာ ကြုံတောင့်ကြုံခဲမဟုတ်လား။
ကျနော်တို့နေထိုင်နေတဲ့ခေတ်ကရော ဘာထူးဦးမလဲ။ တခါတလေ အခု ကျနော်တို့ ရောက်နေတဲ့ ခေတ်ဟာ နိုင်ငံရေးယဉ်ကျေးမှုနိမ့်ကျတဲ့အတိတ်ခေတ်တခေတ်လားဆိုတာ သိပ်မသဲကွဲဘူး။ သေချာတာက ၂၀၂၁ ဇန်နဝါရီလ ၃၁ ည မှာ ကျနော်အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတဲ့အခါ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ၊ ရုပ်မြင်သံကြားစက်တွေ ဖွင့်မရတော့ဘူး။ အဲဒီကတည်းက ကျနော်တို့ဟာ ပုဂံရာဇဝင်ထဲက အလောင်းစည်သူရဲ့သားတော် နရသူမင်းလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ မင်းအုပ်ချုပ်တဲ့အတိတ်ခေတ်တခေတ်ကို ပြန်ရောက်သွားတာပါပဲ။
နရသူဟာ သူ့အဖေကိုသတ်တယ်။ အစ်ကိုဖြစ်သူကို အဆိပ်ခပ်တယ်။ သာသနာပိုင်ကိုလည်း သူ့ နိုင်ငံ ရေးလိုဘအတွက် အသုံးချတယ်။ ကောက်ကျစ်စဉ်းလဲတဲ့မင်းကို ပြည်သူတွေက ရွံမုန်းကြတယ်။ နောက်ဆုံးမှာ နန်းတွင်းမှာပဲ တိုင်းတပါးက လာလုပ်ကြံတာခံရပြီး အမိုက်ဇာတ်သိမ်းခဲ့ရတယ်။ ဒီလိုမင်းဆိုးမင်းညစ်အတွက် ဘယ်ပြည်သူမှ ဝမ်းနည်းပူဆွေးတယ်လို့မှတ်တမ်းမရှိဘူး။ ပုဂံခေတ်ဗိသု ကာတွေကို ချီးကျူးကြတဲ့ နိုင်ငံခြားသား သမိုင်းဆရာတွေပင်လျှင် နရသူတည်ခဲ့တဲ့ ဓမ္မရံကြီးဘုရားကို ကျက်သရေကင်းမဲ့လှတယ်လို့ ဆိုကြတယ်။
လူ့သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုဆိုတာ လူအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်ပဲ။ တိရစ္ဆာန်တွေဟာ လူတွေလောက် ပူးပေါင်းဆောင်ရွက်တာကိုမလုပ်နိုင်ကြပါဘူး။ ဒါကြောင့် တိရစ္ဆာန်ရုံထဲက ကျားတွေ၊ ခြင်္သေ့တွေ၊ ဓာတ်ခွဲခန်းထဲက ဖားတွေ၊ ကြွက်တွေ ဖြစ်ကြရတာပါပဲ။ လူချင်းအတူတူ ပိုပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့လူတွေနဲ့ ထစ်ခနဲ့ရှိ ဒုတ်ဆွဲ ဓားဆွဲ လုပ်တတ်တဲ့ လူတွေကြားမှာလည်း ခြားနားပါတယ်။ ဒီလိုနဲ့ သွေးချင်းသားချင်း ညီရင်းအစ်ကိုတွေက်ိုသတ်၊ အလောင်းတွေကို လှေခါးလုပ်၊ သွေးရည်နဲ့ ဘိသိက်သွန်းခဲ့ရာဇဝင်ထဲက သီပေါနဲ့မိဖုရားဟာ နောက်ဆုံးမှာ ကြက် ကလေး ငှက်ကလေးလို ဖမ်းဆီးတာခံလိုက်ရပါတယ်။ ကိုယ့်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခဲ့တဲ့ရလဒ်ဟာ မိမိထက်ပိုစည်းလုံးတဲ့ တိုင်းတပါးသားရဲ့ ကျွန်ဘဝမှာ လမ်းဆုံးသွားရပါတယ်။
သေချာပါတယ်။ ကျနော်တို့ အတိတ်ကို ပြန်သွားလို့မရပါဘူး။ ဒါပေမယ့် အတိတ်ကသင်ခန်းစားတွေရှိပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က အတိတ်ဆန်တဲ့ အိမ်အိုတလုံးထဲမှာ ‘အနာဂတ်ကိုဖန်တီးဖို့အတွက် အတိတ်ကို သိထားရမယ်’ ဆိုတဲ့ စာသားကပ်ထားတယ်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတပ်တွေက မြို့ကိုသိမ်းပြီး ဂျူးတွေကိုနှိမ်နင်းခဲ့တဲ့အချိန်၊ ဆယ်ကျော်သက်အရွယ် အန်ဖရန့်နဲ့ သူတို့မိသားစုဟာ ဒီအိမ်ရဲ့အမှောင်ခန်းထဲမှာ ပုန်းအောင်းနေခဲ့ကြပါတယ်။ အတိတ်ကိုသင်ခန်းစာယူတဲ့ဂျာမနီနဲ့ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ်အလွန်မှာ ခေတ်မီတိုးတက်တဲ့နိုင်ငံတွေကို ပြန်တည်ဆောက်နိုင်ခဲ့ကြပါတယ်။
တခါက ကြွက်တွေနဲ့ စမ်းသပ်မှုတခုကို ဗီဒီယိုကလစ်တခုကြည့်ခဲ့ဖူးတယ်။ အဝိုင်းပုံဗန်းလေးတခုထဲမှာ အစာထည့်ထားပြီး ကြွက်တကောင်ရဲ့ အလေးချိန်ကို ဝန်မခံနိုင်အောင် တပ်ဆင်ထားတယ်။ အစာကိုဘေးဘောင်ပေါ်ကနေ စားရင်း အားမရဘဲ ဗန်းပေါ်တက်မိသွားတဲ့ ကြွက်ဟာ ပြန်တက်ဖို့ လမ်းမရှိတဲ့အောက်ဘက်က ထောင်ချောက်ထဲ ဗြုန်းဆိုကျသွားရပါတယ်။ ဒီစမ်းသပ်မှုမှာ ဒါဇင်နဲ့ ချီတဲ့ ကြွက်တွေအားလုံးဟာ တကောင်ပြီး တကောင် ထောင်ချောက်ထဲကျကုန်ပါတယ်။ သူတို့ဟာ ရှေ့က ကြွက်တွေဆီက သင်ခန်းစာမယူကြဘူး။
လူတွေအတွက် လင်ဗန်းထောင်ချောင်တွေကတော့ ကြွက်ထောင်ချောက်တွေထက်တော့ ပိုရှုပ်ထွေးနိုင်ပေမယ့်သဘောတရားကတော့ အတူတူပါပဲ။ ပုလွေသံနောက်လိုက်သွားကြတဲ့ကြွက်တွေ ပင် လယ်ထဲရောက်သွားတဲ့ပုံပြင်ဟာ လူတွေအတွက်လည်း မထူးပါဘူး။ ကွာခြားတာက လူတွေအတွက် ပုလွေသံကတော့ ပိုပြီး ဖမ်းဆုပ်ရခက်တဲ့၊ သို့မဟုတ်ပိုပြီး ယုတ္တိယုတ္တာအပေါ်မှာ တည်ဆောက်ထားတဲ့ အဓိပ္ပါယ်တွေ၊ ဇာတ်လမ်းတွေ၊ ပိုပြီး နားဝင်ပီယံရှိတဲ့ တေးသွားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီလိုနဲ့ပဲ ဟစ်တလာလို ခေါင်းဆောင်အတွက် အသက်ပေးဝံ့တဲ့ ဂျာမန်လူငယ်ထောင်ပေါင်းများစွာရှိခဲ့တာပါပဲ။ မျက်မှောက်သမိုင်းအထိ ဒီလိုအဖြစ်အပျက်တွေက ခေတ်မီနေသေးတယ်။ စစ်ပွဲတွေဆိုတာ ဘယ်နတ်ဘုရားမှ ဖန်ဆင်းထားတာမဟုတ်ပါဘူး။ လူတွေကိုယ်တိုင် ရှုပ်ရှုပ်ထွေးထွေးသဘောတရား တွေ၊ အယူဝါဒတွေ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖန်တီးထားတဲ့ထောင်ချောက်တွေပါပဲ။
ကြွက်တွေကိုထောင်ချောက်ထဲ ထည့်တမ်း ကစားနေတဲ့လူသားဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ထောင်ချောက်တွေကိုလည်း သတိမေ့လျော့မနေဖို့တော့ လိုပါတယ်။ ကြားနေရတဲ့ပုလွေသံတွေကို ခွဲခြားစိတ်ဖြာကြည့်ရပါမယ်။ သွေးသံတရဲရဲ အတိတ်ဟာ ဒဏ်ရာဟပြဲရှိပါသေးတယ်။
နေသွင်ညိဏ်း
-
oin Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar