Breaking News

သီပေါမြို့ နယ်ထဲက မူးယစ်ဆေးထုတ်လုပ်တဲ့စက်ရုံ စစ်ကောင်စီ ဖမ်းဆီး

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၄ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၆


သီပေါမြို့ နယ်ထဲက မူးယစ်ဆေးထုတ်လုပ်တဲ့စက်ရုံ စစ်ကောင်စီ ဖမ်းဆီး

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်တွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ရုံ၊ ဓာတ်ခွဲခန်း၊ မူးယစ်ဆေးဝါးနဲ့ ထုတ်လုပ်ဖို့ ကုန်ကြမ်းအများအပြားကို ဖမ်းဆီးရမိခဲ့တဲ့ အကြောင်း အာဏာသိမ်းစစ်တပ်က နိုင်ငံတကာ သံတမန်၊ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ ပြည်တွင်းက သတင်းမီဒီယာအချို့ကို သိမ်းဆီးရမိတဲ့နေရာကို ခေါ်ဆောင်သွားပြီး အပြန်မှာ ပြင်ဦးလွင်မြို့အနီးစခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ 

ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ SSPP/SSA လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေထဲက နေရာတချို့ကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းကနဦး ထွက်ပေါ်လာခဲ့ပါတယ်။ 

ပုံမှန်အားဖြင့်ဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းတပ်မတော် SSPP/SSA နဲ့ အာဏာသိမ်းစစ်တပ်တို့ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့မရှိဘဲ SSPP/SSA ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ရှိပြီးသား အပစ်ရပ်သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေခဲ့ချိန် SSPP/SSA အနေနဲ့ တိုက်ခိုက်မှုတွေထဲမှာ မပါဝင်အောင် တတ်နိုင်သရွေ့ ရှောင်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ၄င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လက်လွတ်ဆုံးရှုံးခြင်း မရှိအောင်သာ နည်းပရိယာယ်အမျိုးမျိုး အသုံးပြုကာကွယ် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ 

SSPP/SSA ဟာ စစ်တပ်ကို ကူညီတိုက်ခိုက်ပေးခဲ့တာ ရှိတယ်၊ စစ်တပ်ရဲ့ ထိုးစစ်တွေ၊ သို့မဟုတ် ဆုတ်ခွာရာလမ်းကြောင်းတွေ အတွက် ၄င်းတို့ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချို့က စွပ်စွဲပြောဆိုခဲ့တာ ရှိပြီး SSPP/SSA ဘက်ကတော့ အဆိုပါ ပြောဆိုချက်တွေ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့တာပါ။ 

ယေဘုယျအားဖြင့် ဆိုရရင် အာဏာသိမ်းစစ်တပ် အနေနဲ့လည်း SSPP/SSA နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိသည့်တိုင် လက်ရှိ အခြေအနေမှာ စစ်မျက်နှာများများ မဖွင့်ရတာ၊ ရန်သူမများတာ ပိုကောင်းတယ်ဆိုပြီး ရှုမြင်ထားပုံရတာကြောင့် ဒီနှစ်တွေအတွင်း SSPP/SSA တပ်တွေနဲ့ တိုက်ခိုက်တာတွေ မရှိခဲ့ပါဘူး။ SSPP/SSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ဒေသတချို့မှာ ကျားဖြန့်ဂိုဏ်းတွေ ခိုအောင်း လုပ်ကိုင်နေကြတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ကျားဖြန့်ဂိုဏ်းတချို့ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးတဲ့ အဖြစ်အပျက် တချို့တော့ ခုနှစ်ပိုင်းအတွင်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကြောင့် အခု မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စခန်းတွေ၊ ဓာတ်ခွဲခန်းနဲ့ ကုန်ကြမ်း၊ ထုတ်ကုန်တွေ ဒီဒေသမှာ ရှိနေတယ်ဆိုတာကို တရုတ်နိုင်ငံက သတင်းပေးချက်အရ စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ စစ်ကော်မရှင်ပြောခွင့်ရသူက သံတမန်တွေနဲ့ သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ဘယ်လို ထောက်လှမ်းရေးနည်းပညာတွေ သုံးပြီး အခုလို နယ်စပ်ဒေသမဟုတ်တဲ့ သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်ထဲက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စခန်းတွေကို သိရှိရသလဲ ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် ဂြိုဟ်တု ထောက်လှမ်းရေးလို၊ ကောင်းကင်က အမြဲမပြတ်စောင့်ကြည့် မှတ်တမ်းတင်ကာ အကဲဖြတ်နေတယ်လို့ ယူဆရပါတယ်။ ၄င်းတို့အနေနဲ့ ရှမ်းမြောက်ဒေသက နယ်မြေတွေရဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို စောင့်ကြည့်နေတာ ဖြစ်သလို လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်ကောင်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ 

အခု စီးနင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး ပမာဏဟာ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၁၆၀၀ ဘီလျံကျော် တန်ဖိုးရှိတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

SSPP/SSA တပ်ဖွဲ့ဘက်ကလည်း ဖမ်းဆီးရမိတဲ့ ရက်ပိုင်းအတွင်းမှာပဲ အခု ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ SSPP/SSA အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အကယ်၍ SSPP/SSA ဘက်မှ ပါဝင်ပတ်သက်သူ ရှိခဲ့ရင်လည်း စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ 

အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စခန်းတွေရှိတဲ့ သီပေါမြို့နယ်၊ မိုင်းရယ်မြို့နယ်တွေထဲက နေရာတွေဟာ ယခင်က စစ်ကောင်စီတပ်တွေ၊ မိုင်းဟပြည်သူ့စစ်နဲ့ SSPP/SSA တို့ လှုပ်ရှားခဲ့ကြတဲ့ ဒေသတွေ ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီတပ်တွေ လက်လွှတ်ခဲ့ရတဲ့ နေရာဒေသတွေ ဖြစ်တယ်လို့ ရွှေဖီမြေ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ဆယ်စုနှစ်များစွာ ကြာမြင့်လာတဲ့ ပြည်တွင်းစစ်ပွဲ ကာလတွေ အတွင်း စစ်တပ်အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိခဲ့ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ နဲ့ စစ်တပ်အကြား ကြားခံနယ်မြေတွေ အဖြစ် သို့မဟုတ် စစ်တပ်နဲ့ အတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်ပေးတဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မူးယစ်ဆေး ထုတ်လုပ်/သယ်ဆောင်ရောင်းဝယ်မှုတွေကို လျစ်လျူရှုပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်ရဲ့ နှစ် ၇၀ ကျော် ၈၀ ကြာ ပြည်တွင်းစစ်သမိုင်း တလျှောက်မှာ ပြည်သူ့ စစ်အဖွဲ့ပေါင်းများစွာ နာမည်အမျိုးမျိုးနဲ့ ပေါ်ထွက်ခဲ့ကြပါတယ်။ ဖဆပလ အစိုးရ၊ မဆလနဲ့ နဝတ/နအဖ စစ်အစိုးရတွေကို တိုက်ခိုက်ခဲ့ကြတဲ့ အမျိုးသား လွတ်မြောက်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ထွက်ခဲ့သလို နိုင်ငံရေး ရည်ရွယ်ချက် မပါဝင်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ကြတဲ့ စစ်ဘုရင်တွေလည်း အများအပြား ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ လော်စစ်ဟန်၊ ခွန်ဆာတို့က ထင်ရှားတဲ့ စစ်ဘုရင် မူးယစ်ရာဇာလို့ နိုင်ငံတကာအထိ သိရှိကြပေမယ့် သူတို့လောက် လူမသိတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ စစ်ဘုရင်ငယ်တွေ ပေါ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အဖွဲ့ရဲ့ ရပ်တည်ရေး၊ လက်နက်ခဲယမ်း ဝယ်ယူဖို့၊ ခေါင်းဆောင်တွေရဲ့ ငွေကြေးကြွယ်ဝမှုတွေ အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်/ ရောင်းဝယ်ကြတာက ပင်မလုပ်ငန်းတခု၊ ရှမ်းပြည်နယ် ပြည်တွင်းစစ်ရဲ့ သင်ရိုးတခု ဖြစ်ခဲ့ကြတာပါ။ 

အစိုးရ အနေအထားမှာ ရထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ စစ်အသုံးစရိတ်အတွက် နိုင်ငံရဲ့ သယံဇာတနဲ့ အခွန်အကောက်က ရရှိငွေတွေကို အသုံးပြုနိုင်ပေမယ့် အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်း ရောင်းဝယ်မှု သယ်ယူပို့ဆောင်မှု အကာအကွယ်ပေးမှုတွေမှာ ပတ်သက်ခြင်း မရှိကြတဲ့ အဖွဲ့ ခပ်ရှားရှား ဖြစ်ပါတယ်။ 

နိုင်ငံရေး အယူဝါဒအရ အားကောင်းပြီး ဗဟိုချုပ်ကိုင်မှု တင်းကြပ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီလို လက်နက်ကိုင် အဖွဲ့တောင် အဖွဲ့အနေနဲ့ မဟုတ်ပေမယ့် အောက်ခြေ တပ်မှူးတွေ အဆင့်မှာ မူးယစ်ဆေးဝါး လုပ်ငန်းတွေ အရောင်းအဝယ်တွေနဲ့ ကင်းရှင်းခြင်း မရှိကြတဲ့ သမိုင်းတွေ ရှိခဲ့ကြတာပါ။ 

ယခု လက်ရှိပြည်တွင်းစစ်ကာလမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းဝယ်၊ ကုန်သွယ်မှုတွေက လက်နက်ကိုင် တိုက်ပွဲတွေရပ်တည်ရေး၊ လည်ပတ်ရေးအတွက် လောင်စာဆီတခုသဖွယ်ဖြစ်နေသေးတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ကျယ်ပြန့်လာတာနဲ့ အမျှ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပမာဏ မြင့်တက်လာတာတွေလည်း အစီရင်ခံစာ ထုတ်ပြန်ချက်တွေအရ သိရှိကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာတာ နှစ်အနည်းငယ်ရှိနေတာ ဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြားထုတ်လုပ်ရာ နိုင်ငံတနိုင်ငံလည်း ဖြစ်နေတာပါ။ 

ပြည်တွင်းစစ်နဲ့ မူးယစ်ဆေး ထုတ်လုပ်မှု တင်ပို့မှုတွေက ဖြတ်တောက်ရခက်ခဲတဲ့ ကွင်းဆက် အကြောင်းတရားတွေ ဖြစ်ပါတယ်။ 

စစ်ပွဲရဲ့ စရိတ်စကကို အဆိုပါဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေဆီက ကောက်ခံရရှိတဲ့ အခွန်အကောက် (ဆက်ကြေး) နဲ့ လုံလောက်ခြင်း မရှိတာကြောင့် အချို့သောဒေသတွေမှာ ကျားဖြန့်ရာဇဝတ်မှုလုပ်ငန်းတွေကို လုံခြုံရေးပေးတာ၊ မြေနေရာပေးတဲ့ နည်းလမ်းတွေနဲ့လည်း ရပ်တည်ပြီး လက်နက်ကိုင်အဖွဲ့အချို့ နိုင်ငံရေး လမ်းကြောင်းပေါ်ကနေ အပြီးတိုင် သွေဖည်သွားခဲ့ကြတာ တွေ့ကြရပါတယ်။ 

အခု သီပေါမြို့နယ်နဲ မိုင်းရယ်မြို့နယ်က ဖမ်းဆီးမှုတွေဟာ အဆိုပါ ဖြစ်စဥ်တွေထဲက အစိတ်အပိုင်းတခုမျှသာ ဖြစ်တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar