Breaking News

မောင်လူမွှေး - တော်လှန်ရေးထဲက ခွေးပုံပြင်

မောင်လူမွှေး - တော်လှန်ရေးထဲက ခွေးပုံပြင်

မိုးမခ ၊ ဇန်နဝါရီ ၁၇ ၊ ၂၀၂၆


တော်လှန်ရေးကာလမှာ မောင်လူမွှေး ကြုံတွေ့ခဲ့ရတဲ့ ခွေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြချင်တာပါ။ တော်လှန်ရေးထဲက ခွေးပုံပြင်လို့ ခေါင်းစဥ်ပေးထားပေမယ့် အကြောင်း အရာတွေကတော့ အဖြစ်မှန်တွေပါ။ ပြီးတော့ ခွေးတွေကလည်း ခြေလေးချောင်းပါတဲ့ ခွေးအစစ်တွေဖြစ်ကြောင်းလည်း မှားမှာစိုးလို့ သေချာအောင် ပြောလိုပါတယ်။

မောင်လူမွှေး ပထမဆုံး ပြောပြချင်တာက စစ်ရှောင်စခန်းက ခွေးတစ်ကောင်ပါ။ အဲဒီခွေးဟာ သူ့သခင်တွေနဲ့အတူ ပျူစောထီးကျေးရွာကနေ အတူထွက်ပြေးလာတဲ့ ခွေး ဖြစ်ပါတယ်။  သူ့သခင်တွေနဲ့အတူ မိုင်းတောထဲကို အတူဖြတ်ပြီး တော်လှန်နယ်မြေကိုရောက်လာတဲ့ခွေးပါ။ သူ့သခင်တွေနဲ့အတူ တောတောင်ထဲက စစ်ရှောင်စခန်းမှာ အတူနေတယ်။ အဲဒီစစ်ရှောင်စခန်းမှာ တစ်နှစ်လောက်နေပြီး စစ်ရှောင်စခန်းအလိုက် နေရာပြောင်းကြတော့ သူ့သခင်တွေက သူတို့နဲ့ သေဖော်ရှင်ဘက် အဲဒီခွေးကို ကားပေါ် မရ၊ ရအောင်တင်ပြီး နောက်စစ်ရှောင်စခန်းအသစ်ကို ခေါ်ခဲ့ကြတာပါ။

မောင်လူမွှေး အဲဒီခွေးကို တွေ့တဲ့အချိန်မှာ အဲဒီခွေးဟာ မတ်တတ်မရပ်နိုင်တော့ပါဘူး။ တရွတ်ဆွဲသွားလာရတဲ့ အခြေအနေဖြစ်နေပါပြီ။ အသက်အရွယ် ကြီးရင့်လာတာ၊ အာဟာရ မလုံလောက်တာတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။ လူကိုတောင် ဆေးကုသစရာမရှိတဲ့ စစ်ရှောင်စခန်းမှာ တိရိစ္ဆာန်တစ်ကောင်ကို ဆေးကုဖို့ဆိုတာ စိတ်မကူးအပ်တဲ့အရာ ဖြစ်နေပါတယ်။

အဲဒီခွေးဟာ သူ သေမယ့်နေ့မယ့်မှာတော့   သူ့ကိုထားတဲ့ တောင်ကုန်းလေးရဲ့အောက်နား သစ်ပင်ရိပ်ကနေ သူ့သခင်တဲခြေရင်းကို တရွတ်တိုက်ကြိုးစားလာပါတယ်။ သူလာတဲ့ လမ်းတစ်ဝက်လောက်ရောက်မှ သူ့သခင်က သူ့သဘောကိုသိပြီး သူ့ကိုမပြီး တဲခြေရင်းထိ သယ်ဆောင်ပေးခဲ့ပါတယ်။ ညကြတော့ သူ့သခင်ရဲ့ တဲခြေရင်းမှာပဲ အသက်ထွက်သွားခဲ့ပါတယ်။ သူ့သခင်ဟာ သူ့တဲခြေရင်းမှာပဲ သူ့ကို ကောင်းမွန်စွာ  မြုပ်နှံပေးခဲ့ပါတယ်။ သူဟာ တိုက်ချီဒို လို နာမည်ကျော်တဲ့ ခွေးမဟုတ်ပေမယ့် ပျူစောထီးရွာကနေ ထွက်ပြေးလာပြီး တော်လှန်နယ်မြေမှာ အသက်ဆုံးပါးခဲ့ရတဲ့ သစ္စာရှိခွေးတစ်ကောင် ဖြစ်ပါတယ်။

မစ်(စ)မွှေးက ခွေးချစ်တဲ့သူတစ်ယောက် ဖြစ်တဲ့အတွက် မောင်လူမွှေးဟာလည်း ခွေးတွေနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ရတယ်။ နောက်တော့ မစ်(စ)မွှေးကို မမီပေမယ့် ခွေးချစ်သူစာရင်းထဲမှာတော့ မောင်လူမွှေးကို သာမန်ခွေးချစ်သူအဆင့် သတ်မှတ်လို့ ရမယ် ထင်ပါတယ်။ တော်လှန်နယ်မြေကို ရောက်ပြီးချိန်မှာလည်း မောင်လူမွှေးတို့လက်မှာ ခွေးကလေးတစ်ကောင် သေဆုံးခဲ့ရပါတယ်။ သူ့နာမည်က မဲကျော် ဖြစ်ပြီး လေး ငါးလသားအရွယ်မှာပဲ သေရှာတာပါ။ မနက်အစောကြီး မောင်လူမွှေးတို့ဘေးနားမှာအိပ်နေတဲ့ မဲကျော် အသက်ငင်ပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတော့ မစ်(စ) မွှေးက ငိုပြီး ခွေးကို ကောက်ချီပါတယ်။ ပြီးတော့ ငိုတာကို ချက်ချင်းရပ်၊ မဲကျော် ပွတ်သပ်ပြီး " ကလေးကို ချစ်တယ်နော်" လို့ ပြောပါတယ်။ မဲကျော် အသက်ထွက်သွားပါတယ်။ အဖြစ်အပျက်ကို အနီးကပ်ကြည့်နေမိတဲ့ မောင်လူမွှေးဟာ မစ်(စ)မွှေးရဲ့ နှလုံးသားကို ပိုနားလည်ခဲ့ရပါတယ်။  ခွေးလေးတစ်ကောင်နဲ့ပတ်သက်ပြီး "ဒီလိုမိန်းမမျိုးကို ချစ်မြတ်နိုးရတာ ထိုက်တန်လိုက်တာ" လို့ ကိုယ့်မိန်းမအပေါ်မှာ မောင်လူမွှေး စိတ်ထဲ ဖြစ်ပေါ်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်လူမွှေး ရွာတစ်ရွာကို ရောက်တယ်။ တော်လှန်ရေးအကြောင်း၊ ပညာရေးအကြောင်း တွေပြောဆိုနေရင်း ကျေးရွာတွေမှာ ထည့်ဝင်ရတဲ့ ခွဲတမ်းကြေးအကြောင်းကို ရောက်သွားပါတယ်။ 

"တော်လှန်ရေးအတွက် ခွဲတမ်းထည့်ကြရတာကလည်း တချို့တွေအတွက် တကယ်မလွယ်ဘူးဗျ။ ရွာကတစ်ယောက်ဆို သူ့ခွေးကိုတောင် ရောင်းပြီး ထည့်ရတာ" လို့ ရွာခံတစ်ယောက်က ပြောပါတယ်။ မောင်လူမွှေးလည်း ဘာပြောရမှန်းမသိအောင် ရုတ်တရက် ဆွံ့အသွားခဲ့ရပါတယ်။

အမေစုရဲ့ ခွေး တိုက်ချီဒိုကတော့ အာဏာသိမ်းစစ်တပ်က အမေစုကို မတရားအကျဥ်းထောင်ချတဲ့အတွက် အမေစုကို လွမ်းနာကျပြီး သေဆုံးခဲ့တယ်။ သူ သေဆုံးတဲ့ သတင်းဟာလည်း နိုင်ငံတကာသတင်းဌာနတွေထိပါ ရောက်ခဲ့ပါတယ်။ 

ပျူစောထီးရွာကနေ သခင်တွေနဲ့အတူ ထွက်ပြေးခဲ့၊ အခက်အခဲပေါင်းစုံကို အတူရင်ဆိုင်ခဲ့တဲ့ ခွေးတစ်ကောင်ဟာ စစ်ရှောင်စခန်းမှာ သေဆုံးခဲ့တယ်။ မောင်လူမွှေးတို့ရဲ့ ခွေးကလေး မဲကျော် ကတော့  ပြုစုယုယမှုကောင်းပေမယ့် အသက်တိုရှာတယ်။ ဒီခွေး နှစ်ကောင်လုံးဟာ မိသားစု လိုနေတဲ့ သူ့သခင်တွေရဲ့ လက်မှာ အသက်ထွက်သွားခဲ့ကြရတာပါ။

နောက်ဆုံးခွေးတစ်ကောင်ကတော့ သူ့သခင်က တော်လှန်ရေးရန်ပုံငွေထည့်ဖို့ ရောင်းခံလိုက်ရတယ်။ အခု စာရေးနေတဲ့အချိန်မှာ အရောင်းခံလိုက်ရတဲ့ခွေးဟာ အသက်မရှင်လောက်တော့ပါဘူး။ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ ခွေးတစ်ကောင်လို့ ခွေးကိုပဲ ချီးမွမ်းရမလား။ တော်လှန်ရေးအတွက် မိမိရဲ့ခွေးကိုတောင် ရောင်းထည့်တဲ့ သခင်ကိုပဲ ချီးမွမ်းရမလား။ စာနာရမလား။ အပြစ်ဆိုရမလား။ သနားရမလား။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုပဲ အပြစ်ပုံချရမလား။ မောင်လူမွှေးတစ်ယောက် ခေါင်းတွေ ရှုပ်ထွေးနေပါတော့တယ်။

မောင်လူမွှေး ကြုံတွေ့ခဲ့ရတဲ့ ခွေးပုံပြင်တွေထဲက ခွေးတွေဟာ အသက်မရှိကြတော့ပါဘူး။ အဲ့ဒီခွေးတွေထဲက  မောင်လူမွှေး မတွေ့ဖူး၊ မမြင်ဖူးလိုက်ရတဲ့၊ တော်လှန်ရေးရန်ပုံငွေ ထည့်ဖို့ ရောင်းခံလိုက်ရတဲ့ ခွေးကို သနားဂရုဏာပိုဖြစ်ရကြောင်းပါခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar