Breaking News

လေးလေး - သေဒဏ်ကျ ကဗျာများ

သေဒဏ်ကျ ကဗျာများ
လေးလေး
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆
 
လက်ဖျံရိုးတချောင်းထဲပါတဲ့ ကဗျာများ”တဲ့။
 
ဒီကဗျာရေးတဲ့ လူငယ်လေးနှစ်ယောက်က နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါရင်း စစ်အုပ်စုရဲ့ အဖမ်းခံရပြီး သေဒဏ်ပေးခံထားရသူတွေ၊လူတွေကသာ ဘယ်အချိန်သေမယ်မှန်းမသိတဲ့ သံတိုင်တွေနောက်ရောက်နေပေမယ့် သူတို့ရဲ့စိတ်တွေက နဂိုစိတ်ခံ ကဗျာတောမှာ၊လူကိုသာ ဖမ်းပြီး ထောင်ထဲထည့်နိုင်မယ်၊သူတို့ရဲ့စိတ်တွေ၊ ကဗျာ စိတ်ကူးတွေကတော့ ဖမ်းထား၊လှောင်ထားလို့မရတဲ့ အာဂလူငယ်နှစ်ဦး။
 
၂၀၁၀မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်တော့ အကျယ်ချုပ်ကာလရှည် ကို ဘယ်လိုဖြတ်သန်းခဲ့သလဲလို့ သတင်းထောက်တယောက်က မေးတယ်။အန်တီက သူ့စိတ်က လွတ်လပ်နေ တော့ ဘယ်လိုမှ မနေပါဘူးလို့ ဖြေခဲ့ဖူးတာ ပြေးအမှတ်ရမိပါတယ်။၂၀၂၁ စစ်တပ်ကအာဏာမသိမ်းခင်အချိန် အထိ အခုကဗျာရေးတဲ့ လူငယ်လေးတဦးဟာ သူတတ်ကျွမ်းတဲ့ အဂ်လိပ်စာသင်ဆရာဘဝနဲ့ ပရဟိတလုပ်ပြီး ဘဝကို သာသာယာယာဖြတ်သန်းခဲ့သူ။
 
နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားရင်း စစ်အုပ်စုရဲ့ဖမ်းဆီတးခံရပြီး သေဒဏ်အပေးခံထားလိုက်ရတော့ ထောင်ထဲမှာပဲ ဘဝတူတွေကို စာသင်မပျက်၊နဂို ကဗျာရေးမပျက် အဲကိုခဲ ဆက်ချီတက်နေ၊ပြီးတော့ ဘယ်အ ချိန်သေမယ် မသိနိုင်တဲ့ အကျဥ◌်းခံဘဝမှာ ရေးထားတဲ့ ကဗျာလေးတွေကိုလည်း စာအုပ်လေး ဖြစ်လိုတဲ့ ဆန္ဒလည်း ရှိနေပြန်သူ။ဒီစိတ် ဒီဆန္ဒတွေကို လေးစားသူ နိုင်ကျဥ◌်းဟောင်းတယောက်က ဟောဒီ “လက်ဖျံရိုးတ ချောင်းထဲပါတဲ့ ကဗျာများ”စာအုပ်ကို မဖြစ်မနေ ထုတ်ဝေဖို့ကြိုးပမ်း။
 
ဒီကမှ တဆင့်တက်လို့ ကဗျာစာအုပ်ရောင်းရငွေတွေကို သေဒဏ်ကျလူငယ်တွေအတွက် ထောင်ဝင်စာလေးတွေ ဖြည့်ဆည်းပေးဖို့ စိတ်ကူးခဲ့။
 
“အချိန်
အိမ်မက်အဖြစ် လွှတ်တင်လိုက်တဲ့
စက္ကူစွန်ရဲ့အချိန်…
နွေးနွေးထွေထွေး နာကျင်နေတဲ့
လူတယောက်ရဲ့အချိန်
စိတ်လွတ်ကိုယ်လွတ် တော်လှန်ရေးကို
ယုံကြည်နေမိသူရဲ့အချိန်
ပွင့်အန်ထွက်ကျလာတဲ့
မောင်းပြန်သေနတ်တွေထဲက ကျည်ခွံ့တွေရဲ့အချိန်
လွတ်လပ်ခြင်းကို ခံစားမိတဲ့အချိန်
နာရီလက်တံပေါ်က အမှတ်တရနဲ့
သွေးကွက်တွေကို သတိရမိတဲ့အချိန်
ထောင်ဘူးဝကနေထွက်လာတဲ့
ပြုံးနေတဲ့ မျက်လုံးတစုံရဲ့အချိန်။
 
ကဗျာစာအုပ်မှာ အမှာစာရေးတဲ့လဲဝါစိုင်အောင် ကဗျာတစလို ထောင်ထဲက ကဗျာရှင်တွေစိတ်ကို မြင်ယောင် ကြည့်မိ။ထောင်နံရံတွေကြား သေဒဏ်ကျခံကဗျာရှင်နှစ်ဦးဖြစ်တဲ့ ပေါ်လီကြုနဲ့ စိုင်းသူတို့ရဲ့ ကဗျာတွေက စကား လုံးတွေလား၊မီးတောက်တွေလား ဆန်းစစ်ကြည့်ချင်စရာ။
 
ဘောနပ်စ်
 
ငါက ဘာမှ မဖြစ်ချင်ခဲ့ဘူးဆိုတာ
ကိုယ်စောင့်နတ်ကြေး လောင်းရဲပါတယ်
ရရင် ရနိုင်သလောက် ဒဏ်ရာခပ်များများနဲ့
မိတ်ဆွေတော်တော်များများ ထိုးသွင်းခဲ့တဲ့
ဓားရာ ခပ်နက်နက်များလည်း ရှိပါတယ်။
“ကျွန်’နဲ့”အရင်းရှင်”ကို မခွဲခြားတတ်ဘူး
“နောင်တ”နဲ့”သင်ခန်းစာ”ကို မခွဲခြားတတ်ဘူး
ဆရာမောင်ချောနွယ်ကို ကိုးကွယ်ပြီး
ဆင်းရဲမွဲတေမှုကို ပုံတူကူးချခဲ့သူပါ။
ငါ ဘာမှမဖြစ်ချင်ခဲ့တာဟာ***
ဘာမှ မဖြစ်နိုင်လို့ပါ။
စိုင်းသူ
 
ကဗျာရှင် ပေါ်လီကြုနဲ့စိုင်းသူတို့ရဲ့ ကဗျာ ၂၃ပုဒ်ပါဝင်တဲ့”လက်ဖျံရိုးတချောင်းထဲပါတဲ့ ကဗျာများ”စာအုပ်ကို ၂၀၂၆ခု၊ဖေဖော်ဝါရီလမှာ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချီထားပြီး စာအုပ်တန်ဖိုးက ကျပ် ၂,၀၀၀၀။ဘတ် ၁၅၀။
ဒီလင့်မှာ မှာယူနိုင်ပြီး https://www.facebook.com/threeflowers.3flowers လတ်တလော သေဒဏ်ကျခံ နိုင်ငံရေးအကျဥ◌်းသားတွေကို ကူညီနိုင်ကြပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar