သီအိုဇော် - လွတ်မြောက်ဖို့
သီအိုဇော် - လွတ်မြောက်ဖို့
မိုးမခ ၊ ဇန်နဝါရီ ၁၂ ၊ ၂၀၂၅
ဒီ ၁၀.၁.၂၀၂၆ ရက်နေ့မှာ မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု တလတင်းတင်း ပြည့်ခဲ့ပါပြီ။ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ မြောက်ဦး စစ်ရာဇဝတ်မှုအပေါ် ကုလသမဂ္ဂ တာဝန်ရှိသူများ အပါအဝင် နိုင်ငံတာကာ အစိုးရများ၊ အဖွဲအ စည်းများက လေသံတသံတည်းထွက်ပြီး ပြစ်တင်ရှုတ်ချကြတယ်။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဘက်ကလည်း ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တယ်၊ အာဆီယံပဋိညာဉ်ကိုလည်း လေးစားလိုက်နာမှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆိုးက ကြုံတွေ့ကြားသိခဲ့ရသူ လူသားဆန်တဲ့ နှလုံးသားပိုင်ရှင်တိုင်းကို တုန်လှုပ်မှုကြီးစွာနဲ့ ကြေကွဲစိတ်မကောင်း ဖြစ်စေခဲ့ပါတယ်။ ဒီလို လူမဆန်တဲ့ ရာဇဝတ်မှုမျိုးကို နွေဦးတလျှောက် နိုင်ငံအနှံ့မှာ တွေ့မြင်နေကြရတာက အရှိတရားပါ။
‘ဆေးရုံ ၊ ဆေးခန်း၊ လူနာတင်ယာဉ်၊ ကျန်းမာရေးဝန်ထမ်း’ တွေကို The 4th Geneva Convention နဲ့ အကာအကွယ်ပေးထားပါတယ်။ ဒါမှလည်း ထိခိုက်ဒဏ်ရာရသူ လူနာများကို လွတ်လပ်စွာ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီအခွင့်အရေးတွေ ဖောက်ဖျက်ခံနေရပါတယ်။ အကြမ်းဖက်ကျူးလွန်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ နေကြရတာက အားလုံး မျက်မြင်ပါပဲ။
နိုင်ငံတကာမှာရော ဆေးရုံ ဆေးခန်းတွေ တိုက်ခိုက်ခံရမှု မရှိခဲ့ဘူးလား ဆိုရင်တော့ ရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဗီယက်နမ်က Quynh Lap Hospital, Vietnam (၁၉၆၅)၊ ဘောစနီးယားနှင့် ဟာဇီဂိုးဗီးနား က Koševo Hospital (၁၉၉၂)၊ ပါလက်စတိုင်းက Al-Shifa Hospital (၂၀၁၄)၊ အာဖဂန်နစ္စတန်က Kunduz Hospital (၂၀၁၅) တို့ကို ဥပမာပြု ပြောလေ့ရှိကြပါတယ်။ နောက်ပိုင်း ဆီးရီးယားပြည်တွင်းစစ်မှာရော ဆေးရုံတွေ အတိုက်အခိုက်ခံကြရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့’ လိုမျိုးမှာ သွေးအေးအေးနဲ့ စီစဉ်တိုက်ခိုက်ခဲ့တာမျိုး အထက်ကလို ပြင်းထန်တဲ့ စစ်မက်ပဋိပက္ခထဲမှာတောင် မတွေ့ခဲ့ရဖူးပါဘူး။
ဒီလိုနေ့မျိုးမှာ ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုတွေ ဖြစ်လေ့ရှိသလို၊ အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ကြုံရပါတယ်။ ဒါပေမဲ့ တနေရာတည်းမှာ မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုလို သေဆုံးဒဏ်ရာရမှုတွေ ဘယ်နိုင်ငံမှာမှ မရှိခဲ့ပါဘူး။ အကြီးအကျယ် သွေးစွန်းတဲ့ လူ့အခွင့်အရေးနေ့ ဆေးရုံတိုက်ခိုက်မှုကြီးအဖြစ် မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုက မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒီလိုဖြစ်ရပ်တွေ ကြုံတွေ့တိုင်း ဝမ်းနည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ တချိန်တည်းမှာ ဒီကြေကွဲစရာ အဖြစ်အပျက်တွေကို မြန်ဆန်လှတဲ့ သတင်းစက်ဝိုင်းထဲ မနေ့တနေ့က သတင်းဟောင်းလို ဘယ်သူကမှ ကျန်ရစ်မနေစေခဲ့ချင်ပါဘူး။ မမေ့ပျောက်ကြဖို့ လိုအပ်ပါတယ်။ ဒီကနေ့ မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု တလပြည့်တဲ့နေ့မှာတော့ တော်လှန်အနုပညာရှင်များက တလပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သူတို့ ခံစားရသမျှကို သီချင်းတပုဒ်အဖြစ် ဝေမျှထုတ်လွှင့်လာခဲ့ပါတယ်။
တေးရေး Andy Soe, တေးဆို Christopher နဲ့ Deborah Tin တို့က ‘လွတ်မြောက်ဖို့’ ဆိုတဲ့ သီချင်းကို ဖန်တီးထားကြပါတယ်။ ‘မိုးမခမီဒီယာ’ဝန်းရံခဲ့တဲ့ Radio NUG အတွက် ‘နှလုံးသားကို ဖွင့်ကာကြည့်ပါ’ ဆိုတဲ့ သီချင်းနဲ့ သူတို့ သုံးဦးက အားဖြည့် ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ‘နှလုံးသားကို ဖွင့်ထားစေလိုသည့် ဂီတဖြင့် ချိန်ရွယ် ပစ်ခတ်ကြသူများ’ မိုးမခ အင်တာဗျူးဆောင်းပါးတပုဒ် နဲ့ သူတို့တတွေရဲ့ ဖြတ် သန်းမှု၊ ယုံကြည်ချက်၊ ခံယူချက်တွေကို ရေးသားခဲ့ဖူးပါတယ်။
အခု ‘လွတ်မြောက်ဖို့ ‘ ဆိုတဲ့ သီချင်းကျတော့ နားထောင်ပြီးတဲ့အချိန်မှာမှ ဒီဆောင်းပါး ရေးလိုစိတ်ပေါ်ခဲ့တာပါ။ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရတုန်းက အဝေးကနေ နှလုံးသား ဗုံးစထိမှန်ခဲ့ရသူများလိုပဲ ကိုယ်တိုင်လည်း ထိခိုက်ခံစားနေရဆဲဖြစ်တဲ့အတွက် ရေးသားဖို့ စိတ်ကူးခဲ့ပါတယ်။ အနုပညာရှင်တွေကို ကျနော် သိချင်တဲ့ မေးခွန်းတခုကိုတော့ မေးခဲ့ပါတယ်။ ဒီတလပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် သီချင်းကို ဖန်တီးကြသူတွေထဲမှာ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမ ရခိုင်သားချင်းတို့ရဲ့ သွေးများ ဘယ်သူတွေ ပါသလဲ ဆိုတာကိုပါ။
‘တေးရေး၊ တေးဆို၊ တီးခတ်သူ၊ ဗွီဒီယိုတည်းဖြတ်သူအားလုံး ရခိုင်သွေးမပါကြပါဘူး’ ဆိုတဲ့ အဖြေကို ရပါတယ်။ ခံစားကြေကွဲကြတဲ့ အနုပညာဖန်တီးရှင်များဟာ ရခိုင်မြေမှာဖြစ်တဲ့ ဖြစ်ရပ်အတွက် သူတို့လည်း သွေးချင်းရခိုင်လူမျိုးများလိုပဲ ထိခိုက်နာကျင် ကြတာပါ။ ပြည်ထောင်စုကြီးထဲ ဘယ်နေရာ ဘယ်တိုင်းရင်းသားလူမျိုးစုတွေမှာပဲဖြစ်ဖြစ် အားလုံးက ကိုယ့်သွေးချင်းတွေနဲ့ ထပ်တူထပ်မျှ ခံစားလေ့ရှိကြတယ်ဆိုတာကို ဒီတော်လှန်အနုပညာရှင်တွေက ထပ်ဆင့်သက်သေ ပြသလိုက်တာလို့လည်း မြင်မိပါတယ်။
ဒီသီချင်းကို နားထောင်ကြည့်ရှုပြီးတာနဲ့ သူတို့ဘယ်လောက် အားစိုက်ထုတ်ထားခဲ့ကြတာကို သတိပြမိပါလိမ့်မယ်။ နှလုံးသားနဲ့ ခံစားဖန်တီးထားတဲ့ သီချင်းကောင်းတပုဒ် ဖြစ်ပေါ်ဖို့ ဆိုတာက မလွယ်ကူပါဘူး။ အင်္ဂလိပ်စာတန်းထိုးထားတဲ့အတွက် နိုင်ငံတကာ အာရုံစိုက်မှုအတွက်လည်း အထောက်အကူ ရစေပါလိမ့်မယ်။
ဆန္ဒတခုရှိပါတယ်။ ကျနော်တို့ရဲ့ သွေးချင်း ရခိုင်ပြည်သူတွေ၊ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေလည်း ဒီသီချင်းလေးကို နားထောင်ခွင့် ရစေချင်ပါတယ်။ အခုအချိန်မှာ ‘ဘယ်တိုင်းရင်းသားကို ထိထိ၊ ငါတို့ကို ထိတာပဲ’ဆိုတဲ့ စိတ်ဓာတ်က တနေ့ထက်တနေ့ ပိုရင့်သန်လာနေပါပြီ။ သီချင်းတပုဒ်ဟာ တံတားတစင်းလည်း ဖြစ်သွားနိုင်တယ်လို့ ခံစားမိပါတယ်။ ဒါ့ကြောင့်လည်း အဲဒီခံစားမှုနဲ့ ဒီဆောင်းပါးကို ရေးမိပါတယ်။ အနုပညာရှင်တွေက အခုဆောင်းပါး ရေးမယ်ဆိုတာ အပေါ်က မေးခွန်း လှမ်းမေးလိုက်မှပဲ သိခဲ့တာပါ။
"The only thing necessary for the triumph of evil is for good men to do nothing" - ‘မကောင်းဆိုးဝါး အောင်ပွဲခံနိုင်ဖို့ တခုတည်းသော လိုအပ်မှုက လူကောင်း ဆိုတဲ့သူတွေ ဘာမှမလုပ်ပဲ မဆိုင်သလိုနေကြဖို့ပဲ’ဆိုတဲ့ ကြိုက်နှစ်သက်တဲ့ Edmund Burke ရဲ့ အဆိုအမိန့်နဲ့ပဲ အဆုံးသတ်လိုက်ချင်ပါတယ်။ တနိုင်ငံလုံး မလွတ်မြောက်သရွေ့ မြောက်ဦးလို ကြေကွဲစရာတွေက နိုင်ငံရဲ့ တနေရာမဟုတ် တနေရာမှာ ဆက်ကြုံနေရမှာပါ။ သီချင်းခေါင်းစဉ်အတိုင်း ‘လွတ်မြောက်ဖို့’ အတွက် ပိုပြီး အားလုံးပါဝင် စုစည်းကြရပါလိမ့်မယ်။
အောက်မှာ လင့်ခ်ချထားတဲ့ တော်လှန်ထောက်ပို့ ရောင်နီ YouTube Channel မှာ သွားရောက် နားဆင်ခံစားနိုင်ပါတယ်။
👉https://youtu.be/ueutuOOschM?si=XTJgX-h1j-a71RhT
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar