နေ့စဉ် ရင်ဆိုင်နေရတဲ့ ရုန်းကန်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၆ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆
နေ့စဉ် ရင်ဆိုင်နေရတဲ့ ရုန်းကန်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်
နေ့စဉ်သတင်းတွေမှာ တိုက်ပွဲသတင်းတွေ၊ စစ်ဘေးရှောင်တွေကို ကူညီကျွေးမွေးကြတာတွေ၊ မြန်မာစစ်တပ်က ဗုံးကြဲလို့ စစ်ကြောင်းထိုးလို့ မြို့ရွာတွေ သေကျေပျက်စီးကြရတဲ့ သတင်းတွေများပါတယ်။ စစ်သင်တန်းဆင်းကြတာ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ကင်ပိန်းတွေခေါ်ပြီး ရန်ပုံငွေရှာကြတာ၊ စစ်ဆင်ရေးတွေအကြောင်း တင်ဆက်ကြတာတွေလည်း သတင်းအဖြစ် ဖတ်ကြရပါတယ်။ ရွေးကောက်ပွဲသတင်းနဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့တွေက တွန်းလှန်ကြတာ ကန့်ကွက်တာ တိုက်ခိုက်တာတွေအကြောင်း သတင်းတွေ တွေ့မြင်ရပါတယ်။ ပြည်သူတွေအများဆုံး စိုးရိမ်ကြတဲ့ကိစ္စကတော့ ရွေးကောက်ပွဲ အရှိန်သေသွားရင် စစ်တပ်က အဓမ္မစစ်မှုထမ်းခေါ်တာတွေ တိုးမြှင့်ပြီး ပြန်လုပ်လာကြမလား ဆိုတာ ဖြစ်ပါတယ်။ မြို့နေပြည်သူတွေက မီးပျက် မပျက်၊ အင်တာနက် ကောင်း မကောင်းက အဓိကဖြစ်ပြီး၊ ကျေးလက်နယ်ဒေသက ပြည်သူတွေအတွက်တော့ စစ်ကြောင်းထိုးတာကို ကြိုတင်တိမ်းရှောင်နိုင်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေကို နားစွင့်ထားနိုင်ကြဖို့ ဖြစ်ပါတယ်။ တောတောင်ထဲ စစ်ဘေးရှောင်တွေအတွက်ကတော့ သည်နေ့အတွက် အသက်ရှင်သန်ရေးဖြစ်ပြီး နက်ဖြန်ကတော့ မီးစင်ကြည့်ကကြဖို့ ဖြစ်ပါတယ်။ သိပ်လည်း များများစားစား မမျှော်လင့်ထားကြဘူးလို့သာ ဖြေကြပါတယ်။
သတင်းထောက်မိတ်ဆွေတွေ ပြောတာကတော့ မြန်မာပြည်သူတွေဟာ အခြားတဖက်က ပြည်သူတွေ၏ အဖြစ်အပျက်တွေကို ပရိသတ်အဖြစ် ရှုစားနေကြပြီး တချိန်တည်းမှာပဲ သူတို့ကိုယ်တိုင်ကလည်း သူများတွေ၏ အရှုစားခံ ဇာတ်ကောင်တွေလည်း ပြန်ဖြစ်နေပါတယ်တဲ့။ မြို့ပြက လူတွေက တောနယ်က ပြည်သူတွေသတင်းကို စားသုံးကြပြီး တောနယ်ကလည်း မြို့ပြပြည်သူတွေသတင်းကို နားပြန်စွင့်နေကြတဲ့သဘော ဖြစ်ပါတယ်။ အမေရိကန်ပြည်အကြောင်းကို ပြည်ပရောက် မြန်မာတွေက ပိုစိတ်ဝင်စားပေမယ့် ပြည်တွင်းက ကိုယ့်အရေးကိစ္စကို အာရုံစိုက်နေကြရသူတွေမှာတော့ အမေရိကန်ပြည်အရေးက သူတို့အတွက် ဘာမှအရေးမပါသလို ဖြစ်နေပါတယ်။ ပရိသတ် ခံစားချက်သက်သက်အဖြစ်နဲ့သာ ဖတ်ရှုနေကြပြီး မိမိတို့နဲ့ သက်ဆိုင်သလိုမျိုး သဘောမထားကြဘူးလို့ သုံးသပ်တာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ စစ်ကော်မရှင် အတင်းအဓမ္မပြုလုပ်တဲ့ ရွေးကောက်ပွဲကို သာမန်ပြည်သူတွေက ဘယ်လိုမှ ခံစားချက် မရှိကြတာရယ်၊ ဥပက္ခာပြုထားတဲ့ သဘောထားရယ်ကို အများစုက ထုတ်ဖော်ကြတာကို သတင်းတွေမှာ မြင်တွေ့ကြရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို တန်ပြန်ပြီး တဖက်သတ် ဝင်ပြိုင်နေကြတဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေ၏ အပြောအဆိုတွေမှာလည်း အဓိကအချက်က လက်ရှိမြေပေါ်နိုင်ငံရေးအလုပ်ဆိုတာ ရွေးကောက်ပွဲတခုခု ပေါ်လာရင် ဝင်ပါကြဖို့လောက်နဲ့ သူတို့အတွက် အခြားစဉ်းစားစရာ လုပ်စရာ မရှိသလိုမျိုး ပြောကြတာကို တွေ့ရပါတယ်။ ပရိသတ်အနေနဲ့ ပွဲဲကြည့်စင်ပေါ်မှာ စစ်တပ်က တဗိုလ်တည်း ကျဲနေရာကနေ နောက်ထပ် လွှတ်တော်တို့ အစိုးရတို့ဆိုတဲ့ ပြည်ခိုင်ဖြိုးဇာတ်ကောင်တွေ တက်လာကြရင် ဘယ်လိုများ ဆက်က ကြမလဲ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ ပေါ်လာမလဲလို့ စောင့်ကြည့်မယ့် သဘောထားရှိတယ်လို့သာ ထုတ်ပြောကြပါတယ်။
နယ်သတင်းတွေနဲ့ အင်တာနက်ဖေ့စ်ဘွတ်သတင်းတွေတင်သလောက်မှာ တော်လှန်ရေးအဖွဲ့တွေကြားက စုစည်းမှုတွေ လက်တွဲလုပ်ဆောင်မှုတွေအကြောင်း သိပ်မကြားရဖူးလို့ မှတ်ချက်ပေးကြပေမယ့် အဲသည်အတွက် ထူးပြီး ဘာမှ သိပ်မမျှော်လင့်ထားဘူးလို့ ဆိုကြသူက တဝက်လောက် ရှိတယ်လို့ နယ်ခံသတင်းထောက်တွေက သုံးသပ်ပါတယ်။ နယ်ခံတွေအနေနဲ့ လက်ရှိဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်ဆံရေးအဆင်ပြေနေဖို့က အရေးကြီးတယ်လို့ ဖြေကြပါတယ်။ သူတို့အချင်းချင်းတွေ ပွတ်တိုက်မှု ရှိလာရင်လည်း သည်လူတွေက ကိုယ့်နယ် သူ့နယ်သားတွေအချင်းချင်း သိနေကြပြီးသားမို့ ကြားထဲဝင်ပါတာ၊ ဘက်လိုက်တာတွေကို နယ်ခံတွေက သိပ်မလုပ်ကြတော့ဘူးလို့ ဆိုပါတယ်။ အခွန်အခ ဝါးတားဂိတ်တွေနဲ့ ကောက်ခံကြတာကို နေ့စဉ် ဖြတ်သန်းကြတဲ့ ကုန်သည်တွေ လက်လုပ်လက်စားတွေအမြင်ကတော့ - အရေးကြီးတာက လုယက် ရမ်းကား ဓားပြတိုက် လူကိုပါ စော်ကားတာတွေ မလုပ်ကြရင် ပြီးတာပဲလို့ ဖြေကြတာများပါတယ်။ မြန်မာစစ်တပ်က စစ်ကြောင်းတွေကိုတော့ ဒေသခံပြည်သူတိုင်းက မရင်ဆိုင်လိုကြပါဘူး။ တိုက်ပွဲဖြစ်ရင် ပြည်သူကို ရန်သူလို သဘောထားတာက မြန်မာစစ်တပ်က စစ်ကြောင်းတွေ လက်နက်ကိုင်တွေ ဖြစ်တာမို့ ခုချိန်မှာ မြန်မာစစ်တပ်ကို မြန်မာပြည်သူတွေက မယုံကြည်ကြတော့ပါဘူး။ သူတို့အပေါ် မျှော်လင့်ချက်လည်း မထားတော့ဘူးလို့ ဆိုကြပါတယ်။ ခုချိန်ထိ မြန်မာပြည်သူတွေက တော်လှန်ရေးအဖွဲ့အစည်းအတွေ လူပုဂ္ဂိုလ်တွေကို ယုံကြည်မှုနဲ့ မျှော်လင့်ချက် မစွန့်လွှတ်သေးတာတော့ အမှန်ဖြစ်ပါတယ်။
မြန်မာပြည်၏ အကျပ်အတည်းနဲ့ ကြမ်းတမ်းရက်စက်မှုတွေ မှောင်မည်းကာလတိုင်းမှာ မြန်မာပြည်သူတွေ တမ်းတကြတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ဖြစ်နေဆဲပါပဲ။ နွေဦးတော်လှန်ရေးကာလ အစောပိုင်းမှာ CDM တွေ Gen-Z တွေ PDF တွေဟာ အလွန်ကြီးကျယ်ခမ်းနားတဲ့ အခြေခံအုတ်မြစ်တွေအဖြစ် ချမှတ်နိုင်ခဲ့ကြပါတယ်။ သူတို့၏ ပခုံးတွေ ကျောတွေပေါ်ကနေ သပိတ်ခေါင်းဆောင်တွေ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှား ထင်ရှားသူတွေ၊ NLD ပါတီခေါင်းဆောင်တွေ အမတ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ၊ တော်လှန်ရေးဦးဆောင်သူနေရာက မဆင်းတဲ့ ၈၈ မျိုးဆက်လို အရင်တော်လှန်ရေးအဆက်ဆက်က မျိုးဆက်ဟောင်းတွေက တက်ပြီး CRPH, NUCC, NUG ကအစပြုပြီး အမျိုးမျိုးသော အမည်နာမတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ အစိုးရတွေ တော်လှန်ရေးအဖွဲ့အစည်းတွေ ထူထောင်ဖြတ်သန်းလာကြတာ နွေဦးတော်လှန်းရေးဟာ ၅ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ သည်လိုအချိန်ကာလမှာ အကြောင်းတိုက်ဆိုင်လာတိုင်း ပြည်သူလူထုကတော့ သူတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တမ်းတကြပါတယ်။ တိုင်တည်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ရွေးကောက်ပွဲမို့ ဘာကိုမှ စိတ်မဝင်စားပါဘူး။ သို့သော်လည်း ဘာတတ်နိုင်မှာလဲလို့ ဖြေကြပါတယ်။ ကိုဗစ်ကာလတုန်းက အမေစုကိုယ်တိုင် ပြည်သူတွေနဲ့အတူ ကပ်ဆိုးကြီးထဲက ရုန်းကန်တွန်းလှန်ခဲ့ကြတာတွေ မမေ့နိုင်သေးဘူးလို့ မန်းငလျင်ကြီးသင့် ပြည်သူတွေက ပြောတဲ့စကား။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒကို မပစ်ပယ်ခဲ့ဘူး။ စစ်အာဏာရှင်တွေကို အညံ့မခံခဲ့ဘူးလို့ မြန်မာပြည်သူအများစုက ယုံကြည်သဘောထားခဲ့ကြဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိတော့တဲ့ နိုင်ငံရေးခေတ်ကို အချို့တွေက ရည်မှန်းပြောဆိုတွေးဆကြပေမယ့် မြန်မာပြည်သူအများအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တန်ဖိုးထား မျှော်လင့်ဆဲဖြစ်တဲ့ ခံစားချက်တွေက တည်မြဲနေဆဲ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar